သတင်း

မြန်မာသင်္ဘောသားများ အီရန်တွင် ဓားစာခံဖြစ်နေဟု MSF ပြော

အီရန်က မြန်မာင်္ဘောသားများကို ဖမ်းဆီးလိုက်ခြင်းသည် ၎င်းတို့၏ နိုင်ငံရေးကစားကွက်တွင် သင်္ဘောသားများအား ဓားစာခံသဖွယ် အသုံးချခြင်းကြောင့် ဖြစ်နိုင်သည်ဟု မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ဥက္ကဋ္ဌက ပြောသည်။

ပါရှန်းပင်လယ်ကွေ့တွင် ခုတ်မောင်းနေသည့် တောင်ကိုရီးယားနိုင်ငံမှ ရေကြောင်းကုမ္ပဏီတစ်ခုပိုင်ဆိုင်သော Hankuk Chemi အမည်ရှိ သင်္ဘောကို အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပင်လယ်ရေညစ်ညမ်းစေမှုဖြင့် ဇန်နဝါရီ ၄ ရက်တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

အဆိုပါရေနံတင်သင်္ဘောတွင် တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မြန်မာ အစရှိသည့်နိုင်ငံများမှ  သင်္ဘောသား ၂၀ ဦး တာဝန်ထမ်းဆောင်နေပြီး ယင်းတို့အနက် ၁၁ ဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။

၎င်းသင်္ဘောကို စီမံခန့်ခွဲသည့် ဘူဆန်အခြေစိုက် Taikun Shipping ကုမ္ပဏီက မြန်မာနိုင်ငံ၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DMA) သို့ ဇန်နဝါရီ ၇ ရက်စွဲဖြင့် မြန်မာသင်္ဘောသားများ ဖမ်းဆီးခံရကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်။ 

ယင်းစာထဲတွင် “လက်ရှိအချိန်ထိ ပြဿနာတစ်စုံတစ်ရာမရှိဘဲ ဘေးကင်းစွာ ရှိနေကြောင်း၊ သင်္ဘောအား ပြန်လွှတ်ပေးရေးနှင့် သင်္ဘောသားများ ဘေးကင်းလုံခြုံရေးကို စဉ်ဆက်မပြတ် တောင်းဆိုနေကြောင်းနှင့် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ယူလျက် အီရန်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း” ဖော်ပြပါရှိသည်။ 

MSF ဥက္ကဋ္ဌ ကပ္ပတိန်းစိုးမင်းအောင်က “ဒါကတော့ အီရန်နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးသိက္ခာပေါ် မူတည်ပြီး လုပ်တာပါ၊ နိုင်ငံရေးကစားကွက်ကြားထဲမှာ ဓားစာခံလိုမျိုး ကြားညပ်သွားတာပေါ့ဗျာ” ဟု Myanmar Now ကို ပြောသည်။

“ရေနံရောင်းထားတဲ့ ပိုက်ဆံတွေက ကိုရီးယားဘဏ်တွေမှာ ရှိတယ်ဗျ၊ ဒေါ်လာ ၇ ဘီလျံလောက် ရှိတယ်၊ အဲဒါကို အရေးယူပိတ်ဆို့ထားတဲ့အတွက် ဒါကို သူတို့က သင်္ဘောကို ဒီလိုလုပ်လိုက်တဲ့ သဘောပေါ့” ဟု ၎င်းက ဝေဖန်သည်။

MSF ၏ Facebook စာမျက်နှာတွင် အီရန်အစိုးရသည် ကုန်သွယ်ရေးပိတ်ဆို့ခံထားရခြင်းကြောင့် တောင်ကိုရီးယားအစိုးရ အစည်းအဝေးခေါ်ယူနိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် “နိုင်ငံရေးကစားကွက်များထဲမှ အပြစ်မဲ့ သင်္ဘောသားများ အမြန်ဆုံးလွတ်ကင်းနိုင်ကြပါစေ” ဟု ရေးသားဖော်ပြထားသည်။

