အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဟားခါး- ဖလမ်းလမ်းပိုင်းတွင် သားအမိ ၃ ဦးနှင့်ယာဉ်မောင်းတို့ ပစ်သတ်ခံရ

စစ်တပ် ထိန်းချုပ်ထားသည့် ဟားခါးမြို့နှင့် ဖလမ်းမြို့အကြား လမ်းပိုင်းပေါ်၌ သားအမိသုံးဦးနှင့် ယာဉ်မောင်းတစ်ဦးတို့ သေနတ်ဖြင့် ပစ်သတ်ခံထားရသည်ကို နောက်တစ်နေ့တွင် မိသားစုဝင်များက တွေ့ရှိခဲ့ရသည်။

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့မှ ပြန်လာသည့် သားအမိ သုံးဦးနှင့် ယာဉ်မောင်းတစ်ဦးတို့သည် အောက်တိုဘာလ ၃၁ ရက်က  ဖလမ်းမြို့အနီးတွင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။ 

သေဆုံးသူများမှာ  မိခင်ဖြစ်သူ အသက် ၄၃ နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၁၆ နှစ်အရွယ်နှင့် အသက်  ကိုးနှစ်အရွယ် သမီးနှစ်ဦး၊ အသက် ၃၀ ကျော်အရွယ် ယာဉ်မောင်း အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ဖလမ်းမြို့မရောက်မီ ရှစ်မိုင်ခန့်အကွာ ရီလ်သီး (Rialti) ကျေးရွာအနီး ပစ်သတ်ခံရခြင်းဖြစ်သည်။ 

ပြည်နယ်မြို့တော် ဟားခါးမြို့နယ်တွင် တာဝန်ကျနေသည့် စစ်အစိုးရဝန်ထမ်းဖြစ်သည့် ဖခင်ဖြစ်သူထံ သီတင်းကျွတ်ကျောင်းပိတ်ရက် သွားရောက်လည်ပတ်ပြီးနောက် ဖလမ်းမြို့မှတဆင့် ကလေးမြို့သို့ ကားဖြင့် ပြန်လာစဉ် ယခုကဲ့သို့ ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ဖလမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

သားအမိသုံးဦးနှင့် ယာဉ်မောင်းတို့သည် အောက်တိုဘာလ ၃၁ ရက် နံနက်က ပြည်နယ်မြို့တော် ဟားခါးမှ ထွက်ခွာလာပြီး နေ့လယ်အထိ ဖလမ်းမြို့သို့ မရောက်လာဘဲ အဆက်အသွယ်ပြတ်တောက်သွားသဖြင့် နောက်တစ်နေ့(နိုဝင်ဘာလ ၁ ရက်) တွင် မိသားစုဝင်များက လိုက်လံရှာဖွေရာ ရုပ်အလောင်းများကို ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုသူက ဆိုသည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ ဖလမ်းကို တစ်နာရီ၊ နှစ်နာရီလောက်ဆိုရင် ရောက်ပြီလို့ ယောကျာ်းကဖုန်းခေါ်တော့ ဖုန်းက ဆက်သွယ်လို့ မရဖြစ်နေတာ။ သုံးဘီးဆရာကိုလည်းဆက်လို့မရဘူး။ သူ့ယောကျာ်းက တစ်ရက်နေ့မှာ ဟားခါးကနေ အကျိုးအကြောင်းသိအောင်လာခဲ့တာပေါ့။ အဲ့ဒီမှာ မိန်းမရယ်၊ သူ့သမီးနှစ်ယောက်ရယ်၊ သုံးဘီးဆရာရယ် ဆုံးသွားတာကို သူတွေ့ရတာ။ အဲဒီတော့မှပဲ သိရတာ”

ပြည်နယ်မြို့တော် ဟားခါးနှင့် ဖလမ်းမြို့မှာ မိုင် ၄၀ ခန့်သာကွာဝေးပြီး စစ်တပ်က ဖလမ်းမြို့ကို ဧပြီလတွင် ပြန်ထိန်းချုပ်လိုက်ပြီး ဖလမ်း- ဟားခါးလမ်းပိုင်းတွင် ကင်းပုန်းများချကာ လှုပ်ရှားမှုများရှိကြောင်း ဒေသခံများက ဆိုသည်။ 

