စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ကို ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်) က လေကြောင်းတိုက်ခိုက်မှုကြောင့် သားအမိများအပါအဝင် အမျိုးသမီး ခြောက်ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
မွန်းလွဲ၂ နာရီခွဲဝန်းကျင်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ တက်လာသည့် ဂျိုင်ရိုကော်ပတာတစ်စီးက မုံရွာနှင့် ဘုတလင်မြို့နယ်အစပ် ဘုတလင်နယ်ထဲရှိ ကွမ်းခြံရွာကို ဗုံးကြဲခဲ့ရာ ထိုသို့သေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
“ (ဗုံး) ကျရောက်ပေါက်ကွဲတာကတော့ အိမ်ပေါ်တည့်တည့်ပေါ့။ အိမ်ပေါ်တည့်တည့်ကျတဲ့အချိန်မှာ အိမ်က မီးလောင်သွားပြီးတော့သေဆုံးတာပေါ့။ လေးဦးက တစ်မိသားစု၊ နှစ်ဦးက တစ်မိသားစုပေါ့”ဟု ဘုတလင်မြို့နယ်မှ လူသားစာနာတာဝန်ခံ ဦးဇင်မင်းသန်းက ပြောသည်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင်များ ဖြစ်ကြသော အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏သမီးများဖြစ်သော ၁၇ နှစ်၊ ၁၅ နှစ်နှင့် ၁၃ နှစ်အရွယ်များ အပါအဝင် သားအမိလေးဦးလုံး သေဆုံးခဲ့ပြီး နေအိမ်လည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံထံက သိရသည်။
“ လေးယောက်သေတဲ့အိမ်ကတော့ အမျိုးသားတစ်ယောက်မှမရှိဘူး။ သူတို့က သားအမိ လေးယောက် ရှိတာ။ သူတို့ကတော့ မိသားစုလိုက်ပျောက်သွားတဲ့သဘောဖြစ်တာပေါ့” ဟု လူသားစာနာတာဝန်ခံက ပြောသည်။
ထို့အပြင် အခြားနေအိမ်မှ အသက် ၂၂ နှစ်အရွယ်နှင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးနှစ်ဦးလည်း သေဆုံးခဲ့ပြီး နေအိမ်အမိုးအကာများလွင့်စင်ပျက်စီးသွားခဲ့သည်။
ထိုတိုက်ခိုက်ခံရမှုအတွင်း အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။
ဒေသခံများထံက ရရှိသော ဓာတ်ပုံများတွင် ဗုံးတည့်တည့်ကျရောက်ပေါက်ကွဲသော နေအိမ်တစ်ခုလုံး နီးပါး မီးလောင်ပြာကျကာ မီးကျွမ်းနေသော သားအမိလေးဦး၏ အလောင်းများတွေ့ရှိရသည်။ အခြားနေအိမ်မှ အမျိုးသမီး နှစ်ဦးမှာလည်း ဗုံးစထိမှန် သေဆုံးသည်။
ကွမ်းခြံရွာလေကြောင်းတိုက်ခိုက်မှုအပြီး ဘုတလင်မြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရှိ အင်းတောရွာကိုလည်း နမခမှတက်လာသည့် အသေခံဒရုန်းတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့်အထက်ပါကျေးရွာများမှာ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များ အခြေစိုက်ခြင်းမရှိသလို စစ်ရေးလှုပ်ရှားမှု မရှိသည့်နေရာများဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
ဘုတလင်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မေးမြန်းနိုင်ရန် စစ်တပ်ခန့် စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကို Myanmar Now က ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မရခဲ့ပါ။
ယခုလအတွင်း ဘုတလင်မြို့နယ်၌ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ် ထက်မနည်း ပြုလုပ်ခဲ့သဖြင့် ပြည်သူ ကိုးဦး သေဆုံးသည့်အနက် ကွမ်းခြံရွာမှ ခြောက်ဦး၊ ရွှေစာရေးရွာမှ တစ်ဦးနှင့် နုန်းတာရွာမှ နှစ်ဦး ပါဝင်ကြောင်း မြို့နယ်လူသားစာနာတာဝန်ခံထံက သိရသည်။
နမခနှင့်ကပ်လျက်ရှိ ဘုတလင်မြို့နယ်တွင် စစ်တပ်က မြို့ပေါ် ရပ်ကွက်များကိုသာခြေကုပ်ယူထားနိုင်ပြီး တော်လှန်ရေးအင်အားစုများက ကျေးလက်ဒေသများကို ထိန်းချုပ်ထားသည်။ အောက်တိုဘာလ လဆန်းပိုင်းတွင် နမခမှ အင်အား ၂၅၀ နီးပါး ပါဝင်သည့် စစ်တပ်စစ်ကြောင်းတစ်ခုသည် ဘုတလင်နှင့် မုံရွာမြို့ နယ်စပ်ကို စစ်ကြောင်းထိုးခဲ့သော်လည်း ရက်ပိုင်းအတွင်းမှာပင် ပြန်လည်ဆုတ်ခွာသွားသည်။
စစ်တပ်ကြိုးကိုင်သည့် ရွေးကောက်ပွဲအလွန် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် ရခိုင် ပြည်နယ်အပါအဝင် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းဒေသများမှ ကျေးရွာများ၊ လူစည်ကားရာနေရာများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား အစုလိုက်အပြုံလိုက်သေဆုံးမှုများ ဆက်တိုက် ဖြစ်နေသည်။
အောက်တိုဘာလ ဒုတိယပတ်က ရွှေဘိုမြို့နယ် မဟာစည်ဆရာတော် သီတင်းသုံးခဲ့ရာ ဘုန်းကြီးကျောင်းနှင့် ဝက်လက်မြို့နယ်၌ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ခြောက်ဦး ထက်မနည်း သေဆုံးသည့်အပြင် တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ပြီး မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ စတားလင့်ဆိုင်ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် ပြည်သူတစ်ဒါဇင် ထက်မနည်း သေဆုံးခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မကွေးတိုင်း ပခုက္ကူမြို့နယ် အုန်းတောကျေးရွာကို စက်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ဦးသေဆုံးခဲ့ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း စက်လှေဆိပ်ကမ်းအနီးကို နှစ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ် ကလေးငယ်အပါအဝင် ကိုးဦးသေဆုံးခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန် ထားသည့်အချက်အလက်များအရ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၈၇ ဦးရှိပြီး ၃၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကိုင်း၊ မကွေး၊ ရခိုင်နှင့် ကချင်ပြည်နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးကြုံရသည့် ဒေသများ ဖြစ်သည်။




