နိုင်ငံတကာ တရားရုံးစီရင်ချက်နဲ့ AA ရဲ့ အခွင့်အလမ်း
စစ်ဗိုလ်ချုပ်တွေက ရိုဟင်ဂျာအရေးကို အသုံးချပြီး ရခိုင်မှာ သွေးခွဲအုပ်ချုပ်ခဲ့ကြတယ်။ အခုတော့ ရခိုင်ပြည်ရဲ့ နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ AA အတွက် စစ်တပ်ရဲ့ အမှားတွေကို ထပ်မလုပ်ဘဲ မတူတဲ့ပုံစံနဲ့ အုပ်ချုပ်နိုင်ကြောင်း သက်သေပြဖို့ အခွင့်အရေး ရှိနေပါတယ်။
ကိုးနှစ်လုံးလုံး မြန်မာစစ်ဗိုလ်ချုပ်တွေ ကမ္ဘာကို အပ်ကြောင်းထပ်အောင် ပြောခဲ့တာကတော့ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သူတို့စစ်သားတွေဟာ အကြမ်းဖက်သမားတွေကို နှိမ်နင်းခဲ့တာပါဆိုတဲ့ ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၉ ရက်မှာတော့ ဒီအကြောင်းပြချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လက်မခံခဲ့ပါဘူး။
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့အတွက် နိုင်ငံတကာဥပဒေအရ တာဝန်ရှိတယ်လို့ တရားသူကြီး ၁၅ ဦးထဲက ကိုးဦးရဲ့ ထောက်ခံမှုနဲ့အတူ အတည်ပြုလိုက်ပါတယ်။
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) က လုံခြုံရေးစခန်းတွေကို အရင်ဆုံးတိုက်ခိုက်ခဲ့တာဖြစ်တယ် ဆိုတဲ့ ခုခံချက်ကို တရားရုံးက လက်ခံပါတယ်။ ဒါပေမဲ့ စစ်တပ်က အရပ်သားထောင်ပေါင်းများစွာကို သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်တာ၊ ကလေးတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ ရိုဟင်ဂျာကျေးရွာတွေကို စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့တာတွေဟာ လက်နက်ကိုင်အဖွဲ့ကို နှိမ်နင်းဖို့ စစ်ဆင်ရေးလုပ်ခဲ့တာပါဆိုတဲ့ အကြောင်းပြချက်တခုတည်းနဲ့ ခုခံရှင်းလင်းလို့ မရဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ၊ ကိုယ့်သဘောဆန္ဒနဲ့ ဂုဏ်သိက္ခာရှိရှိ မူလနေရပ်ပြန်နိုင်ရေး၊ မိသားစုတွေ ပြန်လည်ပေါင်းစည်းနိုင်ရေးတို့အပါအဝင် နစ်နာမှုတွေကို ပြန်လည်ကုစားဖို့၊ အဲဒီနည်းနဲ့ မကုစားနိုင်တဲ့ ဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးဖို့ တရားရုံးက အမိန့်ချမှတ်ထားပါတယ်။
ဒီရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပွားခဲ့ချိန်မှာ စစ်တပ်ကို ကွပ်ကဲခဲ့သူက ဗိုလ်မင်းအောင်လှိုင်ပါ။ အခုတော့ သူဟာ သမ္မတရာထူးကို ရယူထားပါတယ်။ သူဦးဆောင်တဲ့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက တရားသူကြီးခြောက်ဦး ကန့်ကွက်ခဲ့တာကို ထောက်ပြပြီး စီရင်ချက်ဟာ “မျှတမှုမရှိဘူး” လို့ တုံ့ပြန်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း ရိုဟင်ဂျာတွေကို “ဘင်္ဂါလီ” လို့ပဲ ဆက်လက်ခေါ်ဝေါ်ထားပါတယ်။
စစ်ဗိုလ်ချုပ်တွေဟာ သူတို့ ဖိနှိပ်ခဲ့တဲ့ လူမျိုးစုရဲ့ အမည်ကိုတောင် အသိအမှတ်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ သူတို့ဘက်က ကန့်ကွက်ခဲ့တဲ့ တရားသူကြီးခြောက်ဦးရဲ့ မဲကိုတော့ ကမ္ဘာက ထည့်တွက်ပေးစေချင်ကြပါတယ်။
ဒီစီရင်ချက်က နောက်ထပ် မေးခွန်းတခုကိုလည်း ထုတ်ပေးလိုက်ပါတယ်။ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့ နေရပ်တွေမှာ တရားရုံးရဲ့ အမိန့်တွေကို လက်တွေ့ ဘယ်သူက အကောင်အထည်ဖော်နိုင်မလဲ ဆိုတာပါပဲ။
ဒီမေးခွန်းရဲ့ အဖြေတစိတ်တပိုင်းကတော့ အခု ရခိုင်ပြည်နယ်ရဲ့ နယ်မြေအများစုကို ထိန်းချုပ်အုပ်ချုပ်နေတဲ့ အာရက္ခတပ်တော် (AA) နဲ့ သူ့ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ဆီမှာ ရှိနေပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို AA/ULA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင်လည်း အရင်က ထုတ်ပြောဖူးပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်လာတာကို မကန့်ကွက်ဘူးလို့ ၂၀၂၂ ခုနှစ်ကတည်းက ပြောခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာလည်း ဘေးကင်းလုံခြုံပြီး ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်ရေးကို မူအရ ထောက်ခံကြောင်း ပြောခဲ့ပါတယ်။ ၂၀၂၆ မေလမှာတော့ ဒုက္ခသည်တွေ ပြန်လာနိုင်မယ့် အခြေအနေတွေ ဖန်တီးချင်တယ်လို့ ထပ်ပြောခဲ့ပါတယ်။
ဒါပေမဲ့ လုံခြုံရေး၊ အိုးအိမ်မြေယာ ပြန်လည်ရရှိရေးနဲ့ တန်းတူအခွင့်အရေးတွေကို ဘယ်လို အာမခံပေးမလဲဆိုတဲ့ မေးခွန်းတွေကတော့ အဖြေမရသေးပါဘူး။ အခု ICJ စီရင်ချက်က AA အနေနဲ့ အရင်က ပြောထားတဲ့ စကားတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်မလားဆိုတာ ပြသဖို့ အခွင့်အရေးတခု ဖြစ်လာပါတယ်။




