အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ကိုဗစ်ကာကွယ်ဆေး အလုအယက်ထိုးလာကြသည့် ရခိုင်ပြည်သူများ

နံနက် ၆ နာရီကျော်ကတည်းက စစ်တွေမြို့ ဦးဥတ္တမပန်းခြံအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရရန် ရာနှင့်ချီ တန်းစီစောင့်ဆိုင်းနေကြသူများထဲတွင် အသက် ၃၀ အရွယ် မအေးသန်းဦးလည်း ပါဝင်သည်။

“အဖေကတော့ ဆေးထိုးပြီးပြီ။ ကျွန်မလည်း ဆေးထိုးရမလားလို့ လာစောင့်တာပါ။ အခုက ကိုဗစ်ကြောင့် သေဆုံးနေတာတွေကို မြင်တွေ့နေရတော့ ကာကွယ်ဆေးထိုးထားရင် ဆိုးဆိုးရွားရွား မဖြစ်ဘူးဆိုလို့ ဆေးလာထိုးတာ” ဟု ရဲနွယ်စုရပ်ကွက်မှ  မအေးသန်းဦးက ပြောသည်။

ဒုတိယရက်အဖြစ် တန်းစီသည့် ထိုနေ့ သြဂုတ် ၉ တွင်လည်း မအေးသန်းဦး ဆေးထိုးခွင့် မရလိုက်သောကြောင့် လူစုလူဝေးရှိရာ ထပ်လာမည်ဟု ဆိုသည်။

မအေးသန်းဦးတို့၏ ရခိုင်ပြည်နယ်မြို့တော် စစ်တွေက အခြားဒေသများနှင့် တူသော အချက်မှာ ကူးစက်ရောဂါဟန့်တားနိုင်ရန်အတွက် ခပ်ခွာခွာ နေထိုင်သွားလာရမည့် ကာလအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးသည့်နေရာတွင် လူစုလူဝေးးကို တွေ့နေရခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အခြားဒေသများနှင့် မတူသော အချက်မှာ စစ်ကောင်စီတပ်သားတို့၏ ရန်ပြုမှုဒဏ်မှ သက်သာရာရနေသော ဤနေရာတွင် ဒေသခံများက ကာကွယ်ဆေးအထိုးခံကြရန် ပို၍ လိုလိုလားလားဖြစ်နေကြခြင်းပင် ဖြစ်သည်။

လူစုလူဝေး

သြဂုတ်လ ၈ ရက်နေ့က ကာကွယ်ဆေးထိုးသည့် ဦးဥတ္တမခန်းမဝန်းကျင် လူစုလူဝေးဖြစ်နေသည့် ပုံများ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာပြီးနောက် စီမံခန့်ခွဲမှုနှင့် ပတ်သက်ပြီး ဝေဖန်ခံခဲ့ရသည်။

အခြားမြို့များကဲ့သို့ပင် စစ်တွေမှ ကာကွယ်ဆေးထိုးသည့် နေရာများတွင် ထိုသို့ လူစုလူဝေးဖြစ်နေခြင်းမှာ ကိုဗစ်ကူးစက်အောင် လုပ်နေခြင်းနှင့်တူကြောင်း စစ်တွေမှ လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ထောက်ပြသည်။

”တစ်နေ့ကို တိုကင် ၁၅၀ ပေးတဲ့အခါကျတော့ မရတဲ့သူတွေလည်း ခန်းမထဲကို တိုးဝင်တောင်းကြတော့ လူစုလူဝေးဖြစ်သွားတယ်။ တချို့ တန်းစီတဲ့လူတွေတောင် မထိုးခဲ့ရဘူး။ နောက်တစ်ခုက အသက် ၆၅ နှစ်နဲ့အထက်ကို ထိုးရင် အသက် ၆၅ နှစ်နဲ့အထက်ကို ထိုးရမယ်။ အခုဟာက အသက်မပြည့်သေးတဲ့ လူတွေကိုလည်း ထိုးတဲ့အခါကျတော့ သူမထိုးရ၊ ငါမထိုးရ နဲ့ ပြဿနာဖြစ်ကုန်တယ်“ ဟု လူမှုကူညီရေးဆောင်ရွက်နေသူတစ်ဦးက ထောက်ပြသည်။

စစ်တွေမြို့၌ အထက (၂)၊ အထက (၄)၊ ခိုင်သဇင်ပန်းခြံတို့တွင်လည်း ကာကွယ်ဆေးထိုးပေးခဲ့သည်။

ရခိုင်ပြည်နယ်အတွက် ခွဲတမ်းရသည့် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို လူဦးရေ တစ်သိန်းခန့်အတွက် မြို့နယ်အလိုက် ထိုးပေးနေသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ် ၈ ရက်နေ့အထိ သေဆုံးသူ ၂၈၅ ဦးထိရှိပြီဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပထမလှိုင်း၊ ဒုတိယလှိုင်းတို့နှင့် နှိုင်းယှဉ်လျှင် သေနှုန်း ၇ ဆကျော်မြင့်တက်လာခြင်းဖြစ်သည်။

