ညီလာခံမကျင်းပမီ ထွက်ပေါ်ခဲ့သော သတင်းများ၏ မှန်ကန်မှုအခြေအနေ
ညီလာခံမကျင်းပမီ အစောဆုံး ထွက်ပေါ်လာသောသတင်းမှာ ပါတီ၏ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်မည့် သတင်းဖြစ်ပြီး၊ ဒုတိယသတင်းမှာ မင်းအောင်လှိုင်၏ အတုအယောင်အစိုးရအဖွဲ့ဝင် ဖြစ်သွားကြသော ပါတီ၏ CEC အဖွဲ့ဝင်များကို ပါတီခေါင်းဆောင်မှုပိုင်းမှ ဖယ်ထုတ်သွားမည့် သတင်းဖြစ်သည်။ အစိုးရအဖွဲ့ဝင် ဖြစ်သွားသူများကို ပါတီ CEC အဖြစ်မှဖယ်ထုတ်မည်ဆိုလျှင် ပါတီ၏ စည်းမျဉ်းများ ပြင်ဆင်မှ လုပ်ဆောင်နိုင်မည်ဖြစ်၍ ထိုသတင်း နှစ်ခုလုံးသည် အချိတ်အဆက်ရှိနေသည်။
ထို့ကြောင့် ညီလာခံမတိုင်မီ ထွက်ပေါ်ခဲ့သော ထိုသတင်းများသည် ကောလာဟလမဟုတ်ဘဲ တိကျမှန်ကန်ကြောင်း ညီလာခံရလဒ်များက သက်သေခံနေပါသည်။ ညီလာခံအတွင်း အဓိကကျသော လုပ်ငန်းစဉ် သုံးရပ် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့မှာ (၁) ပါတီအခြေခံမူဝါဒ သဘောတရားနှင့် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ပြင်ဆင်ဖြည့်စွက်မှု၊ (၂) ပါတီကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှု၊ (၃) ပါတီကော်မတီ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းခြင်းဟု ညီလာခံသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်ဟောင်းနှင့် သိန်းစိန်အစိုးရလက်ထက် ဝန်ကြီးဟောင်း တင်နိုင်သိန်းက ညီလာခံနောက်ဆုံးနေ့တွင် ပြောဆိုခဲ့သည်။
ထိုလုပ်ငန်းစဉ် သုံးရပ်သည် “ပါတီပြန်လည်တည်ဆောက်ရေး”ကို အဓိကလုပ်ဆောင်ခဲ့ကြောင်း တင်နိုင်သိန်းက ရည်ညွှန်းပြောဆိုသွားခဲ့ပြီး၊ ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများ ပြင်ဆင်ဖြည့်စွက်မှုကို အထွေထွေအတွင်းရေးမှူး (CEC အဖွဲ့သစ်တွင် ဒု-ဥက္ကဋ္ဌ) ဦးသောင်းအေးက ညီလာခံပထမနေ့တွင် အဓိကတင်ပြဆွေးနွေးခဲ့သူဖြစ်ကြောင်း သိရသည်။
ပါတီစည်းမျဉ်းများတွင် မည်သည့်အချက်များ ပြင်ဆင်ဖြည့်စွက်ခဲ့သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း အသစ်ဖွဲ့စည်းလိုက်သော CEC တွင် အတုအယောင်ရွေးကောက်ပွဲအလွန် မင်းအောင်လှိုင်အစိုးရအဖွဲ့တွင် ပါဝင်ခဲ့ကြသော CEC အဖွဲ့ဝင်များကို ဖယ်ထုတ်ဖွဲ့စည်းလိုက်ကြောင်း တွေ့ရှိရသည်။
