အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
စီးပွားရေးသတင်း

စစ်တပ်ကို လောင်စာဆီ ပံ့ပိုးခဲ့သည့် စင်ကာပူကုမ္ပဏီ၏ ကုန်သွယ်မှုလုပ်ငန်းများရပ်ဆိုင်း

အရပ်သားများကို ဗုံးကြဲ၊ တိုက်ခိုက်နေသည့် စစ်ကောင်စီ လိုအပ်နေသော လောင်စာဆီ များအတွက် စင်ကာပူကုမ္ပဏီက ၃ နှစ်အတွင်း ရေနံစည်ပေါင်း ၂ သန်းကျော် ထုတ်လုပ်ပေးခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ လောင်စာလည်ပတ်ရေးအတွက် ပါဝင်ပတ်သက်ခဲ့သော  Interra Resources ကုမ္ပဏီသည် စင်ကာပူစတော့အိတ်ချိန်း (SGX) က မေးမြန်းစုံစမ်းမှုများ ရှိလာပြီးနောက် လုပ်ငန်းများ ရပ်ဆိုင်းလိုက်ကြောင်း တက်ကြွလှုပ်ရှားသည့် Justice For Myanmar အဖွဲ့ က ယနေ့ သတင်းထုတ်ပြန်သည်။

စင်ကာပူစတော့အိတ်ချိန်းစည်းမျဉ်းအဖွဲ့ (SGX) က ထိုကုမ္ပဏီ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော လုပ်ငန်း ဆောင်ရွက်မှုများကို  ဇန်နဝါရီ ၃၁ ရက်နေ့တွင် စုံစမ်းမေးမြန်းမှုများရှိလာပြီးနောက်  ကုမ္ပဏီက ရှယ်ယာဝင်များကို  အသိပေးအကြောင်းကြားစာ ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ 

၎င်းတို့အနေဖြင့် SGX၏  စုံစမ်းမေးမြန်းမှုများကို ဖြေရှင်းရန် လုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။ 

စင်ကာပူစတော့အိတ်ချိန်းရောင်းဝယ်ရေးလီမိတက်၏ သတ်မှတ်ထားသည့် စည်းမျဉ်း အမှတ် ၁၃၀၂ (၂) အရ  ရှယ်ယာ ရောင်းဝယ်မှုရပ်ဆိုင်းခြင်းသည်  ၃ ရက်ထက်ကျော်၍မရ (သို့မဟုတ်) SGX  က သတ်မှတ်ထား သည့် အချိန်တိုကာလထက် မပိုရဟု  ပါရှိသောကြောင့် ကုမ္ပဏီအနေဖြင့် ရှယ်ယာအရောင်းအဝယ်ကိစ္စများ ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ကုမ္ပဏီအနေဖြင့် SGX ၏ မေးမြန်းစုံစမ်းမှုများကို ဖြေရှင်းရန် အချိန်လိုအပ်သဖြင့်  ရှယ်ယာ အရောင်း အဝယ်ရပ်ဆိုင်းမှုကို ချက်ချင်းဆောင်ရွက်ပေးရန် တောင်းဆိုသွားမည်၊  SGX   စုံစမ်းမေးမြန်းထား သည့် ကိစ္စရပ်များကို  ရှင်းလင်းပြီးချိန်တွင် လုပ်ငန်းရပ်ဆိုင်းမှုကို ရုတ်သိမ်းရန် တောင်းဆိုသွားမည်ဟု ဖော်ပြထားသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရှယ်ယာအရောင်းအဝယ် ရပ်ရန် တောင်းဆိုလိုက်ခြင်းကြောင့် ကုမ္ပဏီဘက်က တရားမဝင်သည့် ဆောင် ရွက်မှုများ ရှိခဲ့သည်ဟု မမှတ်ယူသင့်ကြောင်း ကုမ္ပဏီအနေဖြင့် အလေးအနက်ထား တောင်း ဆိုလိုသည်ဟု ပါရှိသည်။ 

ရှယ်ယာရောင်းဝယ်မှု ရပ်ဆိုင်းရန် တောင်းဆိုခြင်းမှာ ရှယ်ယာရှင်များအတွက် အရေးကြီးသည့် သတင်း အချက်အလက်များ ရရှိစေရန်နှင့် ကုမ္ပဏီ၏အစုရှယ်ယာများကို စနစ်ကျစွာ ရောင်းဝယ်နိုင်ရေးအတွက် သာဖြစ်ပါသည်ဟု ရှယ်ယာရှင်များကို အသိပေးသောစာတွင် ဖော်ပြထားသည်။ 

အဆိုပါစင်ကာပူကုမ္ပဏီသည် မြန်မာစစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်ကာလအတွင်း ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိသော ရေနံစည်ပေါင်း ၂ သန်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း တက်ကြွ လှုပ်ရှားသည့် Justice For Myanmar အဖွဲ့ က ဇန်နဝါရီ ၂၉  တွင် သတင်းထုတ်ပြန်သည်။  

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၃ နှစ်ကုန်အတွင်း စစ်ကောင်စီ၏ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ထံ ရေနံစည်ပေါင်း ၂ ဒသမ ၃ သန်း ထောက်ပံ့ခဲ့သည့် Glodpetrol Joint Operating Company Inc. ကုမ္ပဏီ၏ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ကုမ္ပဏီဖြစ်သည်။ 
စစ်တပ်က စစ်ရာဇဝတ်မှုများကျူးလွန်နေသော မကွေးတိုင်းအတွင်း တည်ရှိသည့်  Goldpetrol ၏ ကုန်းတွင်းရေနံမြေဖြစ်သော ချောက်နှင့် ရေနံချောင်းမှ ထုတ်ယူခဲ့သော ရေနံများ ဖြစ်ကြသည်။

