အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အရာတော်တွင် တိုင်းရင်းဆေးဆရာမကို စစ်ကောင်စီက ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် အောက်တိုဘာ ၁၀ ရက် ညပိုင်းက အသက် ၂၃ နှစ်အရွယ် တိုင်းရင်းဆေးရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

အရာတော်မြို့ အမှတ် ၃ ရပ်ကွက်တွင် တိုင်းရင်းဆေးကုခန်း ဖွင့်လှစ်ထားသည့် မခင်ငြိမ်းလွင်ကို ယမန်နေ့ည ၁၀ နာရီတွင် စစ်ကောင်စီက အင်အားအများအပြားဖြင့် နေအိမ်၌ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု မိခင်ဖြစ်သူက ဆိုသည်။ 

“မေးစရာရှိလို့ ပြောသွားတာ။ မေးပြီးလို့ရှိရင် ပြန်ပို့ပါမယ်ဆိုပြီး အခုထိ (အောက်တိုဘာ ၁၁ မွန်းလွဲပိုင်း) မပို့သေးတာပဲ။ သူ့မှာ နှလုံးမောတာ ရှိတယ်၊ ရင်ကျပ်တာ ရှိတယ်။ အဲဒါ ကျွန်မတို့က တောင်းဆိုထားတယ်။ ဒါပေမဲ့ သူတို့က အကြောင်း မပြန်သေးဘူး” ဟု ဖမ်းဆီးခံရသူ မခင်ငြိမ်းလွင်၏ မိခင် ဒေါ်ဆွေလှိုင်က ပြောသည်။ 

နေအိမ်၌ လာရောက်ဖမ်းဆီးစဉ် မိဘများက အဖော်လိုက်ပါလိုကြောင်း ပြောသော်လည်း မိန်းမဖော်ပါသည်ဆိုကာ လိုက်ခွင့်မပြုခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ မခင်ငြိမ်းလွင်အကြောင်း ထွက်ဆိုသူရှိ၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုသော်လည်း အသေးစိတ်မသိရဟုလည်း ၎င်းက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဘာမှ မပြောချင်ပါဘူး။ ကိုယ့်သားသမီးကို ပြန်လွှတ်ပေးဖို့ပဲ။ ကိုယ့်သားသမီးကလည်း ဘာမှ မလုပ်ထားဘူးလေ။ ဖမ်းသွားတဲ့သူတွေနဲ့လည်း မသိတဲ့သူတွေ မဟုတ်ဘူး။ သူတို့ရဲ့ ရဲမေ၊ ဗိုလ်ကတော်တွေကို ကျွန်မက စက်(စက်ချုပ်) သွားပြပေးတာ သုံးနှစ်ဆက်တိုက်။ ကျွန်မတို့ကလည်း သူတို့ကို ရန်သူလို့ကို​ မသတ်မှတ်ဘူး” ဟု ဒေါ်ဆွေလှိုင်က ဆက်ပြောသည်။

တိုင်းရင်းဆေးခန်းဖွင့်လှစ်ထားသူ မခင်ငြိမ်းလွင်မှာ ကိုဗစ်နိုင်တင်းကပ်ရောဂါ အပြင်းအထန်ဖြစ်ပွားသည့် ကာလများတွင် ရောဂါကူးစက်ခံရသူများကို အင်တိုက်အားတိုက် ကူညီသူတစ်ဦးဖြစ်ကြောင်း အမည်မဖော်လိုသော ဒေသခံ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။

အရာတော်မြို့နယ်တွင် ယမန်နေ့က မခင်ငြိမ်းလွင်အပါအဝင် လေးဦး ဖမ်းဆီးခံရကြောင်း သိရသော်လည်း ဖမ်းခံရသူများ၏ မိသားစုဝင်များက ထုတ်မပြောလိုသည့်အတွက် အသေးစိတ်မသိရပေ။ 

အရာတော်မြို့နယ်မှာ စက်တင်ဘာ ၁၅ ရက်မှစ၍ အင်တာနက်ဖြတ်တောက်ခံရပြီးနောက် ​ကျေးရွာအချို့တွင် ၎င်းတို့ကို ဆန့်ကျင်ပါက ရွာလုံးကျွတ် ပြောင်းရွှေ့ခံရမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်သည်ဟု သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းပြုစုချက်အရ စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းပြီးနောက် အောက်တိုဘာ ၉ အထိ ဖမ်းဆီးခံရသူ ၈၈၃၅ ဦးရှိပြီး စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးရသူ ၁၁၆၁ ဦးရှိကာ ယင်း၏ ထက်ဝက်ကျော်မှာ ဆန္ဒပြပွဲများအတွင်း အကြမ်းဖက်ဖြိုခွင်းခံရသဖြင့် သေဆုံးရသူများဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button