အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်သက်သက်ခိုင်၏ ဆောက်လက်စကွန်ဒို ဖောက်ခွဲခံရ

စစ်ကောင်စီ၏ လူကယ်ပြန်ဝန်ကြီး ရှယ်ယာပါဝင်သော ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်ရှိ တည်ဆောက်ဆဲ 68 Residence အဆင့်မြင့်ကွန်ဒိုကို ယနေ့(ဇွန်၁၇) နံနက်ပိုင်းက ဖောက်ခွဲခဲ့ကြောင်း ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်က အတည်ပြုသည်။

“C4 ခေါ် အင်အားပြင်းလက်လုပ်ဗုံး ၃ လုံးနဲ့ ဖောက်ခွဲခဲ့ပါတယ်။ အောက်ခြေပိုက်လိုင်းနဲ့ တိုင်တွေတော့ ပြန်ဆောက်ယူရမယ့်အထိ ထိခိုက်ပါတယ်” ဟု အဖွဲ့ဝင်တစ်ဦးက Myanmar Nowကို ပြောသည်။

ဆောက်လက်စ 68 Residence အနီးတွင် နေထိုင်သူတစ်ဦးကလည်း ယနေ့(ဇွန်၁၇) နံနက် ငါးနာရီဝန်းကျင်၌ ပေါက်ကွဲသံကြားရကြောင်း အတည်ပြုသည်။

“မနက်လင်းခါနီး အသံတစ်ချက်တော့ ကြားလိုက်တယ်ဗျ။ နဲနဲလှမ်းတဲ့နေရာကနေ ပေါက်တဲ့အသံ ဗဟန်းဘက်ကနေ ကြားလိုက်ရတာ။ အရမ်းမကျယ်ဘူးဗျ။ ခပ်လှမ်းလှမ်းကပေါက်သလို။ တုန်ခါမှုမရှိဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရွှေနန်းတော်စိန်ရွှေရတနာတိုက်ပိုင်ရှင် ဒေါ်သက်သက်ခိုင် အကျိုးအမြတ်များစွာရစေမည့် အထက်ပါ ကွန်ဒိုကို ဖောက်ခွဲဖျက်ဆီးရန် တစ်လကျော်ပြင်ဆင်ခဲ့ရကြောင်း ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်က ပြောသည်။

“ကျွန်တော်တို့အဖွဲ့ထဲမှာ အင်ဂျင်နီယာတွေပါတယ်ဗျ။ အောက်ခြေကို သေချာလုပ်လိုက်လို့ အစအဆုံး ပြန်ဆောက်ရလိမ့်မယ်လို့ ထင်တယ်။ သူတို့ဘက်က ကောင်းပါတယ် ပြင်စရာမလို ဘာညာနဲ့ လိမ်ပြီး ဝယ်သူတွေကို ပြန်ရောင်းချရင်တော့ ခံရမှာ သေချာတယ်” ဟု တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီး၊ ဒဏ်ရာရမှု ရှိမရှိကိုမူ စစ်ကောင်စီနှင့် 68 Residence တာဝန်ရှိသူများထံမှ စုံစမ်းမေးမြန်း၍ မရသေးပေ။

မြေတစ်ဧကပေါ်တွင် တည်ဆောက်နေသည့် ၂၇ ထပ်အမြင့်ရှိ 68 Residence အဆင့်မြင့်ကွန်ဒိုကို United GP Development Co.Ltd က တာဝန်ယူထားပြီး ဒေါ်သက်သက်ခိုင်မှာ အဆိုပါကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သည်။

ဒေါ်သက်သက်ခိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး ပါတီမှ နုတ်ထွက်ကာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို ထူထောင်၍ ဥက္ကဋ္ဌတာဝန်ယူထားသူဖြစ်သည်။

ယင်းနောက် ၂၀၂၀ တွင်ပြုလုပ်သည့် ရွေးကောက်ပွဲ၌ PPPကို ကိုယ်စားပြု၍ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရသလို ၎င်း၏ ပါတီမှ ဝင်ပြိုင်သူ တစ်ဦးတစ်ယောက်မျှ အနိုင်ရခဲ့ခြင်းမရှိပေ။

အထက်ပါရွေးကောက်ပွဲအပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက သူ့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးရာထူးပေးခဲ့သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြဆန့်ကျင်သည့် ပြည်သူများကို စစ်ကောင်စီက ရက်စက်စွာ ပစ်ခတ်၊ ဖြိုခွင်း၊ ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်လာရာ စစ်ကောင်စီတပ်ကို ရရာလက်နက် စွဲကိုင်တော်လှန်သူအများအပြား ပေါ်ပေါက်လာသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles