မြန်မာ- အိန္ဒိယ- ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး၏ အိန္ဒိယနှင့်နယ်စပ်တကြောကို စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိရာ ယခုထိုးစစ်သည် ပြီးခဲ့သည့်ငါးနှစ်အတွင်း အပြင်းထန်ဆုံးနှင့် အင်အားအကြီးဆုံးထိုးစစ်ဟု ယင်းဒေသကိုထိန်းချုပ်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUGနှင့် ဒေသန္တရတပ်များမှ မြေပြင်တပ်ဖွဲ့ဝင်များက ပြောကြသည်။
မြန်မာစစ်တပ်သည် ထိုလမ်းမကြီးတလျှောက်ရှိ တော်လှန်ပုန်ကန်သူများနှင့် အရပ်သားများကို အထူးသဖြင့် အိန္ဒိယခေါင်းဆောင်မိုဒီနှင့် ဦးမင်းအောင်လှိုင်တို့ ဇွန်လဆန်းက တွေ့ဆုံခဲ့ပြီးနောက် အပြင်းအထန် နှိမ်နင်း တိုက်ခိုက်လာခဲ့သည်။
အိန္ဒိယသည် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ အရပ်သားသမ္မတအဖြစ် အသိအမှတ်ပြုပြီး နယူးဒေလီတွင် ကော်ဇောနီခင်း၍ ကြိုဆိုခဲ့သည်။ ယခု သီတင်းပတ်အတွင်း ဘန်ကောက်ကလည်း နယူးဒေလီ၏ခြေရာကို လိုက်နင်းရန် ရှိနေသည်။
အပြန်အလှန်အားဖြင့် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မဏိပူရ ပြည်နယ် မိုရေးမြို့နှင့် ထိုင်းနိုင်ငံအနောက်ပိုင်း မဲဆောက်မြို့တို့အား မြန်မာနိုင်ငံကိုဖြတ်သန်း၍ ဆက်သွယ်ထားသည့် ကီလိုမီတာ ၁၃၆၀ (၈၄၅ မိုင်ခန့်) အရှည်ရှိ အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်း အသက်ဝင်ရေးအတွက် ထိုဒေသတကြောတွင် ဗုံးမိုး၊ ကျည်မိုးများ ရွာပေးနေရသည်။

မိုဒီ- မင်းအောင်လှိုင် သဘောတူညီချက်နောက်မှ နယ်စပ်တိုက်ပွဲများ
အိန္ဒိယတွင် မိုဒီ- မင်းအောင်လှိုင် တွေ့ဆုံမှုအပြီး နှစ်နိုင်ငံပူးတွဲကြေညာချက်တွင် ထိုအဝေးပြေးလမ်း အပြီးသတ်နိုင်ရေးဆိုသည့်အချက်လည်း ပါဝင်သည်။ ဦးမင်းအောင်လှိုင်သည် မိုဒီနှင့်တွေ့ဆုံပြီး သီတင်းတစ်ပတ်ခန့်အကြာ ဇွန်လ ၉ ရက်တွင် စစ်အစိုးရထိပ်တန်း ခေါင်းဆောင်များကို စုဝေးစေခဲ့ပြီးနောက် ၎င်း၏ဆရာ အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေခေတ် ၂၀၀၂ ခုနှစ် ကတည်းက လက်စမသတ်ဖြစ်နေသည့် ယင်းအဝေးပြေးလမ်းမစီမံကိန်းကို ငါးနှစ်အတွင်းအပြီးသတ်မည်ဟု ကြုံးဝါးခဲ့သည်။
အဝေးပြေးလမ်းမဖွင့်ပွဲအတွက် ‘ထိုင်းနဲ့မြန်မာလမ်းကြောင်းတွေကတော့ တော်တော်များများပွင့်နေပြီ’ ဟု ဦးမင်းအောင်လှိုင်က အိန္ဒိယခရီးစဉ်အတွင်း Doordarshan (DD India News) သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်။ ထို့အပြင် ‘အိန္ဒိယဘက်အခြမ်းက အရေးကြီးပါတယ်’ ဟုလည်းဆိုသည်။ ဆိုလိုသည်က မြန်မာစစ်တပ်သည် ထိုင်းနယ်စပ်ကိုထိန်းချုပ်ထားနိုင်သော်လည်း အိန္ဒိယနယ်စပ်ကို ထိန်းချုပ်ရေး လိုအပ်နေသေးသည်ဟု ဝန်ခံခဲ့ခြင်းဟု နားလည်ရသည်။
တောတောင်ထူထပ်သည့် မြန်မာ- အိန္ဒိယနယ်စပ်သည် မိုးတွင်းတွင်သွားလာရခက်ခဲသဖြင့် မိုးမကျမီ နယ်စပ်ကိုထိန်းချုပ်နိုင်ရေးအတွက် ကြိုးစားနေသည်ဟုလည်း DD India News သတင်းဌာနကိုပြောခဲ့သည်။
