အီရန်နဲ့ အမေရိကန် ပဋိပက္ခတွေကြောင့် ပါရှန်းပင်လယ်ကွေ့နဲ့ ဟော်မုဇ် ရေလက်ကြားအတွင်း ပိတ်မိနေတဲ့ ကုန်တင်သင်္ဘောသား ၆,၀၀၀ လောက် ရှိနေပြီး တချို့သင်္ဘောသားတွေဟာ ရိက္ခာမလုံလောက်တဲ့အတွက် တစ်ရက်ကို ထမင်းတစ်နပ်သာ စားနေကြရတယ်လို့ The New York Times ဆောင်းပါး တစ်ပုဒ်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုအပြီး အီရန်က ဟော်မုဇ် ရေလက်ကြားကို ပိတ်ပစ်ခဲ့တဲ့အတွက် သင်္ဘော အစင်း ၁,၅၀၀ ခန့်နဲ့ သင်္ဘောသား ၂၀,၀၀၀ နီးပါး ချက်ချင်း ပိတ်မိသွားခဲ့တယ်လို့ နိုင်ငံတကာ ရေကြောင်းအဖွဲ့အစည်းတွေက ဆိုပါတယ်။
အခြေအနေ ပေးတဲ့အချိန်မှာ သင်္ဘောတစ်ချို့ ဟော်မုဇ် ရေလက်ကြားကို အမြန်ဖြတ်ပြီး ပါရှန်းပင်လယ်ကွေ့အတွင်းက ထွက်သွားနိုင်တဲ့ သင်္ဘော အများအပြား ရှိခဲ့ပေမယ့် သင်္ဘောသား ၆,၀၀၀ လောက်ကတော့ ဆက်ပိတ်မိနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကလည်း ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ MSC Francesca အမည်ရှိ သင်္ဘောကို အီရန်က သိမ်းဆည်းခဲ့ပါတယ်။ အဲဒီသင်္ဘောမှာ သင်္ဘောသား အယောက် ၂၀ လောက်ပါဝင်ပြီး မွန်တီနီဂရိုး၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။
သူတို့တွေဟာ ရက်ပေါင်းများစွာကိုမှ မိနစ် ၃၀ စာ အင်တာနက် သုံးခွင့်ရတာကလွဲလို့ အခြား ဆက်သွယ်ရေး နည်းလမ်းလည်း မရှိကြဘူးလို့ The New York Times က ဆိုပါတယ်။ အိမ်ကို ပြန်နိုင်မယ့် နည်းလမ်းမရှိဘဲ သင်္ဘော ထိန်းသိမ်းရေး၊ စောင့်ကြည့်ရေးနဲ့ ကုန်ပစ္စည်း စစ်ဆေးရေးလုပ်ငန်းတွေကို လုပ်ဆောင်ရင်း အန္တရာယ်ကြားမှာ နေထိုင်နေကြရပါတယ်။
ဟော်မုဇ် ရေလက်ကြားဟာ အီရန်−အမေရိကန် စစ်ပွဲမတိုင်မီက စက်ရုံ/အလုပ်ရုံသုံး ပစ္စည်းတွေ သယ်ယူပို့ဆောင်ရာမှာနဲ့ ရေနံတင်သင်္ဘောတွေဖြတ်သန်းလေ့ရှိပြီး အလွန်အရေးပါတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုအခါမှာတော့ ဒီအခြေအနေဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး သင်္ဘောလိုင်းတွေဟာလည်း ဒီရေလက်ကြားကို ရှောင်ရှားလာကြပါတယ်ခင်ဗျား။



