စီးပွားရေးသတင်း

စစ်တပ်ကို ကူညီသည့်ကုမ္ပဏီကို အရေးယူရန် အရပ်ဘက်အဖွဲ့များ စင်ကာပူကို တောင်းဆို

စင်ကာပူစတော့အိတ်ချိန်းဝင် Interra Resources ကုမ္ပဏီသည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေသည်ဟု မကွေးအခြေစိုက်အရပ်ဘက်အဖွဲ့များက ပြောသည်။

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေသော စင်ကာပူစတော့အိတ်ချိန်းဝင် Interra Resources ကုမ္ပဏီကို အရေးယူပေးရန် မကွေးအခြေစိုက်အရပ်ဘက်အဖွဲ့များက စင်ကာပူအစိုးရခေါင်းဆောင်များထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြသည်။ 

ဖေဖော်ဝါရီ ၁၃ ရက်နေ့ ရက်စွဲဖြင့် စင်ကာပူနိုင်ငံဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊  စင်ကာပူစတော့ အိတ်ချိန်းအုပ်စု စီအီးအိုတို့ကို လိပ်မူကာ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ 

အချက် ၄ ချက်ကို ဖော်ပြတောင်းဆိုထားသည့်ပေးစာကို မကွေးအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၊ လူထုတိုက်ပွဲကော်မတီများ၊ သမဂ္ဂများ စုစုပေါင်း အဖွဲ့ ၂၀ က လက်မှတ်ရေးထိုးထားကြသည်။

စင်ကာပူကုမ္ပဏီက မြန်မာစစ်အုပ်စုထံ ရေနံစိမ်းထောက်ပံ့နေမှုကို ချက်ချင်းရပ်တန့်ရန်၊ နောက်ထပ် ကြံရာပါပတ်သက်မှု မရှိစေရန်၊ စင်ကာပူစတော့အိတ်ချိန်းမှ ကုမ္ပဏီကို စာရင်းပယ်ဖျက်ရန်၊ ၎င်းတို့လုပ် ရပ်များအား စနစ်တကျ စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ဆောင်ရန်၊  စစ်ရာဇဝတ်မှုအားပေးကူညီခြင်း၊ ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုများကို တာဝန်ခံစေရန် စသည့် တောင်းဆိုချက်များ ပါဝင်သည်။

ထို့ပြင်  စစ်တပ်၏ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE)၊  မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် စီးပွားရေးဘဏ် (MICB)၊ မြန်မာ့စီးပွားရေးဘဏ် (MEB) တို့အပါအဝင် စစ်အုပ်စုထိန်းချုပ်ဘဏ်များအပေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုများချမှတ်ရန် တောင်းဆိုထားသည်။

အိတ်ဖွင့်ပေးစာအရေး ပြောရေးဆိုခွင့်ရှိသူ ကိုချစ်ဝင်းမောင်က  စာကို စင်ကာပူခေါင်းဆောင် ၃ ဦးထံ ပေးပို့ပြီးဖြစ်ကြောင်း ပြောသည်။ 

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် သက်ဆိုင်ရာဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံများ၊ Sanction (ပိတ် ဆို့မှု) ၊ ပြစ်ဒဏ်များ ချမှတ်ခဲ့ရာတွင် အထက်ပါ ကုမ္ပဏီက ကင်းလွတ်နေကြောင်း သူက ဆိုသည်။ 

“ Interra Resources  ကုမ္ပဏီဟာ အဲလို အပြစ်ပေး အရေးယူဒဏ်ခတ်မှုတွေ မခံခဲ့ရဘူး၊ အခုချိန်ထိလည်း လည်ပတ်နိုင်နေဆဲဖြစ်တယ်။ ဒီလိုမျိုးလစ်ဟာမှုဟာ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေအတွက်ကတော့ ဒါ သေးသေးမွှားမွှားမဟုတ်ဘဲနဲ့ နေ့စဉ်နှင့်အမျှ လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးနေရတာဖြစ်ပါတယ်။  ကျွန်တော်တို့က မျက်စိမှိတ်လက်ပိုက်ကြည့်နေလို့ မရပါဘူး” ဟု ကိုချစ်ဝင်းမောင်က ပြောသည်။ 