အိန္ဒိယဘက်က မီးစိမ်းပြခဲ့ပြီးနောက် မြန်မာစစ်တပ်သည် ဇွန်လပထမပတ်မှစတင်၍ သုံးနိုင်ငံအဝေးပြေးလမ်း စီမံကိန်းထဲပါသည့် ကလေး- တမူးလမ်းပိုင်းနှင့် မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်းတို့ကို ထိုးစစ်ဆင်ရန် မြန်မာစစ်တပ်က တပ်သားထောင်ချီစေလွှတ်ထားသည်ဟု ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့်သီတင်းပတ်အတွင်းတွင် Myanmar Now ကိုပြောသည်။
ထိုဒေသများကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်များ၊ ချင်းနှင့်ကူကီး တော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။
အရှိန်အဟုန်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်တပ်သည် ထိုလမ်းပိုင်းရှိ NUG နှင့် မဟာမိတ်တို့ သုံးနှစ်နီးပါးကြာထိန်းချုပ်ခဲ့သည့် ခါမ်းပါတ်မြို့ကို ဇွန်လတတိယပတ်တွင် ပြန်ရသွားပြီး ချင်းတောင်၊ စစ်ကိုင်းတိုင်းနှင့် အိန္ဒိယနယ်စပ် သုံးပွင့်ဆိုင်ရာအရပ်ရှိ ကမ္မကြီးရွာကို ဇူလိုင်လ ၁၉ ရက်တွင် လည်းကောင်း၊ ထိုနေရာမှ လေးမိုင်ခန့်အကွာရှိ ထင်းဇင်ရွာကို ဇူလိုင်လ ၂၇ ရက်တွင် လည်းကောင်း၊ ကလေး- တမူးလမ်းပိုင်းရှိ တွီဘန်ရွာ၊ ဝိတုတ်၊ တီးတိန်ယံနှင့် ရန်တိုင်းအောင်ရွာတို့ကို ဇူလိုင်လ ၃၁ ရက်တွင် လည်းကောင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

ယခုလပိုင်းအတွင်းမှာပင် ချင်းပြည်နယ် မြောက်ပိုင်း မြို့နယ်များကို လက်လွှတ်လိုက်ရသည့်အပြင် ယခုတဖန် ကလေး- တမူးလမ်းတစ်ခုလုံးကိုသာ ဆုံးရှုံးရပါက အညာဒေသ တော်လှန်ရေး အင်အားစုများအတွက် လက်နက်ခဲယမ်း ရရှိရေး ပိုမိုခက်ခဲလာဖွယ်ရှိကြောင်း စစ်ရေးလေ့လာသူများကသုံးသပ်သည်။
“ဒီတစ်ခါမှာတော့ သူတို့ဘက်က ခါတိုင်းထက်စာရင် အရေးသာတယ်ဆိုတာကတော့ ပကတိအနေ အထားဖြစ်တယ်။ အဲ့ဒါကတော့ မင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်အပြီးနဲ့ သက်ဆိုင်တယ် လို့ထင်တယ်။ တစ်ချက်က နယ်စပ်မှာ တော်လှန်ရေးအင်အားစုတွေ ၊ ဒုက္ခသည်တွေ၊ လက်နက်စီးဆင်းရာ လမ်းကြောင်းတွေ လက်နက်ခဲယမ်း ရိက္ခာဆေးဝါးလမ်းကြောင်းတွေကို အိန္ဒိယဘက်က တင်းတင်းကျပ်ကျပ်ဖြတ်တောက်ထားတဲ့ အတွက်။ ပြီးရင် ကလေး- တမူးလမ်းပိုင်းဆိုတာကလည်း အိန္ဒိယ နယ်စပ်ခြံစည်းရိုးနဲ့ နီးနီးကပ်ကပ်ရှိနေတာ ဖြစ်တဲ့ အတွက် တော်လှန်ရေးတပ်တွေဘက်က စစ်ဆင်ဖို့အခွင့်အရေးနည်းသွားနိုင်တယ်” ဟု စစ်ရေးစောင့်ကြည့်လေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
မိုင် ၈၀ ကျော်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသည့် ကလေး- တမူးလမ်းပိုင်းပေါ်ရှိ နယ်မြေ အများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် စစ်တပ်က မြေပြင်အင်အားသာမက နည်းပညာပိုင်းတွင်လည်း ဒရုန်းများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် အသာစီးယူ ထိုးစစ်ဆင်နေကြောင်း မြေပြင်သတင်းရင်းမြစ်များကဆိုသည်။
“ဒရုန်းဆိုရင်လည်း အသေခံဒရုန်းတွေ သုံးတာများတယ်လို့ ကြားရတယ်။ ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် သူတို့ဘက်က မြေပြင်ရော ဝေဟင်ရော နည်းပညာပိုင်းရော အဲ့ဒါတွေ အားလုံးရဲ့အထောက်အပံ့တွေ ရထားတာ”ဟု တမူးမြို့နယ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
