အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ထန်တလန်မြို့မိမြို့ဖကား ပစ်ခတ်ခံရပြီး ၂ ဦး သေ၊ ၂ ဦး ဒဏ်ရာရ 

စစ်ရှောင်များအရေးဆောင်ရွက်နေသော ထန်တလန်မြို့ခံရပ်မိရပ်ဖများ စီးနင်းလာသည့် ကားတစ်စီး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ယမန်နေ့ (စက်တင်ဘာ ၃၀) တွင် ထုတ်ပြန်သည်။

စက်တင်ဘာ ၂၉ တွင် ထန်တလန်မြို့မှ စစ်ရှောင်များအရေး၊ ရပ်ရွာအရေး ဆွေးနွေးရန် ဟားခါးမြို့ရှိ ဘာသာရေးခေါင်းဆောင်များထံ သွားရောက်ခဲ့ပြီး ထန်တလန်မြို့အဝင်တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။ 

အဆိုပါကားပေါ်တွင် စုစုပေါင်း လူ ၆ ဦး စီးနင်းလိုက်ပါလာရာ အသက် ၇၀ အရွယ် ဦးရာလ်သူနှင့် အသက် ၆၀ အရွယ် ဦးဟာရ်ကျုံးတို့ ကျည်ထိမှန်သေဆုံးခဲ့ပြီး အသက် ၅၀ အရွယ် ဦးဇိုပဲန်းမှာ ဦးခေါင်း၊ ၇၈ နှစ်အရွယ် ဦးထန်ဟဲန်မှာ ကျောကုန်းတွင် ဒဏ်ရာရသွားသည်ဟု ၎င်းတို့နှင့် နီးစပ်သူ မြို့ခံတစ်ဦးက အတည်ပြုသည်။ 

“မြို့ထဲကိုအဝင် ဆိုင်းဘုတ်နားကနေ တစ်ဖာလုံလောက်အကွာအရောက်မှာ စစ်တပ်ကုန်းကနေ လှမ်းပစ်တာ။ ကားတာယာတွေလည်း အကုန်ကွဲ၊ မှန်တွေလည်းကွဲ” ဟု ၎င်းက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၎င်းတို့သည် ထန်တလန်မြို့နှင့် ၇ မိုင်ခန့်ဝေးသည့် ရွာတစ်ရွာတွင် စစ်ရှောင်နေကြခြင်းဖြစ်ပြီး မြို့ပေါ်အခြေအနေများနှင့် စစ်ရှောင်များအရေးဆွေးနွေးရန် ထန်တလန်မြို့ပေါ် လာရောက်ကာ မိုင် ၂၀ ခန့် အကွာရှိ ဟားခါးမြို့မှ အပြန် ထန်တလန်မြို့အဝင်၌ ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ထန်တလန်မြို့၌ တပ်စွဲထားသည့် စစ်တပ်ကို ခရီးစဉ်အစ မြို့အထွက်တွင် အသိပေးပြီးဖြစ်ကြောင်း နီးစပ်သူ အမျိုးသားက ဆက်ပြောသည်။

အဆိုပါ ပြောဆိုချက်များနှင့် ပတ်သက်ပြီး ထန်တလန်မြို့ စစ်တပ်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

သေဆုံးသူ ၂ ဦးကို ယမန်နေ့  နံနက်တွင်မှ ဟားခါးမြို့မှ ခရစ်ယာန်သင်းအုပ်ဆရာများက ထန်တလန်မြို့ တွင် လာရောက် ​​သင်္ဂြိုဟ်ပေးသွားသည်ဟု သိရသည်။ 

သေဆုံးသူ ဦးရာလ်သူမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် မြို့နယ်တရားသူကြီးဖြစ်ခဲ့ပြီး ခရစ်ယာန်ဘာသာရေးအသင်းများတွင်လည်း အမှုတော်ဆောင်အဖြစ် ပါဝင်ခဲ့ကြောင်း မြို့ခံနောက်တစ်ဦးက ဆိုသည်။

“သူက ထန်တလန်မြို့အတွက် တကယ့်ကို အားကိုးအားထားရတဲ့ လူကြီးတစ်ယောက်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဦးဟာရ်ကျုံးမှာ ရပ်မိရပ်ဖတစ်ဦးဖြစ်ပြီး လက်သမားအဖြစ် အသက်မွေးသူဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာ ၁၈ တွင် ထန်တလန်မြို့၌ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် တိုက်ပွဲဖြစ်စဉ် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မြို့ပေါ်ရှိ နေအိမ် ၁၉ လုံး မီးလောင်ပျက်စီးခဲ့သည်။ 

သွားရောက်မီးငြှိမ်းသတ်သည့် ထန်တလန်မြို့ခံ ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး ပစ်သတ်ခံရပြီး စစ်သားများက ၎င်း၏ လက်ထပ်လက်စွပ်နှင့် နာရီကိုပါ ယူဆောင်သွားသည်။

နောက်တစ်နေ့မှစ၍ ထန်တလန်မြို့ပေါ်တွင် နေထိုင်သူတို့သည် အနီးအနားကျေးရွာများနှင့် အန္ဒိယနယ်စပ်အနီး မြို့လုံးကျွတ်စစ်ရှောင်ခဲ့ကြပြီး မြို့ပေါ်တွင် လူဦး‌ရေ ၃၀ ခန့်သာ ကျန်ရစ်ခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button