အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အိန္ဒိယဆိပ်ကမ်းကုမ္ပဏီ Adani အလုံကုန်တင်ဆိပ်ကမ်းစီမံကိန်းမှ ထွက်ခွာမည်  

အိန္ဒိယနိုင်ငံမှ ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကုမ္ပဏီကြီးဖြစ်သော Adani က စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ထံမှ နှစ်ရှည်မြေငှားလုပ်ကိုင်သည့် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ကုန်တင်ဆိပ်ကမ်းစီမံကိန်းမှ အပြီးထွက်ခွာတော့မည်ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို အမေရိကန်နှင့် ဗြိတိန်တို့က ပစ်မှတ်ထား ဒဏ်ခတ်အရေးယူခဲ့သဖြင့် ကုန်တင်ဆိပ်ကမ်းမှ ထွက်ခွာရန် Adani ကုမ္ပဏီက ဆုံးဖြတ်ခဲ့သည်ဟု Reuters သတင်းဌာနက ယမန်နေ့ (အောက်တိုဘာ ၂၇) တွင် ရေးသားထားသည်။

“ကုမ္ပဏီ၏ စွန်းစားလုပ်ကိုင်မှုစီမံခန့်ခွဲရေးကော်မတီက အခြေအနေတွေကို လေ့လာသုံးသပ်ပြီးနောက် လုပ်ငန်းပြန်လည်ရောင်းချရန် အခွင့်အလမ်းရှာဖွေခြင်းအပါအဝင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတာကို ပြန်လည်ထွက်ခွာဖို့ အစီအစဉ်ကို ဆုံးဖြတ်ချက်ချခဲ့ပါတယ်” ဟု Adani ကုမ္ပဏီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Reuters က ရေးသားသည်။ 

၂၀၂၂ ခုနှစ် မတ် သို့မဟုတ် ဇွန်လတွင် မြန်မာနိုင်ငံမှ ထွက်ခွာမည့်အစီအစဉ်များ ပြီးမြောက်လိမ့်ဟုလည်း Adani ကုမ္ပဏီက မျှော်မှန်းထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Adani ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုပြီး ပြန်လည်ထွက်ခွာရာတွင် အလုပ်သမားများကို ထိခိုက်မှုလျော့ပါးရေးနှင့် မြေငှားရမ်းခကြိုတင်ပေးချေမှု အမေရိကန်ဒေါ်လာသန်း ၉၀ ကို စစ်တပ်အတွက် ချန်ထားသလို မဖြစ်စေရန် တတ်နိုင်သမျှနည်းလမ်းရှာရမည်ဖြစ်ကြောင်း စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ယနေ့ ထုတ်ပြန်သည်။ 

အဆိုပါကုန်တင်ဆိပ်ကမ်းစီမံကိန်းတွင် အိန္ဒိယနိုင်ငံမှ ITD ၊ စင်ကာပူမှ HSL Constructor ကုမ္ပဏီနှင့် Asia Infrastructure ကုမ္ပဏီတို့က ကန်ထရိုက်တာများအဖြစ် ပါဝင်နေပြီး စစ်တပ်နှင့် စီးပွားရေး ပူးပေါင်းလုပ်ကိုင်နေခြင်းကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

ဆိပ်ကမ်းကို တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း(BOT) စနစ်ဖြင့် အကောင်အထည်ဖော်ရန် ၂၀၁၉ မေလတွင် လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ် စက်တင်ဘာ ၃၀ အထိ အမေရိကန်ဒေါ်လာ ၁၅၁ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း အိန္ဒိယသတင်းဌာနတစ်ခုဖြစ်သော Hindu Business Line သတင်းဌာနက ရေးသားထားသည်။

မြန်မာစစ်တပ်နှင့် စီးပွားရေးတွဲဖက်လုပ်ကိုင်နေသည့် နိုင်ငံတကာကုမ္ပဏီများကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ထုတ်ပြန်ခဲ့ရာ အိန္ဒိယနိုင်ငံမှ Adani ကုမ္ပဏီလည်း အပါအဝင်ဖြစ်သည်။

စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်ကာ စီးပွားရေးလုပ်ကိုင်ခြင်းသည် လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများတွင် ပံ့ပိုးသူ သို့မဟုတ် ထိုပြစ်မှုနှင့် ဆက်နွှယ်သူအဖြစ် သတ်မှတ်ခံရနိုင်ခြေများသည်ဟု ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က သတိပေးခဲ့သည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းများရပ်ဆိုင်းရန် သို့မဟုတ် နိုင်ငံတွင်းမှ အပြီးထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခုရှိကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဟောင်ကောင်၊ ဩစတြေးလျ၊ ပြင်သစ်နှင့် နော်ဝေနိုင်ငံတို့မှ နိုင်ငံတကာကုမ္ပဏီကြီးများက ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကြောင့် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံတကာကုမ္ပဏီများ ထွက်ခွာနေသည့်နည်းတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) ကတိကဝတ်များ ကျဆင်းနေသည်ဟု ကမ္ဘာ့ဘဏ်၏ ဇူလိုင်လအစီရင်ခံစာက ဆိုသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button