ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးချုပ်က ပါတီအမှတ်အမှတ်တံဆိပ်တွေနဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့မှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနဲ့ ဆိုင်းဘုတ်တွေ မကြာသေးခင်က ဖယ်ရှားခံခဲ့ရပါတယ်။
ဒါဟာ သာမန်ဖြစ်ရပ်မဟုတ်ဘဲ ပါတီကို ဆက်တိုက်လုပ်လာတဲ့ ဖိနှိပ်မှုတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေဘက်က တုံ့ပြန်ပါတယ်။
အရင် စစ်အာဏာရှင်လက်ထက်တွေမှာလည်း NLD ကို ဖိနှိပ်မှုတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ပါတီဝင်တွေဟာ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံနေရပြီး အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီးက ပါတီဥက္ကဋ္ဌအများစုဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ NLD ဘက်က ပြောပါတယ်။
ဒါပေမဲ့ လူထုထောက်ခံမှုရှိနေသရွေ့ ပါတီပျောက်ကွယ်သွားမှာ မဟုတ်ဘဲ အချိန်တန်ရင် ပြည်သူနဲ့အတူ ပြန်လည်ရှင်သန်လာလိမ့်မယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ကြိမ်ဆက်တိုက် အနိုင်ရခဲ့တဲ့ NLD အမတ် ဦးဘိုဘိုဦးက ယုံကြည်နေပါတယ်။
စထွန်းအောင်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