မေ ၁၂ မှ ဩဂုတ် ၈ အတွင်း ကူးစက်ခံရသူ   ၃၂၄၆ ဦး ရှိသည်ဟု ဆိုသည်။

တွန်းအားများ  

အာဏာသိမ်းစစ်ကောင်စီတပ်၏ အကြမ်းဖက်ပြမှုကို ခံနေရသည့် အခြား ပြည်နယ်နှင့် တိုင်းများတွင်မူ ဒေသခံတို့က ကာကွယ်ဆေးထိုးရန် ငြင်းဆန်သည့်နည်းဖြင့် ၎င်းတို့၏ အလိုမကျမှုကို ဖော်ပြခဲ့ကြသည်။ အထူးသဖြင့် တတိယလှိုင်းမတိုင်မီ ထိုငြင်းဆန်မှုကို တွေ့ရသည်။ တချို့ကလည်း တပ်ပျက်နေသည့် ကျန်းမာရေးဌာန၏ ကာကွယ်ဆေး စနစ်တကျ သိုလှောင်သယ်ဆောင်မှုကို သံသယဝင်သည်ဟုဆိုကာ ဆေးအထိုးခံရန် ငြင်းဆန်ကြသည်။

စစ်ဘေးဒဏ် ၂ နှစ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်တွင်မူ အန်တုအုံကြွမှု မရှိသလောက် နည်းပါးပြီး စစ်ကောင်စီတပ်ကလည်း ဖမ်းဆီး၊ သတ်ဖြတ်မှုများ ရပ်တန့်ထားသည်။

ဤအခြေအနေတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ဒေသခံတို့ကို ကိုဗစ်စည်းကမ်းနှင့်အညီ နေထိုင်ကြရန်၊ ကိုဗစ်ကာကွယ်ဆေးကို အခွင့်အရေးရပါက မဖြစ်မနေထိုးထားကြရန် တိုက်တွန်းလာသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA က ပြီးခဲ့သည့် ဇူလိုင် ၂၀ မှ သြဂုတ် ၄ နေ့ထိ နေအိမ်တွင်သာ နေထိုင်ကြရန် တိုက်တွန်းခဲ့သည်။ အသွားအလာကန့်သတ်မှုကို သက်တမ်း ၂ ပတ် တိုးကြောင်း သြဂုတ် ၄ တွင် ထုတ်ပြန်ထားသည်။

ယင်းသို့ သတ်မှတ်ပြီးနောက် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့အများစုတွင် လမ်းထွက်သွားလာသူ နည်းပါးသွားကြောင်း သိရသည်။  

ဇူလိုင် ၂၇၊ ၂၈ တို့တွင် စစ်တွေမြို့နယ်အတွင်း အသံဗုံးပေါက်ကွဲမှုများ ကြုံတွေ့ခဲ့ရသည်။  

ယင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ထားသည့် စည်းကမ်းများကို မလိုက်နာဘဲ လူစုလူဝေးဖန်တီးနေသည့် စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဂိမ်းဆိုင်နှင့် တခြားလူစုသည့်နေရာများကို အဆင့်မြင့်အသံများဖြင့် သတိပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ULA က ထုတ်ပြန်ခဲ့သည်။

နှာခေါင်းစည်းမတပ်ဆင်ဘဲ အပြင်ထွက်သွားလာနေသူများကို AA တပ်ဖွဲ့ဝင်ဟု ယူဆရသူတို့က ထိုင်ထ ဒဏ်ပေးနေသည့် ဗီဒီယိုရုပ်သံဖိုင်တချို့ ယခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့လျက်ရှိသည်။ ယင်းရုပ်သံဖိုင်များမှာ AA ၏ ကိုဗစ်ကာကွယ်ရေးအစီအစဉ်နှင့် ဆက်စပ်နေသည်ဟု ဒေသခံအများအပြားက ယူဆကာ ထောက်ခံနေကြသည်။

စားဝတ်နေရေး၊ ဈေးရောင်းဈေးဝယ်၊ နာရေးနှင့် မဖြစ်မနေ အပြင်ထွက်ရသည့်အခါ ကိုဗစ်စည်းကမ်းနှင့်အညီ သွားလာကြရန်၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ အရက်ဆိုင်၊ ဂိမ်းဆိုင်များကဲ့သို့ လူစုလူဝေးဖြစ်ပေါ်စေသည့် နေရာများကို  ရှောင်ရှားရန် ULA/AA က တိုက်တွန်းထားချက်က ထိရောက်သည်ဟု မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

“အရင်ကဆိုရင် လူတွေက အိမ်မှာမနေဘူး။ နိုင်ငံရေးလှည့်ကွက်ဖြစ်တယ်တို့၊ ဘာတို့ ညာတို့ပေါ့။ အခု ရခိုင်မှာ  ULA/AA က ထုတ်လိုက်တဲ့ထုတ်ပြန်ချက် ထုတ်ပြီးတဲ့နောက်မှာ အရင်ကထက် စည်းကမ်းနဲ့နေတာတော့ တွေ့တယ်” ဟု သူက ဆက်ပြောသည်။