ထို့ပြင် သင်္ဘောသားများအားလုံး ပြန်လည်လွတ်မြောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးရန် ရန်ကုန်မြို့ရှိ တောင်ကိုရီးယားသံရုံးသို့ MSF က ယနေ့ နံနက်ပိုင်းက မေတ္တာရပ်ခံစာတစ်စောင် ပေးပို့ခဲ့ပြီး ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားများ၏ မိသားစုများကို ကူညီအားပေးရန် ရှာဖွေစုံစမ်းလျက် ရှိသည်ဟုလည်း သိရသည်။  

ရေနံဓာတုပစ္စည်း တန်ချိန် ၇,၂၀၀ တင်ဆောင်လာခဲ့သည့် အဆိုပါရေနံတင်သင်္ဘောသည် ဆော်ဒီအာရေဗျရှိ Al Jubail ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ကာ ပင်လယ်ရေပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေများကို ချိုးဖောက်ခဲ့၍ ဖမ်းဆီးရခြင်းဖြစ်သည်ဟု နိုင်ငံတကာသတင်းမီဒီယာများကို အီရန်အစိုးရက ပြောသည်။

သို့ရာတွင် Hankuk Chemi သင်္ဘော၏ ပိုင်ရှင်ဖြစ်သည့် ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့အခြေစိုက် DM Shipping ကုမ္ပဏီကတော့ အီရန်အစိုးရ၏ စွပ်စွဲချက်ကို လက်မခံဘဲ ပင်လယ်ရေပြင်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခဲ့ခြင်းမရှိကြောင်း  ငြင်းဆန်ထားသည်။

သင်္ဘောသားများအား ဦးစွာပြန်လွှတ်ပေးရန် တောင်ကိုရီးယားနိုင်ငံက အီရန်ကို တောင်းဆိုထားပြီး  ဇန်နဝါရီ ၇ ကလည်း အီရန်အာဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ရန် အစိုးရကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို အီရန်သို့ စေလွှတ်ထားသည်။

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်ကလည်း အီရန်သံအမတ်ကြီး H.E Dr Ali Chegeni နှင့် ဇန်နဝါရီ ၈ နံနက်ပိုင်းက နယူးဒေလီမြို့တွင် တွေ့ဆုံ၍ အီရန်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာသင်္ဘောသားများ၏ အခြေအနေကို မေးမြန်းစုံစမ်းခဲ့ကာ အမြန်ဆုံးပြန်လွှတ်ပေးနိုင်ရေး ကူညီပေးရန် မေတ္တာရပ်ခံခဲ့သည်။

အီရန်သည် မြန်မာနိုင်ငံနှင့် “သံအမတ်ကြီး အဆင့်” အဆက်အသွယ်ရှိသော နိုင်ငံများစာရင်းတွင် ပါဝင်သော်လည်း နှစ်နိုင်ငံအကြား သံရုံးဖွင့်လှစ်ထားခြင်း မရှိသဖြင့် ကြားနိုင်ငံများရှိ သံရုံးများမှတစ်ဆင့် ဆက်သွယ်ရသည့် အနေအထားဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများအား (ကိုရီးယား) သင်္ဘောဘက်က ချိုးဖောက်မှုရှိပါကလည်း ကပ္ပတိန်အဆင့်တွင်သာ တာဝန်ရှိသည်ဖြစ်၍ ကျန်သင်္ဘောသားများကိုမူ အမြန်ဆုံးပြန်လွှတ်ပေးရမည်ဟု မြန်မာပင်လယ်ရေကြောင်းအလုပ်သမားများအဖွဲ့ချုပ် (MMWF) ၏ အထွေထွေအတွင်းရေးမှူး ဦးတင်ကိုကိုသက်က ဆိုသည်။

Show More

Related Articles

Back to top button