တစ်ရက်လျှင် ရေနံစည်ပေါင်း ၂၀၀၀ ကျော်ထွက်ရှိသော မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်းတွင်းရေနံလုပ်ကွက် နှစ်ခုတွင် ရေနံစိမ်းတူးဖော်ခွင့် ရရှိထားသည့် စင်ကာပူစတော့အိတ်ချိန်းဝင် Interra Resources Ltd သည် ပြည်တွင်းပြည်ပ ဖိအားများကြုံရပြီးနောက်တွင် ၎င်းတို့ရင်းနှီးမြှုပ်နှံမှုမှ ရှယ်ယာများကို လက်ရှိပါတနာ တရုတ်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီထံ လွှဲပြောင်းရောင်းချ၍ ထွက်ခွာတော့မည်ဟု ကြေညာသည်။
ထိုရေနံလုပ်ကွက်နှစ်ခုသည် မကွေးတိုင်း ရေနံချောင်းနှင့် ချောက်မြို့နယ်တို့အတွင်း တည်ရှိပြီး ဧကလေးသိန်းခွဲနီးပါး (၁,၈၀၀ စတုရန်းကီလိုမီတာ) အကျယ်အဝန်းရှိသည်။
ထိုလုပ်ကွက်နှစ်ခုမှ ထွက်ရှိသည့် ရေနံစိမ်းများကို ပြည်တွင်းမှာ ချက်လုပ်ကာ စစ်တပ်၏စစ်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုသော ဝေဟင်၊ မြေပြင်ယာဉ်များအတွက် လောင်စာဆီရရှိအောင် ကူညီပေးနေသည်ဟု အရပ်ဘက်အဖွဲ့များ၏ စွပ်စွဲချက်များနှင့်အတူ စင်ကာပူ စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ် ရပ်တန့်ခံခဲ့ရပြီးနောက် ယခုလို ကြေညာချက် ထွက်လာခြင်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်က စီပွားရေးဝန်းကျင်နှင့် လုပ်ငန်းလည်ပတ်မှုအတွက် အဆင်မပြေနိုင်ဘူးလို့ ရှုမြင်သုံးသပ်ပါတယ်”ဟု ထွက်ခွာမှုနှင့်ပတ်သက်၍ Interra Resources Ltd ၏ ဇွန်လ ၂၂ ရက် နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုစီမံကိန်းကို စင်ကာပူအခြေစိုက် Interra Resources Ltd က ၆၀ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီ North Petroleum International Co. Ltd တို့က ၄၀ ရာခိုင်နှုန်းအချိုးဖြင့် ပူးပေါင်း၍ Goldpetrol Joint Operating ကုမ္ပဏီအမည်ဖြင့် လည်ပတ်နေခြင်းဖြစ်သည်။
Goldpetrol သည် ၁၉၉၆ ခုနှစ်ကတည်းက ရေနံတူးဖော်ရေးလုပ်ငန်းများ မြန်မာပြည်တွင် စတင်ခဲ့သော ကုမ္ပဏီဖြစ်သည်။
အဆိုပါ စင်ကာပူကုမ္ပဏီသည် ယခုနှစ်ဆန်းမှစ၍ ချောက်နှင့် ရေနံချောင်းရေနံလုပ်ငန်းတွင် ပိုင်ဆိုင်သော ရေနံလုပ်ငန်းအားလုံးကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် Sinopetro Holdings Limited ထံ ရောင်းချသွားမည်ဖြစ်ကြောင်း ဝယ်လက်ကုမ္ပဏီ Sinopetro ကို အစုရှယ်ယာရှင်ကုမ္ပဏီသုံးခုက ပိုင်ဆိုင်ပြီး ထိုကုမ္ပဏီများအနက် တစ်ခုသည် North Petroleum International Co. Ltd ၏ မိခင်ကုမ္ပဏီဖြစ်သည်။
North Petroleum International Co. Ltd သည် ချောက်နှင့် ရေနံချောင်းလုပ်ကွက်တွင် စင်ကာပူကုမ္ပဏီ Interra Resources ဖက်စပ်လုပ်ကိုင်နေပြီး ရှယ်ယာ ၄၀ ရာခိုင်နှုန်းပိုင်ဆိုင်ထားရာ ထိုရေနံလုပ်ငန်းကို တရုတ်ကုမ္ပဏီက အဓိကပိုင်ဆိုင်သူ ဖြစ်လာမည်ဖြစ်သည်။
စင်ကာပူကုမ္ပဏီသည် ချောက်နှင့် ရေနံချောင်းလုပ်ကွက်များမှ ထွက်သော ရေနံစိမ်းများကို အမေရိကန်နှင့် အီယူတို့၏ အရေးယူပိတ်ဆို့မှုခံထားရသော စစ်တပ်ထိန်းချုပ် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထံသို့ ရောင်းချမှုကို တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများက ဖိအားပေးမှုများကြုံတွေရပြီးနောက် ယခုလို နုတ်ထွက်သွားရခြင်းဖြစ်သည်။