AA အဖွဲ့၏ ပြောဆိုချက်၊ ထုတ်ပြန်ချက်တို့ကြောင့် ရခိုင်ပြည်သူများ ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံရန် စိတ်ဝင်စားလာကြပြီး လူစုလူဝေးဖြစ်သည်အထိ အလုအယက်ထိုးနှံလာကြခြင်းပင်ဖြစ်သည်ဟု ပြောဆိုကြသည်။

ကိုဗစ်ကြောင့် သေဆုံးမှုများ မြင့်တက်လာခြင်းကလည်း ကိုဗစ်ကာကွယ်ဆေးအထိုးခံရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။

ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းတွင် ပါဝင်လုပ်ကိုင်သူများလည်း ယခုတစ်ကြိမ်တွင် မဖြစ်မနေလာရောက် တန်းစီထိုးကြသည်။

“အရင်တစ်ခေါက်က ကိုဗစ်ကာကွယ်ဆေးထိုးကြတဲ့အခါ ကြောက်လို့ မထိုးဖြစ်လိုက်ဘူး။ အခုတစ်ခေါက်တော့ ထိုးခွင့်ရချင်တယ်” ဟု စစ်တွေမြို့နယ်မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

ကိုဗစ်ကာကွယ်ဆေးထိုးရန် လူထု စိတ်ဝင်တစားရှိနေချိန်တွင် စနစ်တကျ မစီမံလျှင် ကိုဗစ်ဖြန့်ဖြူးရာ ရောက်သွားမည်ဖြစ်သည့်အတွက် အုပ်စုများခွဲကာ ရက်အတိအကျ နေရာအတိအကျ လူဦးရေအတိအကျ စာရင်းထုတ်ပြန်သင့်ကြောင်း ထောက်ပြပြောဆိုကြသည်။ 

အမေ့ခံ လူအုပ်စု

ကျန်းမာရေးဌာနက ကိုဗစ်ဆေးထိုးရန် ဦးစားပေးသတ်မှတ်ထားသူများမှာ (၆၅)နှစ်နှင့် အထက်ရှိသူများ ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်း၊ ပရဟိတအဖွဲ့၊ ဘိုးဘွားရိပ်သာ၊ သံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ ဘဏ်ဝန်ထမ်း၊ စက်ရုံအလုပ်ရုံဝန်ထမ်း၊ ဟိုတယ်ဝန်ထမ်း၊ အကျဉ်းသား၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူနှင့် ဈေးသည်တို့လည်း ဦးစားပေးစာရင်းတွင် ပါဝင်သည်။ 

ရခိုင်ပြည်နယ်မှ စစ်ရှောင်စခန်းများတွင်လည်း လူစုလူဝေးနှင့် နေထိုင်ရကြရသဖြင့် စစ်ဘေးဒုက္ခသည်တို့လည်း  ဦးစားပေးစာရင်းတွင် ပါသင့်ကြောင်း စစ်ဘေးရှောင်အရေး လှုပ်ရှားနေသူများက ပြောဆိုကြသည်။

ဇူလိုင်  ၁၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇ ဦးအထိရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ဘူးသီးတောင်မြို့တွင် လူဦးရေ ၁၃၅၁ ဦး ခိုလှုံနေသည့် လမ်းမကျောင်း စစ်ဘေးရှောင်စခန်းတွင် လစေ့ကိုယ်ဝန်ဆောင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း သြဂုတ် ၃ တွင် စစ်ဆေးတွေ့ရှိခဲ့ပြန်သည်။

ကျန်းမာရေးစောင့်ရှောက်မှု မပြည့်စုံသော စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ရေးပစ္စည်းလည်း နည်းပါးသည်ဟု မင်းပြားမြို့နယ်မှ စစ်ဘေးရှောင်အရေးကူညီသူတစ်ဦးက ပြောသည်။

“စစ်ရှောင်စခန်းတွေဆိုတာက လူတွေထောင်နှင့်ချီပြီး စုလို့နေကြရတာ။ ကိုဗစ်စည်းကမ်းနဲ့အညီနေဖို့ ဆိုတာကလည်း မဖြစ်နိုင်ကြဘူး။ masks (နှာခေါင်းစည်း) တွေ၊ ဆေးဝါးတွေလည်း အလုံအလောက်မရှိကြဘူး။ သက်ကြီးရွယ်အိုတွေ ကလေးတွေ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ရှိနေတယ်။ အခု သက်ကြီးရွယ်အိုတွေကို ကိုဗစ်ကာကွယ်ဆေးထိုးတယ်လို့ သိရတယ်။ တခြားလူတွေကိုလည်း ထိုးဖို့ လိုအပ်တယ်” ဟု အဆိုပါ လူမှုကူညီရေးဝန်ထမ်းက ပြောလိုက်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button