ထို့ကြောင့် ပြင်ဆင်ခဲ့သော ပါတီစည်းမျဉ်းများအထဲ CEC အဖွဲ့ဝင်တစ်ဦး အစိုးရအဖွဲ့ဝင်ဖြစ်ခဲ့လျှင် CEC ရာထူးမှ နုတ်ထွက်ရသည့် စည်းမျဉ်းအသစ် ကျင့်သုံးလာကြောင်း လေ့လာတွေ့ရှိရသည်။ တနည်းအားဖြင့် ပါတီဥက္ကဋ္ဌသည် အစိုးရအဖွဲ့၏ သမ္မတရာထူး ရယူခဲ့လျှင် ပါတီဥက္ကဋ္ဌရာထူးကိုတွဲ၍ ရယူခွင့်မရှိခြင်း၊ အပြန်အလှန်အားဖြင့် အစိုးရအဖွဲ့တွင် သမ္မတရာထူး ရယူထားသူသည် ပါတီဥက္ကဋ္ဌ ရာထူး ရယူခွင့်မရှိခြင်း၊ အစိုးရနှင့် ပါတီကို လူပုဂ္ဂိုလ်တစ်ဦးတည်းက ချုပ်ကိုင်ခြင်း မရှိစေရန် ပိုင်းခြား ကန့်သတ်လိုက်ခြင်း ဖြစ်သည်။
မင်းအောင်လှိုင်၏အာဏာလွှမ်းမိုးမှုကိုကန့်သတ်လိုက်သောပါတီစည်းမျဉ်းသစ်
ကြံ့ခိုင်ရေးပါတီညီလာခံမှ ထွက်ပေါ်လာသော သက်သေအထောက်အထားများအရ ပါတီ၏ CEC အဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ပြင်ဆင်ခဲ့သော စည်းမျဉ်းသစ်သည် မင်းအောင်လှိုင်က ပါတီကို အာဏာလွှမ်းမိုးချုပ်ကိုင်မှု မရှိစေရန် ကန့်သတ်လိုက်သော စည်းမျဉ်းသစ် ဖြစ်နေသည်။
“နိုင်ငံရေးတွင် တိုက်ဆိုင်မှု ဟူသည် မရှိပါ” ဆိုသော အဆိုအမိန့်အတိုင်း ပါတီစည်းမျဉ်းသစ်များကို ပြင်ဆင်ခဲ့ခြင်းနောက်ကွယ်တွင် မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင်ဖြစ်စေ၊ သို့မဟုတ် ၎င်း၏ သစ္စာခံ လူယုံတော် အောင်လင်းဒွေးကိုဖြစ်စေ ပါတီဥက္ကဋ္ဌရာထူး ရယူစေပြီး၊ ပါတီကိုထိန်းချုပ်ရန် ကြိုးပမ်းမှု အမှန်တကယ်ရှိခဲ့နိုင်ကြောင်း လက္ခဏာများ တွေ့မြင်ရသည်။
ညီလာခံမတိုင်မီ ထွက်ပေါ်ခဲ့သော ပါတီစည်းမျဉ်းများ ပြင်ဆင်ခြင်းနှင့် အစိုးရအဖွဲ့ဝင်ဖြစ်သွားသော CEC များကို ဖယ်ထုတ်ခြင်း သတင်းများအတိုင်း ညီလာခံရလဒ်များ ထွက်ပေါ်လာခြင်းကို ထောက်ရှု၍ လည်းကောင်း၊ အတုအယောင်ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့စည်းရာတွင် မင်းအောင်လှိုင်သည် ပါတီ၏ ရှိရင်းစွဲ CEC စစ်ဗိုလ်ချုပ်ဟောင်းများကို နေရာမပေးခဲ့ဘဲ ၎င်း၏ လူယုံများဖြင့်သာ အဓိက ဖွဲ့စည်းခဲ့ခြင်းကြောင့် ပါတီခေါင်းဆောင်မှုပိုင်းတွင် မကျေနပ်မှုများဖြစ်ပေါ်ခဲ့ခြင်းကို ထောက်ရှု၍ လည်းကောင်း ယခုညီလာခံက မင်းအောင်လှိုင်၏ ပါတီအပေါ် အာဏာလွှမ်းမိုးလာနိုင်မှုကို ကန့်သတ်ခဲ့သော စည်းမျဉ်းသစ်တွင် ၎င်းကို လက်စားချေတုံ့ပြန်လိုက်ခြင်းသဘော တွေ့မြင်လိုက်ရသည်။