စစ်ရေးစောင့်ကြည့်လေ့လာသူများနှင့် မြေပြင်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ များ၏အဆိုအရ တမူးဒေသထိုးစစ်တွင် တပ်မ (၇၇)၊ ကလေးတပ်နယ်မှ စစ်ကြောင်းများ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခ)၊ ရဲတပ်ရင်းများ၊ ပြည်သူ့စစ်များအပြင် ဒေသတွင်း စစ်တပ်နှင့်နီးကပ်သည့် ဆက်ဆံရေးရှိသည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့် ကသည်း လက်နက်ကိုင်များလည်း ပါဝင်နေသည်။
နှစ်နိုင်ငံနယ်စပ်တွင် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကတည်းက အခြေစိုက်ခဲ့ကြသည့် ကသည်း လက်နက်ကိုင်တပ်ဖွဲ့များသည် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်း၍ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် ပါဝင်နေသည့်ဖြစ်စဉ်များ မကြာမီက ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း ကလေး- တမူးလမ်းပိုင်းတွင် ဖမ်းဆီးရမိသည့် ကသည်းလက်နက် ကိုင်တပ်ဖွဲ့ဝင် တစ်ဦးနှင့် ရုပ်အလောင်း သုံးခုကို အမျိုးသားညီညွတ်ရေးအစိုးရက အိန္ဒိယ အစိုးရထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
ယခုတကြိမ် နှစ်နိုင်ငံနယ်စပ် မြန်မာစစ်တပ်၏ထိုးစစ်တွင် ကသည်းလက်နက်ကိုင်များ ပါဝင်မှု အခြေအနေနှင့်ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

နှစ်နိုင်ငံနယ်စပ်တွင် မြန်မာစစ်တပ်၏ ထိုးစစ်ပြင်းထန်လာသဖြင့် အိန္ဒိယ၏ အာဏာသိမ်းစစ်အုပ်စုနှင့်ပတ်သက်သည့်သဘောထားနှင့် လူသားချင်းစာနာမှု အကျပ်အတည်းဆိုင်ရာအခြေအနေများကို သိရှိနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးကို အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားခြင်းမရှိသေးပါ။ အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရ ဦးနေဘုန်းလတ်ကိုလည်း အွန်လိုင်းမှတဆင့် ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိပါ။
မြန်မာစစ်တပ်ဘက်ယိမ်းသည့် အိန္ဒိယ၏လုပ်ရပ်များ
အိန္ဒိယသည် မြန်မာစစ်တပ်ကိုတိုက်ခိုက်နေသည့် လက်နက်ကိုင်တပ်ဖွဲ့များကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ နယ်စပ်တွင် စခန်းချထားသည့် NUG ၏ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ဝင် ၁၀ ဦးကို အိန္ဒိယစစ်တပ်၏ အာသံရိုင်ဖယ်တပ်က ၂၀၂၅ ခုနှစ် မေလအတွင်း ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ပုပ်ပွနေသည့် ရုပ်အလောင်းများကို တမူးပကဖအား ပြန်ပေးခဲ့သည်။
အိန္ဒိယနယ်စပ်တွင်စစ်ဆင်ရေးပြုလုပ်စဉ် လက်နက်ကိုင်တပ်ဖွဲ့များက ဦးစွာပစ်ခတ်သည့်အတွက် လက်တုံ့ပြန်ပစ်ခတ်ရာမှ သေဆုံးခြင်းဖြစ်သည်ဟု အိန္ဒိယစစ်တပ်က ထုတ်ပြန်သော်လည်း မြေပြင်အခြေစိုက် တော်လှန်ရေးအင်အားစုများကမူ မြန်မာနိုင်ငံဘက်ခြမ်းရှိ စခန်းတွင် စခန်းချနေစဉ် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုအမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းအရေးယူပေးရန် အမျိုးသားညီညွတ်ရေးအစိုးရက အိန္ဒိယကို တောင်းဆိုခဲ့သော်လည်း တစ်နှစ်ကျော်ကြာမြင့်လာသည့်တိုင် ထိုအမှုအခြေအနေမှာ ဖြစ်ပေါ်တိုးတက်မှု တစုံတရာမရှိကြောင်း တော်လှန်ရေးအင်အားစုများ ကဆိုသည်။
