အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ၏ မိသားစုဝင်များကို စစ်ကောင်စီရန်ရှာ

အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းခံထားရသည့် မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၏ နေအိမ်ကို ယမန်နေ့ညတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ပြီး မိသားစုဝင်များကို ရိုက်နှက်ကာ ငွေကျပ် ၁၀ သိန်းခန့်နှင့် အခြားအလိုရှိရာများ ယူဆောင်သွားသည့်အပြင် အသံဗုံးပါခွဲခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ လမ်း ၉၀ ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရပ်ကျေးရုံး တွဲဖွင့်ထားသည့် ဦးအောင်ကျော်ဦး၏ နေအိမ်သို့ ည ၁၁ နာရီခန့်တွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် အင်အား ၁၀ ကျော်ရှိ စစ်သားနှင့် ရဲများ ရောက်လာခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ဦးအောင်ကျော်ဦးက သူ့နေအိမ်ကို ပါတီဆိုင်းဘုတ်တင်ထားတာ။ ရပ်ကျေးရုံးဖွင့်ထားတာလေ။ ပါတီနဲ့ ပတ်သက်တဲ့အသုံးအဆောင်တွေ၊ ခုံတွေ၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ၊ ပန်းချီကားတွေ၊ မှန်တွေကို ဓားနဲ့ထိုးခွဲတယ်။ ပြီးတော့ ဦးအောင်ကျော်ဦးရဲ့ ချွေးမကို ထိုးကြိတ်တယ်” ဟု ရပ်ကွက်နေအမျိုးသားက Myanmar Now ကို ပြောသည်။ 

အဆိုပါဖြစ်စဉ်ကို မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများတွင်လည်း ရိုက်ချိုးခံထားရသည့် ပရိဘောဂပစ္စည်းများ၊ ကွဲနေသည့်မှန်များ၊ မွှေနှောက်ထားသဖြင့် အသုံးအဆောင်ပစ္စည်းများ ရှုပ်ပွနေသည်ကို တွေ့ရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးအောင်ကျော်ဦး၏ မိသားစုမှာ ကိုဗစ်နိုင်တင်းကပ်ရောဂါ လက္ခဏာများပြနေသဖြင့် ဆေးကုမှုခံယူနေရချိန်တွင် စစ်ကောင်စီက ထိုသို့ ရန်လာရှာခြင်းဖြစ်ကြောင်း၊ ငွေများယူဆောင်သွားသည်မှာ မှန်ကန်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။ 

“ပြည်ခိုင်ဖြိုးရုံးဗုံးပေါက်တာအတွက် စစ်ဆေးတာဆိုပြီး လာတာပဲ။ ပြီးတော့ မိသားစုတွေကို ရိုက်နှက်တယ်။ နာရီဝက်လောက် အဲဒီလိုစိတ်ကြိုက်ဖျက်ဆီး၊ ငွေတွေပစ္စည်းတွေယူပြီးတော့ ပြန်သွားတယ်။ အပြန်မှာ ရုံးရှေ့မှာ (အသံ) ဗုံးဖောက်သွားကြသေးတယ်” ဟု  ၎င်းက ပြောသည်။

ရဲနှင့်စစ်သားများ ဝင်ရောက်စီးနင်းစဉ် နေအိမ်ရှိ မိသားစုဝင်အရေအတွက်၊ ဒဏ်ရာရရှိမှုနှင့် ကျန်းမာရေးအခြေအနေအသေးစိတ်ကိုမူ ဦးအောင်ကျော်ဦးမိသားစုနှင့် နီးစပ်သူက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

ယမန်နေ့ ညနေ ၅နာရီကျော်ခန့်က ဦးအောင်ကျော်ဦးတို့၏ နေအိမ်နှင့် တစ်ရပ်ကွက်ထဲ၌ပင်ရှိသည့် မဟာအောင်မြေမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ပေါက်ကွဲမှုများဖြစ်ခဲ့ရာ အတွင်းပိုင်းပျက်စီးမှုများရှိသော်လည်း လူထိခိုက်သေဆုံးခြင်းမရှိဟု ထိုနေရာအနီးတွင် နေထိုင်သူ အခြားသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းသည့် နေ့ကတည်းက အသက် ၅၀ ကျော် ဦးအောင်ကျော်ဦးကို စစ်ကောင်စီက ဖမ်းခဲ့ပြီး အိုးဘိုထောင်၌ ထိန်းသိမ်းထားကာ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ ကဖြင့် အမှုဖွင့်ထားကြောင်း၊ ၎င်း၏ သားဖြစ်သူ ရပ်ကျေး NLD ဘဏ္ဍာရေးမှူး ကိုငြိမ်းချမ်းစိုးကိုလည်း အလားတူပင် ဖမ်းဆီးအမှုဖွင့်ထားကြောင်း NLD ပါတီဝင်အချို့က အတည်ပြုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button