“ဒီရေနံမြေရဲ့ ထွက်ရှိရာ မူရင်းဇစ်မြစ်ဒေသဖြစ်တဲ့ ချောက်ရေနံမြေ၊ ရေနံချောင်းရေနံမြေနဲ့ ရေနံမြေတွေ ချက်လုပ်ရာဖြစ်တဲ့ မန်းသံပုရာကန်တည်ရှိတဲ့ မကွေးဒေသတွင်းက အဓိက သက်ဆိုင်သူများဖြစ်တဲ့ ပြည်သူလူထုနဲ့အတူ ကျွန်တော်တို့ရဲ့အဖွဲ့အစည်းတွေက အခုလို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ရတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး တွန်းအားပေးဆောင်ရွက်သွားဖို့လည်းရှိပါတယ်”  

တက်ကြွလှုပ်ရှားသော အဖွဲ့တစ်ခုဖြစ်သည့် Justice For Myanmar က ၂၀၂၁ ခုစစ်တပ် အာဏာသိမ်းပြီး နောက်  Interra Resources ကုမ္ပဏီသည် ၎င်းတို့ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်သော Goldpetrol Joint Operating Company Inc. မှတဆင့် မြန်မာစစ်တပ်ထံ ရေနံစည်ပေါင်း ၂.၃ သန်းကျော် ရောင်းချပေးအပ်ခဲ့ကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ဖော်ခဲ့သည်။

အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိ အဆိုပါရေနံများသည် အရပ်သားပြည်သူများအပေါ်ဆိုးဝါး သည့် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သော စစ်တပ်၏စစ်ဆင်ရေးများအတွက် လောင်စာဆီ ဖြည့်သွင်းရာတွင် အဓိကကျခဲ့သည်ဟု မကွေးအဖွဲ့များ၏အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ 

မကွေးတိုင်း ချောက်နှင့် ရေနံချောင်းရေနံမြေများမှ တူးဖော်ထုတ်ယူသည့် ရေနံများကို မန်းသံပုရာကန် ရေနံဓာတုဗေဒစက်ရုံစုတွင် ဒီဇယ်နှင့်လေယာဉ်ဆီအဖြစ် သန့်စင်ချက်လုပ်ကာ ထိုစက်ရုံစုကို စစ်အုပ်စု၏ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) က ကြီးကြပ်သည်။  

အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်မှုများနှင့် အခြားသောအကြမ်းဖက်မှုများကို ဖြစ်ပေါ်စေခဲ့သည့် စစ်တပ်၏ အကြမ်းဖက်စစ်ဆင်ရေးများတွင် အသုံးပြုသော စစ်လေယာဉ်များ၊ တင့်ကားများနှင့် ထရပ်ကားများ မောင်းနှင်ရန် အဆိုပါရေနံထွက်ကုန်များကို သုံးခဲ့သည်ဟု ပါရှိသည်။ 

စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ကလေးသူငယ်များအပါအဝင် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ ပြီး၊ လူ ၃ သန်းကျော်အား နေရပ်စွန့် ခွာတိမ်းရှောင်စေခဲ့ကာ ယင်းလုပ်ရပ်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများမြောက်ကြောင်း မကွေးအခြေစိုက်အဖွဲ့များက ပြောသည်။  


စစ်တပ်စစ်ဆင်ရေးများအတွက် လောင်စာဆီအဖြစ် ကူးပြောင်းမည့် ရေနံများ ရောင်းချထောက်ပံ့ခြင်း ဖြင့် Interra Resources သည် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သက်နေသည်ဟု မကွေးအဖွဲ့များက ဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လောင်စာလည်ပတ်ရေးအတွက် ပါဝင်ပတ်သက်ခဲ့သော  Interra Resources ကုမ္ပဏီသည် စင်ကာပူစတော့အိတ်ချိန်း (SGX) က မေးမြန်းစုံစမ်းမှုများရှိလာပြီးနောက် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ရှယ်ယာအရောင်းအဝယ်လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။