ဒီမိုကရေစီနိုင်ငံကြီးဖြစ်သည့် အိန္ဒိယသည် ၎င်း၏စစ်တပ်က မြန်မာ့ တော်လှန်ရေးအင်အားစုဝင်များ ဖမ်းဆီးသတ်ဖြတ်မှုနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေသော်လည်း အိန္ဒိယဘက်သို့ ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်သားများကိုမူ မှဲ့တပေါက်မစွန်းစေဘဲ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ပလက်ဝ၌ အေအေနှင့်တိုက်ပွဲများ ပြင်းထန်ချိန် အိန္ဒိယဘက်သို့ ထွက်ပြေးသွားသည့် စစ်သားရာနှင့်ချီပြီး ပြန်လွှဲပြောင်းပေးခဲ့သည့်နည်းတူ ၂၀၂၃ နှစ်ကုန်ပိုင်းက ချင်းပြည်နယ် ဖလမ်းနှင့် ရိဒ်ခေါဒါရ်တိုက်ပွဲတို့တွင် အိန္ဒိယဘက်ထွက်ပြေးသည့် စစ်သားများကိုလည်း နယ်စပ်မှတဆင့် မြန်မာစစ်တပ်ထံ ပြန်လည်လွှဲပြောင်းခဲ့သည်။
မိုရေးနှင့်မဲဆောက်ဆက်သွယ်ရန်အတွက် အသက်ပေးကြရသည့်မြန်မာများ
မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်းရှိ စစ်ကြောင်းလက်ချက်ဖြင့် အရပ်သား ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသလို၊ မီးရှို့ဖျက်ဆီးမှုများကြောင့်လည်း နေအိမ်ဆယ်နှင့်ချီ ပြာကျခဲ့ရသည်။ ယာကြီးရွာကို ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နေအိမ်နှင့်ကား နှစ်စီးလည်း မီးလောင်ပျက်စီးခဲ့သည်။
မြေပြင်တွင် ၎င်းတို့ခြေကုပ်ယူထားသည့် နေရာအချို့မှအပ လမ်းပိုင်းကို စိုးမိုးထားနိုင်ခြင်းမရှိဘဲ စစ်ကြောင်းထိုးသွားနိုင်ခဲ့သည့် အခြေအနေသာရှိသည်ဟု ကနီမြို့နယ် ဒေသခံတို့ကဆိုသည်။
ကလေး- တမူးလမ်းပိုင်းတွင်လည်း တကျော့ပြန်တိုက်ပွဲများကြောင့် အရပ်သား နှစ်ဦးထက်မနည်း သေဆုံးပြီး သက်ကြီးရွယ်အိုအပါအဝင် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တမူးခရိုင်အတွင်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များ ကောက်ယူထုတ်ပြန်ပေးနေပြီး နယ်စပ် စစ်ရှောင်ပြည်သူများ အရေး ကူညီပေးနေသည့် အရပ်ဘက်အဖွဲ့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) ထံက သိရသည်။
အမျိုးသားတစ်ဦးမှာ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ပြီး နောက်ထပ် အမျိုးသားတစ်ဦးမှာ လေကြောင်း တိုက်ခိုက်မှုတွင် ဗုံးစထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း KWHRO အတွင်းရေးမှူးအဖွဲ့ဝင် မဟယ်လင်က ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦး လက်ကောက်ဝတ် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အချိန်မီ ကုသခွင့်မရရှိသဖြင့် ပုပ်ပွသွားကာ နောက်ထပ်အမျိုးသမီးတစ်ဦးမှာ မျက်နှာတွင် ထိမှန်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဇူလိုင် ၂၃ ရက်တိုက်ပွဲကြောင့် အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း KWHRO ၏ အချက်အလက်များအရ သိရသည်။
မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်းပေါ်ရှိ စစ်တပ်ထိုးစစ်တွင် ကနီနှင့် ယင်းမာပင်မြို့နယ်ရှိ အရပ်သား ကိုးဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများကပြောသည်။
တဖက် နယ်စပ်ဒေသတွင် ရှောင်တိမ်းနေရသည့် စစ်ရှောင်ပြည်သူများအတွက် သွားရောက်ကူညီရာတွင် အခက်အခဲ အတားအဆီး ကြုံတွေ့ရကြောင်း မဟယ်လင်ကဆက်ပြောသည်။