သို့ရာတွင် ညီလာခံအပြီး ပါတီခေါင်းဆောင်အချို့က ပြည်တွင်းမီဒီယာများသို့ ပြောဆိုသည့်အခါ ပါတီခေါင်းဆောင်မှုပိုင်း အကွဲအပြဲနှင့် အားပြိုင်မှု လုံးဝမရှိကြောင်း ငြင်းဆန်ခဲ့ကြသည်။ သို့သော် ခိုင်လုံသော သက်သေအထောက်အထား ပြသ၍ ငြင်းဆန်ခဲ့ခြင်း မဟုတ်ပါ။ အကယ်၍ အောင်လင်းဒွေးကို ပါတီ၏ ဒု-ဥက္ကဋ္ဌနေရာ သုံးနေရာအနက် တစ်နေရာပေးခဲ့လျှင် ထိုကဲ့သို့ ပါတီအတွင်း အားပြိုင်မှုနှင့် အကွဲအပြဲများ မရှိကြောင်းငြင်းဆန်မှုအတွက် ကျိုးကြောင်း ညီညွတ်ထောက်ပံ့သော အချက်အလက်ရှိနေသည်ဟု ပြောနိုင်ပါသည်။
အာဏာသိမ်း စစ်ကောင်စီတွင် မင်းအောင်လှိုင်ပြီးလျှင် ဒုတိယ အရေးပါဆုံးသော အတွင်းရေးမှူး ရာထူး ရယူခဲ့သော အောင်လင်းဒွေးသည် ပါတီတွင် ဒု-ဥက္ကဋ္ဌရာထူး မရရှိခဲ့ခြင်းက မည်သည့်အဓိပ္ပာယ် ဆောင်နေသနည်း။ ပါတီညီလာခံခန်းမထဲ ဥက္ကဋ္ဌ ခင်ရီက ရှေ့ဆုံးက ဦးဆောင်ဝင်ရောက်လာချိန်တွင် ဒု-ဥက္ကဋ္ဌများဖြစ်သော လှထွန်းနှင့် မြတ်ဟိန်းတို့ ခြံရံလိုက်ပါလာပြီး၊ ၎င်းတို့၏နောက်မှ အောင်လင်းဒွေးသည် သောင်းအေးနှင့်အတူ လိုက်လာသည်။ ပါတီ CEC တစ်ဦးမဟုတ်သော ၎င်းကို လွှတ်တော်ဥက္ကဋ္ဌတစ်ဦး အနေဖြင့် နေရာပေးခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
သန်းရွှေလူဟောင်းများပါဝင်ထိန်းကြောင်းခဲ့ရသောပါတီညီလာခံ
ခြုံငုံလေ့လာကြည့်လျှင် အသစ်ပြန်လည်ရွေးချယ်ဖွဲ့စည်းလိုက်သော CEC ၄၆ ဦးတွင် မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်အုပ်စုထဲမှ အတုအယောင်ရွေးကောက်ပွဲဝင်ရန် ပါတီဘက်သို့စေလွှတ်ခြင်းခံခဲ့ရသော ဗိုလ်ချုပ်ဟောင်းများဖြစ်သည့် သက်ပုံနှင့် စိုးတင့်နိုင်တို့ နှစ်ဦးသည် အဖွဲ့ဝင်များ ဖြစ်လာသည်။ ထို့ကြောင့် ယခု ညီလာခံက ထွက်ပေါ်လာသည့် ရလဒ်များအရ ကြံ့ခိုင်ရေးပါတီကို ရှိရင်းစွဲ ဝါရင့်စစ်ဗိုလ်ချုပ်ဟောင်းများ ထိထိရောက်ရောက် ချုပ်ကိုင်ထားနိုင်ကြောင်း ပေါ်လွင်လာပါသည်။