လတ်တလောတွင် မည်သူမည်ဝါသတ်ဖြတ်သည်နှင့် ပတ်သက်၍ မသိရသေးဘဲ သေဆုံးသူများအတွက် ဝတ်ပြု ဆုတောင်းသည့် နာရေးအခမ်းအနားကို ကလေးမြို့၌ ယနေ့ (နိုဝင်ဘာလ ၂ ရက်) နံနက် ၈ နာရီခန့်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ထိုဖြစ်စဉ်နှင့်ပတ်သက်၍  စစ်တပ်ခန့် ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရခဲ့ပါ။ ဒေသတွင်းလှုပ်ရှားသည့် ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်ကောင်စီနှင့် ချင်းဒေသကာကွယ်ရေးအဖွဲ့ (CNDF) တို့ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

အမှတ် (၂၆၈) ခြေလျင်တပ်ရင်း အခြေစိုက်သည့် ဖလမ်းမြို့ကို ၂၀၂၄ ခုနှစ်တွင် ချင်းညီနောင်​ (CB) နှင့် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ်က ယမန်နှစ် နှစ်ကုန်တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ယခုနှစ် ဧပြီလတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ 

ဖလမ်းမြို့သိမ်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့ရသည့် ဒေသခံများမှာ ပြီးခဲ့သည့် ဇွန်လမှစ၍ ပြန်လည်ဝင်‌ရောက်နေထိုင်သော်လည်း ကလေးကျောင်းတစ်ဖက်နှင့် မိဘအများစုမှာ မြို့ထဲ ပြန်လည် မဝင်သေးသည့် အခြေအနေဖြစ်ကြောင်း ဖလမ်းမြို့ခံနောက်တစ်ဦးကပြောသည်။

“ပုံမှန်ဖြစ်ဖို့တော့ အချိန်တစ်ခုလိုပါသေးတယ်။ ကလေး ကျောင်းတက်လက်စရှိတဲ့သူတွေတော့ မပြန် သေးဘူးပေါ့။ စာသင်နှစ်ပြီးမှ ပြန်မယ့်သူတွေလည်းရှိတယ်။ တဖြည်းဖြည်းတော့ စည်ကားလာနေပါပြီ။ အဆင်ပြေအောင် ကြိုးစားနေကြရတာပါပဲ”ဟု ဖလမ်းမြို့နယ်မှ ဒေသခံအမျိုးသား နောက်တစ်ဦးက ဆိုသည်။ 

ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးနောက် ဆက်လက်ထိုးစစ်ဆင်မှုကြောင့် တွန်းဇံ နှင့်ထန်တလန်တို့ကိုလည်း တော်လှန်ရေးအင်အားစုများက လပိုင်းအတွင်းမှာပင် ပြန်လည် လက်လွှတ်ခဲ့ရသည်။

လက်ရှိချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်နယ်မြေစိုးမိုးမှု ပြန်လည်ချဲ့ထွင်လာခဲ့ရာ အိန္ဒိယနယ်စပ် ကုန်သွယ်ရေးဂိတ်ရှိရာ ရိဒ်ခေါဒါရ်မြို့မှအပ မြို့ကြီးများကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်သည်။ 

ချင်းပြည်တောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်နှင့်မတူပီမြို့တို့ကို ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားပြီး ၎င်းတို့၏ မဟာမိတ် အာရက္ခတပ်တော် (AA) က ပလက်ဝမြို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။ နယ်မြေပြန်ရရန် စစ်တပ်က မကွေးတိုင်းမှတဆင့် ချင်းပြည်တောင်ပိုင်းကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသလို လေကြောင်းမှ ဖိအားပေးတိုက်ခိုက်နေရာ တော်လှန်ရေးအင်အားစုများကလည်း တုံ့ပြန်တိုက်ခိုက်နေသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles