စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ် ဝီရဌာနီ(ပေါက်တော)မြို့နယ်ကို ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့တို့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ လေးဦး သေဆုံးကာ ကလေးများအပါအဝင် ၁၃ ဦးဒဏ်ရာရသွားသည်။
အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည့် ပေါက်တောမြို့နှင့်မျက်နှာချင်းဆိုင် ပေါက်တောမြစ် တစ်ဖက်ကမ်း နန်းတက်ကျွန်းကျေးရွာကို နိုဝင်ဘာလ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် တိုက်လေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့စဉ် အသက် ငါးလအရွယ် မောင်ရန်နိုင်စိုး၊ မသက်သက်ဝင်း (၁၆နှစ်)၊ ကိုကျော်မင်းဌေး (၂၀ နှစ်)၊ ဒေါ်နုချေ (၄၃နှစ်)တို့ သေဆုံးသွားကြသည်။
စျေးသွားစျေးလာသူများနှင့် စည်ကားနေချိန် ဗုံးကြဲခံရသောကြောင့် ထိခိုက်မှုကြီးမားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများအနက် ပြင်းထန်သူများရှိသည့်အတွက် သေဆုံးသူများလည်း တိုးလာနိုင်ကြောင်း ထိုရွာအနီးအနားမှ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
“ဗုံးကျတဲ့နေရာက ရွာထဲမှာ။ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကြားကို (ဗုံး) ကျတယ်။ စျေးဝယ်နေချိန် ဖြစ်လို့ လူစည်ကားနေချိန်မှာ ဖြစ်သွားတာ”ဟု ၎င်းက ဆိုသည်။
ညီအစ်မများဖြစ်သော တစ်နှစ်သမီးအရွယ် မပိုးနွယ်ချေနှင့် ငါးနှစ်အရွယ် မစိုးနွယ်ဦး၊ ခုနစ်နှစ်အရွယ် မရွှေခိုင်ဦး၊ ကိုးနှစ်အရွယ် မမျိုးချစ်နွယ်၊ ၁၂ နှစ်အရွယ် မောင်မောင်ခင်ဦး၊ ဒေါ်ချိုချိုသန်း (၃၈ နှစ်) ၊ ဒေါ်စိန်နိုခိုင် (၇၅ နှစ်) ၊ ဦးမောင်ဇံ (၄၀ နှစ်) တို့အပါအဝင် မစိုးစိုး(၂၄နှစ်)တို့လည်း ထိုတိုက်ခိုက်မှုအတွင်း ဒဏ်ရာရကြသည်။
နိုဝင်ဘာလ ၂၁ ရက် နံနက်စောစော ၁၂ နာရီကျော် (ညဉ့်သန်းခေါင်အကျော်) မှာလည်း ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာ ဗုံးကြဲခံရပြီး ဒေသခံ ဦးမောင်သန်းဌေး(၄၅ နှစ်)၊ ဦးဇော်မင်းနိုင် (၄၄ နှစ်)၊ ဒေါ်သန်းသန်းအေး(၃၉ နှစ်)၊ ဦးကျော်မောင်သန်း(၄၅ နှစ်) တို့ ဒဏ်ရာရရှိကာ နေအိမ် ၁၅ လုံး ပျက်စီးသွားသည်။
AA က ထုတ်ပြန်သည့်ဓာတ်ပုံများတွင် ဦးခေါင်းကို ဗုံးစထိမှန်သေဆုံးနေသည့် လသားကလေးငယ်နှင့် အခြား သေဆုံး၊ ဒဏ်ရာရသူများအပြင် ဗုံးထိမှန်မှုကြောင့် လွင့်စဉ်ပြတ်တောက်နေသည့် လက်နှင့် ခြေထောက် အစိတ်အပိုင်းများကိုလည်း တွေ့ရသည်။