“စစ်ရှောင်တွေကို သွားရောက်ကူညီဖို့ အိန္ဒိယအစိုးရ အိန္ဒိယစစ်တပ်က ခွင့်မပြုတဲ့ဟာတွေလည်းကျွန်မတို့ ကြုံတွေ့နေရတာတွေလည်း ရှိတယ်။ အိန္ဒိယ စစ်တပ်လည်း သူတို့ရဲ့လမ်းကြောင်းတွေကိုအကုန်လုံး ဂိတ်ချပြီးမှသွားလာရေးတွေကို လုံးဝတင်းကျပ်နေတယ်”ဟု ဆိုသည်။
စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများမလုံလောက်မှု အပြင် မိုးရာသီတွင် ဖြစ်ပေါ်တတ်သည့် ကျန်းမာရေး ပြဿနာများကို ရင်ဆိုင်နေရပြီး အမျိုးသမီးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ အဓိက ထိခိုက်ခံစားနေရသည်။ ယခုအချိန်သည် မိုးရာသီဖြစ်သော်လည်း စစ်ပွဲများကြောင့် လယ်ယာစိုက်ပျိုးခြင်း မပြုလုပ်နိုင်ကြပေ။ ယင်းအပြင် တိုက်ပွဲများကြောင့် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့်ထွက်ပြေးလာရပြီး အခြေခံစားဝတ်နေရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေ၍ ကူညီထောက်ပံ့မှုများလိုအပ်နေကြောင်း မဟယ်လင်က ဆိုသည်။
ကမ္ဘာ့အင်အားကြီးဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့ခြင်းနှင့် စစ်သင်တန်းဆိုင်ရာ ပံ့ပိုးကူညီပေးနေခြင်းများက စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သွယ်ဝိုက်သည့်နည်းဖြင့် အားပေးထောက်ခံနေသကဲ့သို့ ဖြစ်နေကြောင်း မဟယ်လင်က မှတ်ချက်ပြုသည်။
“အိန္ဒိယအစိုးရက သူတို့ရဲ့အကျိုးစီးပွား၊ အကျိုးအမြတ်အပေါ် မူတည်ပြီးလှုပ်ရှားဆောင်ရွက်နေ တယ်ဆိုတာလည်း တွေ့ရတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လာတယ်ဆိုရင်တော့ သဘာဝသယံဇာတ၊ စီးပွားရေးနဲ့ မဟာဗျူဟာ အကျိုးအမြတ်တွေကိုပဲ အလေးထားပြီး မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ လူသားချင်းစာနာထောက်ထားရေး အခြေအနေတွေအပေါ် လုံးဝ အာရုံစိုက်မှုမတွေ့ရတာကတော့ စိတ်မကောင်းစရာဖြစ်တယ်လို့ သုံးသပ်မိတယ်”ဟု ဆိုသည်။
“ဥပမာ အနေနဲ့ပြောရမယ်ဆိုရင် တမူးနယ်စပ်တလျှောက်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာ အသက် ဘေးလွတ်မြောက်ဖို့ စစ်ရှောင်လာတဲ့ မြန်မာစစ်ရှောင်ပြည်သူတွေကို အိန္ဒိယအစိုးရက ဝင်ရောက်ကန့်သတ်ထားတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့တယ်။ ပြီးတော့ လာရောက်ခိုလှုံနေတဲ့ပြည်သူတွေကို ဖမ်းဆီးထောင်ချတဲ့ဖြစ်စဉ်တွေ လည်းရှိခဲ့တယ်။ ထောင်ကျနေစဉ်အတွင်း ကျန်းမာရေးထောက်ပံ့မှုတွေမရရှိလို့ အပြစ်မဲ့တဲ့ စစ်ရှောင်ပြည်သူတစ်ယောက် အသက်ဆုံးရှုံးခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်။ ထောင်ချခံနေရတဲ့ အပြစ်မဲ့ပြည်သူတွေကိုလည်း အကြမ်းဖက်စစ်ကောင်စီကို လွှဲပြောင်းပေးတဲ့ ကိစ္စရပ်တွေရှိခဲ့ပါတယ်။ ဒီလိုဖြစ်စဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် ကမ္ဘာကအသိအမှတ်ပြုခံထားရတဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အိန္ဒိယ နိုင်ငံ၊ အိန္ဒိယအစိုးရရဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ဆောင်ချက်တွေက ရှိမနေတဲ့အတွက် အရမ်းကိုရှုတ်ချစရာကောင်းတယ်လို့ ကျွန်မအနေနဲ့သုံးသပ်မိပါတယ်”ဟု ၎င်းကဆက်ပြောသည်။