ထိုကုမ္ပဏီ၏ စတော့အိတ်ချိန်းထုတ်ပြန်ချက်များ၊ ပေါက်ကြားလာသည့် ဘဏ္ဍာရေးဆိုင်ရာ အစီ ရင်ခံစာ များကို  JFM နှင့် ဗြိတိန်အခြေစိုက် Finance Uncovered သတင်းဌာနတို့ လေ့လာချက် အရ အာဏာသိမ်းမှုဖြစ်ပြီး သုံးနှစ်အတွင်း  Interra Resources သည် မြန်မာပြည်တွင်းလုပ်ငန်း များထံမှ ဝင်ငွေ ဒေါ်လာ ၅၅ သန်းကျော် ရရှိခဲ့ကြောင်း JFM က ဖော်ပြထားသည်။

အဆိုပါရေနံများကို စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း (MPE) လက်အောက်မှ မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ မန်းသံပုရာကန် ဓာတုဗေဒစက်ရုံတွင် သန့်စင်ချက်လုပ်ခြင်း ဖြစ် ပြီး ထိုမှတဆင့် စစ်ကောင်စီက အသုံးပြုသောနေရာများသို့ ပို့ဆောင်နေသည်။

 Interra Resources ကုမ္ပဏီ၏ ထုတ်ပြန်ချက်။

စစ်ကောင်စီ၏အကြီးဆုံး နိုင်ငံခြားဝင်ငွေအရင်းအမြစ်ဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့  လုပ်ငန်း (MOGE) သည် အဖွဲ့ဝင် ၂၇ နိုင်ငံရှိသည့် ဥရောပသမဂ္ဂ (EU) ၏ ၂၀၂၂ ဖေဖော်ဝါရီလမှ စ၍ အရေးယူပိတ်ဆို့မှုခံထားရသည်။

ထို့ကြောင့် အရပ်သားများနှင့် နိုင်ငံအနှံ့ ဗုံးကြဲ၊ တိုက်ခိုက်နေသည့် စစ်ကောင်စီသည် လိုအပ်နေ သော လောင်စာဆီများအတွက် နိုင်ငံတကာပိတ်ဆို့မှုများ ရင်ဆိုင်နေရချိန်တွင် မန်းသံပုရာကန် ရေနံချက်စက်ရုံသည် စစ်တပ်၏ လေယာဉ်များ၊ ထရပ်ကားများနှင့် တင့်ကားများ မောင်းနှင်ရန် လိုအပ်သည့် ဒီဇယ်နှင့် လေယာဉ်ဆီများကို ချက်လုပ်ပေးနေခြင်းဖြစ်သည်ဟု JFM က ဆိုသည်။

၂၀၂၃ ဩဂုတ်လအထိ စာရင်းများအရ အဆိုပါ Interra Resources ကုမ္ပဏီတွင် အင်ဒိုနီးရှားဘီလီယံနာ သူဌေးကြီး Edwin Soeryadjaya က ဥက္ကဋ္ဌ ဖြစ်ပြီး ၎င်းက ရှယ်ယာ ၁၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ကာ ၎င်းနှင့်အတူ အင်ဒိုနီးရှား ဝန်ကြီးဟောင်း Sandiaga Salahuddin Uno က ဒုဥက္ကဋ္ဌ ဖြစ်သည်။ 

Goldpetrol ကုမ္ပဏီ၏ မိတ်ဖက် တရုတ်ကုမ္ပဏီ ZhenHua Oil သည် မြန်မာစစ်တပ်အတွက် အဓိက စစ်လက်နက် ရောင်းသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီ NPRINCO ၏ ကုမ္ပဏီခွဲလည်း ဖြစ်သည်။ 

စင်ကာပူကုမ္ပဏီ Interra Resources အနေဖြင့် မြန်မာစစ်တပ်ထံ ရေနံရောင်းချထောက်ပံ့နေခြင်း ချက်ချင်းရပ်တန့်ရန်၊ စင်ကာပူစတော့အိတ်ချိန်းကိုလည်း မြန်မာစစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုများတွင် ကြံရာပါ Interra Resources ကိုလည်း အရေးယူရန်  JFM က တောင်းဆိုထား သည်။

ထို့နောက် SGX က   စုံစမ်းမေးမြန်းမှုများရှိလာပြီး  Interra Resources  က လုပ်ငန်းများကို ရပ်ဆိုင်းထားလိုက်ခြင်း ဖြစ်သည်။​

MOGE  အပါအဝင် ဒဏ်ခတ်ပိတ်ဆို့ထားသော အဖွဲ့ အစည်းများနှင့် ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းရေး သေချာစေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း JFM က SGX ကို ယနေ့ တိုက်တွန်းထားသည်။

JFM သည် မြန်မာစစ်တပ်၏ အကျိုးစီးပွား ပါဝင်ပတ်သက်နေမှုများကို ထုတ်ဖော်ပြောဆိုနေသည့် အရပ်ဖက်အဖွဲ့တစ်ခုဖြစ်ကာ သုတေသနပြုခြင်း၊ အချက်အလက်များကို ပုံဖော်ခြင်းနှင့် အစီရင်ခံခြင်း များကိုဆောင်ရွက်နေကာ အကျိုးအမြတ်ရနေသော ကုမ္ပဏီများနှင့် ရာဇဝတ်ကောင်များကို ဖော်ထုတ်နေ သည့်အဖွဲ့ ဖြစ်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button