အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ် စစ်ကြောင်းထိုးခဲ့သည့် ကောလင်းတွင် ရုပ်အလောင်း ၁၆ ခု တွေ့ 

ကချင်ပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ဒေသတွင်း နယ်မြေစိုးမိုးရေးနှင့် ဆက်သွယ်ရေးအတွက် အရေးပါသည့် ကောလင်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးစဉ် ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး အပါအဝင် အရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဆက်သွယ်ရေးအရ အရေးပါသည့်လမ်းကြောင်းကို ပြန်ထိန်းချုပ်နိုင်ရေး စစ်တပ်က ကောလင်းမြို့နယ်ကို စစ်ကြောင်းထိုးခဲ့ပြီးနောက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံထားရသူများ အပါအဝင် ရုပ်အလောင်း ၁၆ ခုထက်မနည်းတွေ့ရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။ 

နိုဝင်ဘာလ ဒုတိယပတ်က ကောလင်းမြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်စဉ် ဥတုံးပင်ရွာဒေသခံ ကိုးဦး၊ ညောင်ပင်သာရွာမှ လေးဦး၊ တောင်မော်ရွာမှ တစ်ဦးနှင့် ကာကွယ်ရေးအဖွဲ့ဝင် နှစ်ဦးတို့သတ်ဖြတ်ခံရသည်။

ထိုသူများ၏ရုပ်အလောင်းများကို စစ်ကြောင်းသွားရာ လမ်းတလျှောက်၌ စွန့်ပစ်ထားသည်ကို နိုဝင်ဘာလ ၂၀ ရက်ဝန်းကျင်တွင် ဒေသခံများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

“(ရုပ်အလောင်းတွေမှာ) ဓားဒဏ်ရာတွေ၊ ထုထောင်းထားတာတွေ၊ သေနတ်ဒဏ်ရာတွေ တွေ့ရတယ်”ဟု ကောလင်းမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now က ကြည့်ရှုခွင့်ရသည့် ဓာတ်ပုံများအနက် ရုပ်အလောင်းများမှာ ပုပ်ပွပျက်စီးနေပြီး အချို့ရုပ်အလောင်းများ၌ လည်ပင်းပြတ်ရှဒဏ်ရာများတွေ့ရကာ အမျိုးသားရုပ်အလောင်းတစ်ခုတွင် ကြိုးတုပ်ထားသည်ကိုတွေ့ရသည်။ 

ကချင်နှင့် စစ်ကိုင်းအထက်ပိုင်း နယ်မြေစိုးမိုးရန် ကြိုးပမ်းနေသည့် စစ်တပ်သည် အင်းတော်မြို့နယ်မှ တဆင့် နိုဝင်ဘာလ ပထမပတ်တွင် ကောလင်းမြို့အရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ယခုကဲ့သို့ ၁၆ ဦး သတ်ဖြတ်ခံရခြင်းဖြစ်သည်။ 

အထက်ပါ စစ်တပ်သည် လက်ရှိတွင် ကောလင်းမြို့နယ်မှတဆင့်  နယ်မြေချင်းဆက်စပ်နေသည့် တောင်ဘက် ကန့်ဘလူမြို့နယ်အတွင်း ကန့်ဘလူ- ကောလင်း ခရိုင်ချင်းဆက်လမ်းပေါ်တွင် စစ်ကြောင်း တစ်ခု၊ မြစ်ကြီးနား- ရွှေဘိုဗျူဟာလမ်းပေါ်တွင် စစ်ကြောင်းတစ်ခုဖြင့် စစ်ကြောင်းနှစ်ခုဖြန့်ခွဲသွားပြီး ဒေသတွင်း စစ်ကြောင်းထိုးနေ သည်။ 

အထက်ပါ ခရိုင်ချင်းဆက်လမ်းပေါ်တွင်ထိုးနေသည့် စစ်ကြောင်းမှာ ကန့်ဘလူအခြေစိုက် အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းသို့ ဝင်ရောက်သွားပြီးဖြစ်သော်လည်း မြစ်ကြီးနား- ရွှေဘိုဗျူဟာလမ်းပေါ်ရှိ စစ်ကြောင်းမှာ လွှဲဆိပ်ကျေးရွာအနီးတွင်ရှိနေပြီး ဗျူဟာလမ်းပိုင်း စိုးမိုးရေးအတွက် ရွှေဘိုမြို့ဘက်ထိ ဆက်လက် ဦးတည်နိုင်ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်သည်။