စင်ကာပူစတော့အိတ်ချိန်းစည်းမျဉ်းအဖွဲ့ (SGX) က ထိုကုမ္ပဏီ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သောလုပ်ငန်း ဆောင်ရွက်မှုများကို  ဇန်နဝါရီ ၃၁ ရက်နေ့တွင် စုံစမ်းမေးမြန်းလာပြီးနောက်  ၎င်းတို့အနေဖြင့် SGX ၏  စုံစမ်းမေးမြန်းမှုများကို ဖြေရှင်းရန် လုပ်ဆောင်နေကြောင်း ယင်းနေ့မှာပင် ရှယ်ယာရှင်များကို အကြောင်းကြားစာပေးပို့ခဲ့သည်။ 

Interra Resources ဘက်က အဆိုပါစွပ်စွဲချက်များကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့က  အာဏာမသိမ်းမီ အရပ်သားအစ်ိုးရလက်ထက်ကတည်းက  စာချုပ် ထပ်မံ ချုပ်ဆိုခဲ့ကြောင်း စင်ကာပူ CNA သတင်းဌာနတွင်  ပြောထားသည်။ 

GJOC နှင့် MOGE တို့အကြား ထုတ်လုပ်မှု ခွဲဝေမှုစာချုပ်ကို ၁၉၉၆ ခုနှစ်တွင် ကနဦး ချုပ်ဆိုခဲ့ပြီး ၂၀၁၇ ခု ဧပြီလတွင် ၁၁ နှစ် သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

၂၀၁၉ နှင့်၂၀၂၃ ခုနှစ်အကြား ဘဏ္ဍာရေးနှစ်များအတွက် ထိုကုမ္ပဏီ နှစ်ပတ်လည် အစီရင်ခံစာကို ကိုးကား၍ GJOC ၏ မြန်မာနိုင်ငံတွင် စုစုပေါင်း ရေနံထုတ်လုပ်မှုသည် ထို ၅ နှစ်အတွင်း အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ်ကထက် အမြင့်ဆုံးထွက်ရှိနေသည်ဟု CNA သတင်းတွင် ဖော်ပြထားသည်။

Goldpetrol ကုမ္ပဏီ၏ မိတ်ဖက် တရုတ်ကုမ္ပဏီ ZhenHua Oil သည် မြန်မာစစ်တပ်အတွက် အဓိက စစ်လက်နက် ရောင်းသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီ NPRINCO ၏ ကုမ္ပဏီခွဲလည်း ဖြစ်သည်။ 

စစ်ကောင်စီ၏အကြီးဆုံး နိုင်ငံခြားဝင်ငွေအရင်းအမြစ်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့  လုပ်ငန်း (MOGE) သည် အဖွဲ့ဝင် ၂၇ နိုင်ငံရှိသည့် ဥရောပသမဂ္ဂ (EU) ၏ ၂၀၂၂ ဖေဖော်ဝါရီလမှ စ၍ အရေးယူပိတ်ဆို့မှုခံထားရသည်။

အာဆီယံအဖွဲ့ဝင်နှင့် လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာသည့် နိုင်ငံတစ်ခုအနေဖြင့် စင်ကာပူနိုင်ငံ သည် ကုမ္ပဏီများအား မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရာတွင် ပံ့ပိုးကူညီပါဝင် ခြင်း မရှိစေရန် လုပ်ဆောင်ရမည့် သီးခြားတာဝန်တစ်ရပ် ရှိသည်ဟု မကွေးအခြေစိုက်အဖွဲ့ ၂၀ က တောင်း ဆိုထားကြသည်။

မကြာသေးခင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း  ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲ ကော်မတီ နှင့် ဗကသများ အဖွဲ့ချုပ် (မြေလတ်ဒေသ) ကျောင်းသားဟောင်းများ အင်အားစုတို့ ပူးပေါင်း၍ လူထုသပိတ်လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့သေးသည်။

အဆိုပါ သပိတ်လှုပ်ရှားမှုတွင် စစ်အုပ်စုကို လောင်စာဆီထောက်ပံ့မှုရန် စင်ကာပူစတော့အိတ်ချိန်းဝင် Interra Resources ကုမ္ပဏီကို အရေးယူပေးရန် တောင်းဆိုသည့်စာသားများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြ သည်။ 