ညီလာခံသို့ စစ်အာဏာရှင်ဟောင်း သန်းရွှေ၏ လူဟောင်းအချို့ တက်ရောက်လာသည်ကို တွေ့ရသည်။ လူဟောင်းများအထဲမှ ရေတပ်ဦးစီးချုပ်ဟောင်းနှင့် ဦးသိန်းစိန်အစိုးရ၏ သမ္မတရုံးဝန်ကြီးဟောင်း စိုးသိမ်းသည် ၂၀၂၂ ခုနှစ် ပါတီညီလာခံကိုလည်း တက်ရောက်ခဲ့သူဖြစ်ရာ ယခုညီလာခံကို တက်ရောက်လာခြင်းမှာ မထူးဆန်းလှသော်လည်း၊ ၂၀၁၁ ခုနှစ် သန်းရွှေမှ သိန်းစိန်လက်ထဲ အာဏာ လွှဲပြောင်းခဲ့ပြီးနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်သွားသော သန်းရွှေစစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေးဝန်ကြီးဟောင်း ကျော်ဆန်း ပြန်လည်ထွက်ပေါ်လာခြင်းက ထူးခြားသည်။ ထို့အတူ သန်းရွှေလက်ထက် စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ်ဒုဗိုလ်ချုပ်ကြီးဟောင်းနှင့် သိန်းစိန် အစိုးရ၏ မန္တလေးတိုင်းဝန်ကြီးချုပ် ရဲမြင့်၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် သိန်းအောင်တို့ တက်ရောက် လာသည်ကို တွေ့ရှိရသည်။
ကြံ့ခိုင်ရေးကို လူမှုရေးအသင်းအဖြစ် တည်ထောင်ခဲ့ပြီး၊ ပါတီအသွင်ပြောင်းလဲကာ အနားယူသွားသော အာဏာရှင်ဟောင်းသန်းရွှေသည် စစ်တပ်နှင့် ပါတီ နှစ်ခုလုံးတွင် မည်သည့်အချိန်ကမျှ လူမြင်ကွင်းသို့ ပြန်လည်ထွက်လာခြင်းမရှိသော်လည်း၊ ၎င်း၏ စစ်အစိုးရလက်ထက် ဝါရင့် စစ်ဗိုလ်ချုပ်များကို ယခုကြံ့ခိုင်ရေးညီလာခံတွင် တွေ့မြင်ရခြင်းက အဓိပ္ပာယ်နှစ်မျိုးဆောင်နေပါသည်။ ပထမအဓိပ္ပာယ် က ပါတီအတွင်း လူဟောင်းလူသစ်များ စုစုစည်းစည်းရှိနေကြောင်း သတင်းစကားပါလိုခြင်းဖြစ်နိုင်ပြီး၊ ဒုတိယအဓိပ္ပာယ်မှာ ပါတီခေါင်းဆောင်မှုပိုင်းတွင် သိန်းစိန်း- ရွှေမန်းအကွဲအပြဲမျိုး မင်းအောင်လှိုင်အုပ်စုနှင့် ပါတီ၏လက်ရှိခေါင်းဆောင်မှုအကြား လူသိရှင်ကြား ထပ်မံဖြစ်ပေါ်မလာစေရန် ထိန်းသိမ်းရန် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်အာဏာကို အတင်းအဓမ္မအင်အားသုံး လုယက်ခဲ့သူက ပါတီအာဏာကိုပါ ထပ်မံလုယက်ရန် ကြိုးစားလေမည်လားဆိုသည့် အိမ်မက်ဆိုးများ ၎င်းတို့အသိုက်အဝန်းအကြား ခြောက်လှန့်နေခြင်းသာ ဖြစ်သည်။ စစ်ဗိုလ်ချုပ်အားလုံး၏ တူညီချက်က အာဏာကိုရသည့် နည်းလမ်းဖြင့် ရယူထိန်းချုပ်ရေးကိုသာ စိတ်ဝင်စားကြကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။