ရန်ကုန်-မန္တလေးအမြန်လမ်း ပဲခူးတိုင်း တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ယမန်နေ့ (စက်တင်ဘာလ ၁၆ ) နံနက်မှ စတင်၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး အသက်နှစ်နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လေးဦးခန့် သေဆုံးကြောင်း စုံစမ်းသိရှိရသည်။
အမြန်လမ်း မိုင်တိုင် ၁၄၄ မိုင်၏ အနောက်ဘက်၊ ခပေါင်းချောင်းအရှေ့ဘက် ရွှေလောင်းကျေးရွာအနီးနှင့် ရွှေလောင်းရွာ အရှေ့ဘက် နှစ်မိုင်ခန့်အကွာ ဘိုကုန်းရွာအနီး၌ စစ်တပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်များ တိုက်ပွဲဖြစ်နေခြင်းဖြစ်ပြီး စစ်တပ်က လက်နက်ကြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားများ အထိအခိုက်ဖြစ်ပေါ်ခဲ့ရသည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များ က ဆိုကြသည်။
“စဖြစ်တဲ့နေ့ ၁၅ ရက်နေ့ကလည်း သေကြတာ။ ရွှေလောင်းကျေးရွာကချည်းပဲ။ ကလေးနဲ့ မိသားစု သုံးယောက်ရယ်၊ သက်ကြီးပိုင်းအဘိုးတစ်ယောက်ရယ် သေဆုံးတယ် ကြားတယ်၊ လက်နက်ကြီး ထိတာရယ်၊ လက်နက်စမှန်လို့ သေတာလို့ ကြားတာ”ဟု ထိုရွာစစ်ရှောင်များကို ကူညီခဲ့သူ ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။
ယမန်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းတွင် တောင်ငူအခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ အချို့သည် အမြန်လမ်းဘေး ဇီးပင်သာနှင့် ပိတောက်ခင် စသည့်ရွာတို့မှ စစ်ရှောင်လာသူ ၂၀ ဦးခန့်အား တောင်ငူမြို့ပေါ်သို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့တွင် တိုက်ပွဲများ ငြိမ်နေသော်လည်း ဒေသခံများ ထွက်ပြေးနေကြ၍ ရွှေလောင်းရွာမှ သေဆုံး၊ ထိခိုက်မှုအခြေအနေ အတိအကျ မသိရသေးကြောင်း ထိုသူက ဆိုသည်။
“ ဒီနေ့ကတော့ ( စက်တင်ဘာလ ၁၇ ရက်) လက်နက်ကြီးသံ၊ သေနတ်သံ မကြားရသေးဘူး၊ ငြိမ်သက်နေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ရွှေလောင်းရွာနှင့် အနီးဝန်းကျင်တိုက်ပွဲအခြေနေနှင့် ဒေသခံအရပ်သားများ သေဆုံးထိခိုက်မှုများရှိသည် ဆိုသည့်အခြေအနေနှင့် ပတ်သက်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်တို့က ယနေ့အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

PDF တော်လှန်ရေးတပ်ဖွဲ့များ အခြေချလှုပ်ရှားရာ နယ်မြေအတွင်း တည်ရှိသည့် ရွှေလောင်းကျေးရွာကို စစ်တပ်က နယ်မြေရှင်းလင်းရေး ဝင်ရောက်လာသဖြင့် PDF များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်နေသည်ဟု ပဲခူးတိုင်း ရေတာရှည်မြို့နယ်အခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
လက်ရှိတွင် စစ်တပ်က ရွှေလောင်းကျေးရွာဘက်မှ တိမ်းရှောင်လာသူများအား လမ်းဖွင့်ပေးသော်လည်း တိုက်ပွဲဖြစ်နေသည့် ရွှေလောင်းရွာနှင့် ဘိုကုန်းရွာဘက်သို့ သွားခွင့်ပိတ်ပင်ထားကာ အစောင့်အကြပ်များချထားကြောင်း ဒေသခံများထံက သိရသည်။
အုတ်တွင်းမြို့နယ်ရွှေလောင်းကျေးရွာသည် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် ၁၄၄ မိုင်၏ အနောက်ဘက် လေးမိုင်အကွာတွင် တည်ရှိသည့် ကျေးရွာဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၆၁၉၁ ဦး နေထိုင်ကာ တောင်ငူမြို့နယ်နှင့် ခပေါင်းချောင်းသာ ခြားသည်။
စစ်တပ်ထောက်ခံသည့် ဝါဒဖြန့်တယ်လီဂရမ်များတွင် ရွှေလောင်းရွာအနီး တိုက်ပွဲဖြစ်နေကြောင်း၊ ဒေသခံ ရွာသား သေဆုံး၊ ဒဏ်ရာရသူများရှိကြောင်း ဖော်ပြနေကြသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်တွင်လည်း ရွှေလောင်းကျေးရွာ၌ စစ်တပ်နှင့် PDF တို့ တိုက်ပွဲ ဖြစ်ပွားခဲ့မှုများလည်း ရှိခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်ရှိ ရဲကင်းစခန်းများကို PDF များက မကြာခဏ တိုက်ခိုက်ခဲ့ပြီး၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နွားထိုးကြီးမြို့နယ်နှင့် မိတ္တီလာမြို့နယ်ကြားရှိ မိုင်တိုင် ၃၁၉ အနီး ရဲကင်းစခန်း တိုက်ခိုက်ခံခဲ့ရသည်။




