စစ်တပ်ဝါဒဖြန့်သူများက ဖမ်းဆီးရန် လှုံ့ဆော်ခံရသည့် ရန်ကုန်မြို့မှ သက်ကြီးပိုင်း အမျိုးသားတစ်ဦးကို ထောက်ပို့လုပ်သည်ဟု ဆိုကာ နိုင်ငံရေးပုဒ်မများဖြစ်သည့် အကြမ်းဖက်၊ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မတို့ဖြင့် အမှုဖွင့်ခံထားရသည်ဟု မိသားစုနှင့်နီးစပ်သူများထံက သိရသည်။
လပေး ထမင်းနှင့်ဟင်း ချိုင့်ဆွဲရောင်းချသည့် အသက် ၅၄ နှစ်အရွယ် ဦးကြည်မျိုးဇော်(ခ) ဦးကြည်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ညနေက လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက် နေအိမ်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အရပ်ဝတ်များ အပါအဝင်လူ ရှစ်ဦးခန့်က လာရောက်ဖမ်းဆီးသွားသည်။
ကနဦးတွင် K Pay အဝင်အထွက်များသည်ဟု အကြောင်းပြကာ စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွား ပြီးနောက် သုံးရက်အကြာ ဇန်နဝါရီလ ၈ ရက်နေ့ညနေတွင် လှိုင်မြို့နယ် ရဲစခန်းသို့ ပြန်ရောက်လာသည်ဟု သိရသည်။
ထိုအချိန်မှ တော်လှန်ရေးကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံရသည်ဟု မိသားစု နီးစပ်သူက Myanmar Now ကို ပြောသည်။
“၈ ရက်နေ့ညနေပိုင်းမှာ ပြန်ရောက်လာပြီလို့ ရဲစခန်းက ဖုန်းဆက်တယ် ပြောတယ်။ K Pay နဲ့ ထောက်ပို့ လုပ်တယ်ဆိုပြီး အမှုနှစ်ခုနဲ့ သူ့ကိုစွဲတယ်။ အခုထိ ရဲစခန်းမှာပဲလို့သိရတယ်” ဟု မိသားစုနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင်အား ပုတ်ခတ်ရေးသားသည်၊ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို မျှဝေသည်၊ စစ်တပ်ကို ဝေဖန်သည့်စာများရေးသားသည်ဆိုသည့် စွပ်စွဲချက်များဖြင့် စစ်တပ်ဝါဒဖြန့် စာမျက်နှာတစ်ခုက ဖမ်းဆီးရန်လှုံ့ဆော်ရာ ဖမ်းဆီးခံရပြီးနောက် အမှုနှစ်ခုဖွင့်ခံရခြင်း ဖြစ်သည်။
အသက် ၅၄ နှစ်အရွယ် ဦးကြည်သည် စစ်ကြောရေးတွင် သုံးရက်အကြာ အပြင်းအထန်နှိပ်စက်ခံခဲ့ရပြီး ခါးနှင့်ခန္ဓာကိုယ်အောက်ပိုင်းတွင် ဒဏ်ရာများရလာကြောင်း အထက်ပါအမျိုးသမီးထံက သိရသည်။
“မျက်နှာတွေဘာတွေကို မလုပ်ဘူး။ တင်ပါးတွေကို တုတ်နဲ့ရိုက်တယ်လို့ကြားရတယ်။ ရိုက်တဲ့နေရာမှာ ခါးရိုးကို ထိသွားတယ်လို့ပြောတယ်။ ပေါင်တွေကတော့ မီးလောင်ဖုလုံးတွေလိုမျိုး ဖြစ်နေတယ်တဲ့။ ထိုင်လို့လည်း သိပ်မရဘူးတဲ့”ဟု ၎င်းက ဆိုသည်။
ဦးကြည်ကို စွဲဆိုထားသည့်ပုဒ်မများအတွက် တရားရုံးတွင် ခုခံချေပခွင့်ရရန် ရှေ့နေငှားရန်ပင် မိသားစုက ငွေကြေးအခက်အခဲများကြောင့် မပြုလုပ်နိုင်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
“ရှေ့နေလည်း မငှားနိုင်ဘူးလို့ပြောတယ်။ သူတို့ အခုနေတဲ့အိမ်ကိုတောင်မှ လကုန်ရင် ဖယ်ပေးရတော့မှာကို တောင်းပန်ပြီး နေနေရတယ်လို့ သိရတယ်”
ဦးကြည်သည် လက်ရှိတွင် နှလုံးအဆို့ရှင်ကျဉ်းခြင်း၊ နှလုံးအဆီဖုံးခြင်းနှင့် ကျောက်ကပ်ရောဂါဝေဒနာတို့ ခံစားနေရပြီး ဆေးစွဲသောက်နေရသူဖြစ်သည်။

YBS ယာဉ်မောင်းတစ်ဦး ဖြစ်ခဲ့သည့် ဦးကြည်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အစောပိုင်းကလည်း ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံရပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ခဲ့သူ ဖြစ်သည်။
YBS ၅၈ မောင်းနှင်စဉ်ကလည်း လူချစ်လူခင်များသူတစ်ဦးဖြစ်ပြီး ခရီးသည်များကို ရေသန့်ဒါနပြုသူ အဖြစ် လူသိများသူလည်းဖြစ်သည်။
KBZ ဘဏ်၏ အွန်လိုင်းငွေပေးချေမှုတစ်ခုဖြစ်သော K Pay (KBZ Pay) တွင် တော်လှန်ရေးအဖွဲ့များကို ထောက်ပံ့သည်ဟု ယူဆရသော ငွေကြေးလွှဲပြောင်းမှုများ၊ တော်လှန်ရေးဆက်နွှယ်သူများ၏ ငွေကြေးအကောင့်များကို စစ်တပ်က ပိတ်သိမ်းခြင်း၊ အကောင့်နှင့် ဆက်စပ်သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့ကို ဆန့်ကျင်သူအများအပြားအား နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) အပြင် အကြမ်းဖက်ပုဒ်မများ တပ်ကာ ထောင်ချ နေသည်။
အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖိနှိပ်ရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကတည်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။
အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်လုပ်ငန်းများတွင်ပါဝင်ရန် တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်းနှင့် စုဆောင်းရန် ပြုလုပ်ခြင်းများကို လုပ်ဆောင်ပါက အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သည့် ပြစ်မှုများအဖြစ် ထည့်သွင်းပြင်ဆင်ခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် စစ်တပ်က ဖမ်းဆီးခဲ့သူ စုစုပေါင်း ၃၀,၂၆၇ ဦးရှိပြီး ထိုအထဲမှ ၂၂,၇၁၂ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက် ၁၁,၄၆၀ ဦးသည် ထောင်ဒဏ် ချမှတ်ခံထားရသည်။



