အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်နှင့် စစ်ခေါင်းဆောင်ကို ဝေဖန်လှောင်ပြောင်သည့် ဟင်းချိုင့်ဆွဲရောင်းသူ ထောင် ၁၃ နှစ်အထိ ချခံရ

စစ်တပ်ကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားခဲ့သည့် ရန်ကုန်မြို့မှ ထမင်းဟင်းရောင်းသူတစ်ဦးကို စစ်တပ်တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက်သည်။

ဗင်နီဇွဲလားသမ္မတ နီကိုလပ် မာဒူရိုကို အထူးစစ်ဆင်ရေးဖြင့် ဖမ်းဆီးသကဲ့သို့ မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဆီးခြင်းမပြုသည့် အမေရိကန်ကို မကျေနပ်ဟု ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် ပြောင်လှောင်ရေးသားခဲ့သည့် ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ အမျိုးသားတစ်ဦးကို စစ်တပ်ထိန်းချုပ် တရားရုံးတစ်ခုက ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခဲ့သဖြင့် စုစုပေါင်းထောင်ဒဏ် ၁၃ နှစ် ရှိပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရသော အဆိုပါ အမျိုးသားမှာ အသက် ၅၄ နှစ်ရှိ ဦးကြည်မျိုးဇော် ဆိုသူဖြစ်ပြီး ဖေ့စ်ဘွတ်ပေါ်တွင်ကြော်ငြာ၍ လပေးစနစ်ဖြင့် ဟင်းချိုင့်ဆွဲရောင်းချသူ ဖြစ်သည်။  စစ်ခေါင်းဆောင်နှင့် စစ်တပ်ကို ဝေဖန်သောပို့စ်များကိုလည်း ယခင်က ရေးသားသည့် ၎င်းကို ဖမ်းဆီးရန် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်တစ်ခုက လှုံ့ဆော်ပြီးနောက် ဇန်နဝါရီလ ၅ ရက်တွင် ရဲက ဖမ်းဆီးသွားခဲ့သည်။

ဦးကြည်မျိုးဇော်ကို မတ်လကုန်ပိုင်းက ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က (စစ်သားနှင့်အစိုးရဝန်ထမ်းများကို ဟန့်တားနှောင့်ယှက်ရန် ကြံရွယ်မှု) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၅ ရက်) တွင် တစ်ခါ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

“မနေ့ (ဇွန်လ ၂၅ ရက်) က အမိန့်ချတာလို့ ပြောတယ်။ ပထမ သူ့ကို သုံးနှစ် ချထားတာ။ ဒီပုဒ်မ (အကြမ်းဖက်) အတွက် ကျန်နေတာပေါ့။ ၅၀၅ အတွက်လည်း လွတ်ငြိမ်းရတယ် မကြားပါဘူး။ စုစုပေါင်း ၁၃ နှစ်ပါ” ဟု မိသားစုနဲ့နီးစပ်သူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ဦးကြည်မျိုးဇော်ကို ဇန်နဝါရီလ ၅ ရက်တွင် လာရောက်ဖမ်းဆီးခဲ့ပြီး KPay မှ ငွေအဝင်အထွက် များသည်ဆိုသည့်အကြောင်းပြချက်ဖြင့် စစ်ကြောရေးသို့ပို့ဆောင်လိုက်သည်။ ထို့နောက် သုံးရက် အကြာ ဇန်နဝါရီလ ၈ ရက်တွင် လှိုင်မြို့နယ် ရဲစခန်းသို့ ပြန်ပို့လိုက်ပြီး ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၀၅-က တို့ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဦးကြည်မျိုးဇော်သည် စစ်ကြောရေးတွင် အပြင်းအထန်နှိပ်စက်ခံခဲ့ရသောကြောင့် ခါးနှင့်ခန္ဓာကိုယ်အောက်ပိုင်းတွင် ဒဏ်ရာများရရှိခဲ့ကာ လက်ရှိအချိန်အထိ ကျန်းမာရေးမကောင်းကြောင်း၊ ၎င်းတွင် နှလုံးအဆို့ရှင် ကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်းနှင့် ကျောက်ကပ်ရောဂါဝေဒနာတို့ခံစားနေရသောကြောင့် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်ဟု မိသားစုနှင့်နီးစပ်သူ အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့်မတ်လ ၂ ရက်တွင် စစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) အကျဉ်းသား၊ အကျဉ်းသူ ခုနစ်ထောင်ကျော် အပါအဝင် စုစုပေါင်း တစ်သောင်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့သည်။ အလားတူ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားရုံးအသီးသီးတွင် စစ်တပ်က ဖမ်းဆီး (သို့မဟုတ်) အလိုရှိနေသူ ၁၂၄၈၇ ဦးကိုလည်း အမှုပိတ်ပေးခဲ့သည်။

သို့ရာတွင် ဦးကြည်မျိုးဇော်ကို စွဲဆိုထားသည့်  အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် လက်ခံခြင်းဟု ဆိုသည့် အကြမ်းဖက်ပုဒ်မ ၅၀ (ည)ကို  ပယ်ဖျက်ပေးခြင်းမရှိခဲ့ပေ။ 

ယခင်က YBS ယာဉ်မောင်းသည့် ဦးကြည်မျိုးဇော်သည် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ရာဇတ်သတ်ကြီး ပုဒ်မ ၅၀၅ (က) ဆူပူအောင်လှုံ့ဆော်မှု (ယခု ၅၀၅(ခ) အဖြစ် ပြောင်းလဲထား) ဖြင့် ဖမ်းဆီးထောင်ချခံရပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။ ၎င်းထောင်မှလွတ်မြောက်လာပြီးနောက် ယာဉ်မောင်းအလုပ် ပြန်လည်မလုပ်ကိုင်တော့ဘဲ လပေးစနစ်ဖြင့် ချိုင့်ဆွဲဟင်းချက်ရောင်းသည့် အလုပ်ကိုသာလုပ်ကိုင်နေကြောင်းသိရသည်။

“YBS မောင်းတုန်းက သူကတော်တော်လေးကို ခရီးသည်တွေအပေါ်မှာ ဂရုစိုက်လွန်းအားကြီးတော့ YBS လောကမှာ တအားကိုနာမည်ကြီးတာ။ ထောင်က ထွက်လာတော့ မလုပ်တော့ဘဲ ထမင်းဟင်းလပေး ချိုင့်လေးတွေပို့တာပေါ့နော်”ဟု ဦးကြည်နှင့်ရင်းနှီးသူ ထိုအမျိုးသမီးက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ၂၀၂၆ ဇွန်လ ၂၅ ရက်နေ့ စာရင်းအရ အာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် နိုင်ငံတဝန်းတွင်လူပေါင်း ၃၁,၂၄၄ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၁၄,၃၆၄ ဦးမှာ လက်ရှိအချိန်ထိ ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။

ယခုနှစ်ဆန်း၌ စစ်တပ်ဝါဒဖြန့်သူများက ထုတ်ပြန်ထားသော ဦးကြည်မျိုးဇော်၏ ဓာတ်ပုံနှင့် ဖမ်းဆီးရန် လှုံ့ဆော် ရေးသားမှုတစ်ခု။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button