စစ်အာဏာသိမ်းသည့် ၂၀၂၁ နှစ်ဆန်းမှစ၍ ၂၀၂၃ နှစ်ကုန်အထိ MOGE အား ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိသော ရေနံစည်ပေါင်း နှစ်သန်းကျော်ကို ရောင်းချခဲ့ပြီး ဒဏ်ခတ်အရေးယူမှုများကို ချိုးဖောက်၍ စစ်တပ်အား လောင်စာဆီ ရောင်းချခဲ့ကြောင်း စစ်တပ်နှင့်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖွင့်ချနေသော Justice For Myanmar အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့နောက် ပြည်တွင်းပြည်ပ ဖိအားများကြောင့် စင်ကာပူစတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချခွင့် မရတော့သဖြင့် မြန်မာပြည်ရှိ ရေနံလုပ်ငန်းကို အပြီးတိုင်စွန့်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများနှင့် ပတ်သက်၍ ထဲထဲဝင်ဝင်သိသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
“သူ့နေရာကို မြန်မာကုမ္ပဏီတွေကလည်း ဝယ်ဖို့ကြိုးစားကြပါတယ်။ အခုတရုတ်ကဝယ်လိုက်တော့ ၁၀၀ ရာခိုင်နှုန်း တရုတ်လက်အောက်ဖြစ်သွားတယ်ပေါ့”ဟု ၎င်းက ဆိုသည်။
ထိုရေနံလုပ်ကွက်များမှာ ကုန်တွင်းရေနံလုပ်ကွက်များအနက် အဓိကကျပြီး တစ်ရက်လျှင် ရေနံစည်ပေါင်း ၂၀၀၀ ကျော်ထုတ်လုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ယခုအခါ မြန်မာပြည်ရှိ ရေနံလုပ်ငန်းကို ရောင်းချပြီးဖြစ်၍ စင်ကာပူစတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းဝယ်မှုပြန်လည်ပြုလုပ်နိုင်ရန် Interra Resources ကုမ္ပဏီက မျှော်လင့်နေသည်။

ထိုရေနံများကို စစ်တပ်ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) က ကြီးကြပ်သော မန်းသံပုရာကန်ရေနံချက်စက်ရုံတွင် သန့်စင်ချက်လုပ်၍ စစ်အုပ်စု၏ စစ်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြုသော လေယာဉ်၊ ထရပ်ကားနှင့် တင့်ကားများအတွက် လောင်စာဆီများထောက်ပံ့နိုင်သည့်အတွက် Interra Resources ကုမ္ပဏီကို အရေးယူပေးရန် စင်ကာပူဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အကြီးအကဲများထံ မကွေးအခြေစိုက် အရပ်ဘက်အဖွဲ့များ၊ သမဂ္ဂများနှင့် သပိတ်အင်အားစုများက ၂၀၂၅ နှစ်ဆန်းတွင် တောင်းဆိုခဲ့သည်။
ထို့နောက်တွင် စင်ကာပူစတော့အိတ်ချိန်းက ထိုကုမ္ပဏီကို မေးမြန်းစစ်ဆေးပြီး ရှယ်ယာအရောင်းအဝယ် ရပ်တန့်ခိုင်းခဲ့သည်။
စစ်အာဏာရှင်အစိုးရသည် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ တိုးချဲ့တူးဖော်ရန် ကြိုးပမ်းနေသည်။ သမ္မတရာထူးရယူထားသည့် ဦးမင်းအောင်လှိုင်လက်ထက်တွင် ဓာတ်ငွေ့သိုက်သစ်ကြီးများတွေ့ထားပြီး စီးပွားဖြစ်တူးဖော်မှုများ စတင်သွားမည်ဟု စစ်တပ်ထိန်းချုပ် သတင်းစာများတွင် ဝေဝေဆာဆာဖော်ပြခဲ့သည်။
သို့သော် စစ်အာဏာသိမ်းမှု နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းနှင့် နိုင်ငံတကာပိတ်ဆို့မှုများကြောင့် ရင်းနှီးမြှုပ်နှံမှုအသစ်များဝင်ရောက်ရန် မသေချာမရေရာမှုများရှိနေပြီး Interra Resources ကုမ္ပဏီကဲ့သို့ ရှိရင်းစွဲရင်းနှီးမြှုပ်နှံမှုများပင် ဆက်လက်ထွက်ခွာမှုများရှိနေသည်။