ဖေဖော်ဝါရီ ၁၂ ရက်က ဆန္ဒပြခဲ့ကြစဉ်။ (ဓာတ်ပုံ- မကွေးလူထုတိုက်ပွဲကော်မတီ) 

စင်ကာပူကုမ္ပဏီ Interra Resources အနေဖြင့် မြန်မာစစ်တပ်ထံ စွမ်းအင်ရောင်းချထောက်ပံ့နေခြင်း ချက်ချင်း ရပ်တန့်ရန်၊ စင်ကာပူစတော့အိတ်ချိန်းကိုလည်း မြန်မာစစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုများတွင် ကြံရာပါ Interra Resources ကိုလည်း အရေးယူရန်  JFM က တောင်းဆိုထားသည်။

JFM သည် မြန်မာစစ်တပ်၏ အကျိုးစီးပွား ပါဝင်ပတ်သက်နေမှုများကို ထုတ်ဖော်ပြောဆိုနေသည့် အရပ်ဘက်အဖွဲ့တစ်ခုဖြစ်ကာ သုတေသနပြုခြင်း၊ အချက်အလက်များကို ပုံဖော်ခြင်းနှင့် အစီရင်ခံခြင်းများကို ဆောင်ရွက်နေကာ အကျိုးအမြတ်ရနေသော ကုမ္ပဏီများနှင့် ရာဇဝတ်ကောင်များကို ဖော်ထုတ်နေသည့် အဖွဲ့ ဖြစ်သည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ယခုနှစ်တွင်း စစ်ပွဲများဖြစ်နေသော မြန်မာနိုင်ငံမှ  လူ ၁၅ သန်းခန့် အငတ်ဘေးရင်ဆိုင်ရနိုင်ခြေရှိကြောင်း ဇန်နဝါရီ ၂၉ ရက်တွင်  ကြေညာချက်ထုတ်ပြန်ကာ သတိပေးထားသည်။ 

လတ်တလောတွင် နိုင်ငံအနှံ့ စစ်ပွဲဇုန်ဖြစ်နေကာ ချင်း၊ ရခိုင်၊ ရှမ်းမြောက်နေရာတချို့၊ ကချင်၊ ကယား (ကရင်နီ)၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ကရင်ပြည်နယ်ဒေသတချို့တို့တွင် ဒေသတွင်းတိုက်ပွဲ များ ဆက်ရှိနေသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူထားသော သတင်း အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတဝန်း၌ စစ်အုပ်စုကြောင့် အသက် ၉ လ အရွယ် ယောကျ်ားလေးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၅၀ ဦး သေဆုံးခဲ့သည်ကို အမည် နှင့်တကွအတည်ပြုနိုင်ခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်သည်။ 

၁၃၁ ဦးမှာ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်  သေဆုံးခဲ့ရပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၈၇  ဦး သေဆုံးခဲ့သည်။

သေဆုံးသူများအနက် ရခိုင်ပြည်နယ်မှ ၆၃ ဦးဖြင့် ၊ စစ်ကိုင်းတိုင်းမှ ၅၅ ဦးဖြင့် သေဆုံးမှု အများဆုံး ဖြစ်ခဲ့သည်။ 

အိတ်ဖွင့်ပေးစာတွင် လက်မှတ်ထိုးထားသည့် မကွေးအဖွဲ့အစည်းစာရင်း

1. Alumni of All Burma Federation Student Unions (Myay Latt)

2. Basic Education General Strike Committee of Myaing

3. Federal Corner

4. Kan Latt

5. Magway People’s Revolution Committee

6. Magway University Student Union

7. Myay Latt Generation Institute

8. Nursing and Midwifery Training School Student Union

9. Pakokku People’s Revolution Committee

10. Pakokku Youth Development Council

11. Pakokku Youth Network

12. Rural Community Development Society

13. Save For Yaw

14. Spring Traveller

15. Tamar Institute of Development

16. University of Computer Studies Magway, Students’ Union

17. University of Medicine Magway Students’ Union

18. Yaw People’s Revolution Committee

19. Yenangyaung University Student Union

20. မေတ္တာအိမ်လူထုအထောက်အကူပြုဖောင်ဒေးရှင်း

Related Articles

Back to top button