စစ်တပ်သည် ပေါက်တောမြို့နယ်အပါအဝင် ၎င်းတို့လက်လွှတ်ထားရသည့် မြို့နယ်များကို စက်တင်ဘာ လဆန်းမှစတင်၍ နေ့စဥ်နီးပါး ဗုံးကြဲနေသည်မှာ သုံးလနီးပါး ရှိလာပြီး အရပ်သား သေဆုံး၊ ဒဏ်ရာရရှိမှု မြင့်တက်လျက်ရှိနေသည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောဒေသတွင် ရိုဟင်ဂျာများကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က နိုဝင်ဘာလ ၁၉ ရက်တွင် အမိန့်ချမှတ်ထားသည်။
ထိုသို့အမိန့်ချမှတ်ခံထားရသည့်ကာလတွင် စစ်တပ်သည် ဂရုမမူဘဲ ရခိုင်ပြည်နယ်ရှိ အရပ်သားပြည်သူများကို ဦးတည်ပြီး ဗုံးကြဲသတ်ဖြတ်နေသည်ဟု ပေါက်တောဒေသခံ အခြားတစ်ဦးက ပြောသည်။
“သူတို့ (စစ်တပ်)က အရပ်သားတွေကိုပဲ ဦးတည်ပြီးတိုက်ခိုက်နေတယ်။ ပြည်သူတွေနေ့စဥ် သေဆုံးနေရတယ်။ ဒီလိုဗုံးကြဲနေရင် ရခိုင်ပြည်မှာ လူတောင်ကျန်တော့မှာမဟုတ်ဘူး။ ဗုံးကြဲတာတွေကို ရပ်စေချင်တယ်။ အခုက ပြည်သူတွေ ကြောက်လန့်ပြီး နေနေရတယ်”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်ကလည်း မြောက်ဦးမြိုနယ် ရမ်းချောင်းအနီးတဝိုက် ကျေးရွာများကို တိုက်လေယာဉ် ငါးစီး၊ Y12 ထောက်ပို့လေယာဉ်တစ်စီးတို့ဖြင့် တစ်နာရီနီးပါးကြာ ဗုံးအလုံးရေ ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် တောင်ယာလုပ်ကိုင်နေကြသည့် တောင်ယာတဲအချို့ ပျက်စီးမှုများရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
အလားတူ နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင်လည်း ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်ကို နှစ်ရက်ဆက် ဗုံးကြဲခဲ့ပြီး မအေးအေးစိုး (၂၅ နှစ်)နှင့် မအေးအေးသန်း (၁၄ နှစ်)တို့ ညီအစ်မနှစ်ဦးနှင့် အခြားနှစ်ဦးသေဆုံးကာ အသက် ၁၃ နှစ်အရွယ် မောင်ဝတုတ်နှင် အခြားလေးဦးတို့ ဒဏ်ရာရခဲ့သည်
အာဏာသိမ်းစစ်တပ်သည် အာရက္ခ(ရခိုင်)ပြည်အနှံ့ မြို့၊ ရွာတို့ရှိ စစ်ရေးနှင့်မသက်ဆိုင်သော နေရာများကို နေ့စဉ်နှင့် အမျှ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေပြီး စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျူးလွန်နေသည်ဟု အာရက္ခတပ်တော်(AA) က နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် AAနှင့် စစ်တပ်သည် စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားလျက် ရှိသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်သော AA ၏ထိုးစစ်အတွင်း ရခိုင်ပြည်နယ် ၁၇မြို့နယ် အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တိုကို စစ်တပ်က လက်လွှတ်လိုက်ရသည်။
ယခုနှစ် စက်တင်ဘာလ ၄ ရက်မှစတင်၍ လက်လွှတ်လိုက်ရသော နယ်မြေများကို ပြန်လည် ရရှိရေး စစ်တပ်က ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်နေပြီး နေ့စဉ်နီးပါး ရခိုင်နှင့် ပလက်ဝဒေသအနှံ့ကို ဗုံးကြဲနေသည်။