“ကောလင်းဘက်ကနေ ကန့်ဘလူဘက်ကို စစ်ကြောင်းနှစ်ခုခွဲထိုးတာမှာ ကိုးတောင်ဘို့- ချပ်သင်း- ချပ်ကြီးလမ်းကြောင်းက ထိုးခဲ့တဲ့စစ်ကြောင်းကတော့ ကန့်ဘလူ ၆၀၀၆ ကို လွန်ခဲ့တဲ့ သုံးရက်လောက်က ရောက်သွားပြီ။ ဗျူဟာလမ်းကြောင်းက ထိုးလာတဲ့စစ်ကြောင်းတစ်ခုကတော့ လက်ရှိလွှဲဆိပ်ရဲ့ မြောက်ဘက်က စစ်တပ်ပေါက်မှာတော့ ရောက်နေတယ်”ဟု ကန့်ဘလူမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ဆက်သွယ်ရေးအတွက် အရေးပါသော လမ်းကြောင်းဖြစ်သည့် အင်းတော်- ဝန်းသို- ကောလင်း- ကျွန်းလှ- ကန့်ဘလူ လမ်းကြောင်းကို စစ်ကြောင်းထိုးခဲ့ရာ နိုဝင်ဘာလ ဒုတိယပတ်တွင် သင်တော၊ ဥတုံးပင်၊ ကံကြီး (အရှေ့)၊ ကံကြီး (အနောက်)၊ ချပ်သင်း၊ ပုဏ္ဏားငယ်၊ တောင်ပုံ၊ ချပ်ကြီး၊ ပန်းခုံသာရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက် လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်တွင် စစ်တပ်ဘက်က ထုတ်ပြန်ထားသည်။

စစ်တပ်၏ ထုတ်ပြန်ချက်တွင် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်သည့်အခြေအနေနှင့်ပတ်သက်၍ တစုံတရာထည့်သွင်း ဖော်ပြထားခြင်းမရှိပေ။ 

အရပ်သားများသတ်ဖြတ်ခံရသည့်အခြေအနေနှင့်ပတ်သက်၍ စစ်တပ်ခန့် စစ်ကိုင်းတိုင်း၊ ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းသော်လည်း မရခဲ့ပါ။ 

စစ်တပ်က ထိုလမ်းကြောင်းကို အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းရေးထိုးစစ်ဆင်ခဲ့သော်လည်း အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း တော်လှန်ရေးအင်အားစုများက တုံ့ပြန်သည်။

“ စစ်ကြောင်းထိုးလာတဲ့ လတ်တလောအနေအထားမှာတော့ နယ်မြေရှင်းလင်းရေးပုံစံဖြစ်တဲ့အတွက် ပြည်သူတွေ ခဏ ရှောင်တိမ်းပေးရတာတော့ရှိတယ်။ သူတို့လာခဲ့တဲ့ လမ်းကြောင်းမှာတော့ အထိုင်စခန်းတွေ ချပြီး တည်ဆောက်တာမျိုးတော့ မတွေ့ရသေးဘူး။ သူတို့စိုးမိုးမှုက အထိုင်ချထားတဲ့ ပရဝဏ် ဝန်းကျင်လောက်ပါပဲ”ဟု ကန့်ဘလူမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“(စစ်တပ်က) လမ်းကြောင်းတလျှောက် ကိုပဲရှင်းနိုင်တာ။ တော်လှန်ရေးတပ်တွေ အခြေပြုနေတဲ့နယ်မြေကို စစ်ရေးဖော်ဆောင်နိုင်တဲ့ အနေအထားမျိုး မတွေ့ရဘူး။ အခုလည်း တစ်ကြောင်းထိုးရှင်းပြီးခါမှ တစ်ဖွဲ့ကတော့ နောက်တန်းကို ပြန်သွားပြီ။ သူတို့ရှိနေတုန်းအခိုက်အတန့်သာ စိုးမိုးတာ။ သူတို့နယ်မြေကို ရာသက်ပန်စိုးမိုး မထားနိုင်တာကို တွေ့ရတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်း ကန့်ဘလူ၊ ကောလင်း၊ ကသာ ခရိုင်တို့ပါဝင်သော ကသုံးလုံး ဒေသမှာ ကချင်ပြည်နယ် ဝင်ပေါက်လည်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာဒေသ ဖြစ်သည်။

လက်လွှတ်ထားရသည့်နယ်မြေများ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ရေးအရှိန်မြှင့်နေသည့် စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုတွင် အင်းတော်၊ ဗန်းမောက်နှင့် မော်လူးမြို့တို့ကို  ယခုနှစ်ဆန်းတွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် လမ်းပိုင်းများကို စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးနေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles