အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မင်းတပ်တွင် အရေးပေါ်အကူအညီလိုအပ်နေသည့် စစ်​ဘေးဒုက္ခသည် တစ်​သောင်း​ကျော်ရှိ

အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားများကိုပါ အကြမ်းဖက် ဖမ်းဆီးနှိပ်စက်နေ​သောကြောင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သောင်းကျော်ရှိနေပြီး အ​ရေး​ပေါ် စား​နပ်ရိက္ခာနှင့် စက်သုံးဆီများ လိုအပ်​နေကြောင်း ကူညီစောင့်ရှောက်ရေးဆောင်ရွက်ပေးနေသူများက ပြောသည်။

“အဓိကလိုအပ်နေတာက စားနပ်ရိက္ခာပေါ့။ ဆန်ရယ် ဆီ၊ ဆား၊ ငပိ၊ ပဲမျိုးစုံပေါ့။ ပြီးလို့ရှိရင် တောထဲမှာ ကျန်ခဲ့တဲ့သူတွေ၊ မင်းတပ်မှာ ပိတ်မိသူတွေကို ပြန်ကယ်ဖို့ ဆိုင်ကယ်တွေ၊ ကားတွေရှိတယ်။ ဒါပေမဲ့ ဓာတ်ဆီဒီဇယ်တွေ ပြတ်နေတယ်။ အဲဒါလိုမှာ” ဟု မင်းတပ်စစ်ဘေးရှောင်ပြည်သူများကို ပံ့ပိုးကူညီနိုင်ရေး တာဝန်ခံဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သည့် ဆလိုင်းပတ်ဂျောင်က ပြောသည်။

မင်းတပ်မြို့မှ စစ်​ဘေးဒုက္ခသည်များကို ကူညီလိုပါက ပစ္စည်းများ ပေးပို့လှူဒါန်းခြင်းအပြင် ငွေသားလွှဲပေးခြင်းဖြင့်လည်း ကူညီနိုင်ကြောင်း ၎င်းက ဆက်လက်​ပြောဆိုသည်။

လက်ရှိတွင် စစ်​ဘေးဒုက္ခသည်စခန်း ၇ ခုသို့ ရောက်ရှိနေသူ ၃၀၀၀ ကျော်ရှိပြီး အများစုမှာ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများဖြစ်ကြောင်း၊ နီးစပ်ရာ ဆွေမျိုးများထံနှင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေသူများ၊ မြို့ပေါ်၌ ပိတ်မိနေသူများအပါအဝင် စစ်ဘေးရှောင် သောင်းဂဏန်းရှိကြောင်းလည်း ကိုပတ်ဂျောင်က ဆိုသည်။ 

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ဒေသခံ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ အပြင်းအထန်တိုက်ပွဲများဖြစ်ပွားပြီးနောက် မေ ၁၆ မှစ၍ မင်းတပ်မြို့ခံများ၊ အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မင်းတပ်မြို့တွင်း၌ စည်ပင်က ပေးဝေသည့် ရေပြတ်တောက်ခဲ့သည့်အတွက် မြို့တွင်းနေထိုင်သူများ ရေအခက်အခဲဖြစ်နေကြောင်းလည်း မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စည်ပင်ရေ ဖြတ်တောက်ထားတယ်။ ပြည်သူတွေ ရေမရတော့ဘူး။ နောက်ပြီး အဓိကလမ်းမကြီးတွေကို ပိတ်ထားတဲ့အတွက် ရိက္ခာလမ်းကြောင်းတွေ ဘယ်သူမှ တက်မလာဘူး။ ရှိတဲ့ဟာလေးတွေကိုပဲ ခြစ်ကုတ်စားသောက်နေရတယ်” ဟု အဆိုပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။

စစ်ရှောင်များ စုစည်းနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ စားနပ်ရိက္ခာအကူအညီရရှိရန် ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းအချို့နှင့် ချိတ်ဆက်ထားကြောင်း၊ လတ်တလောတွင် ဒေသတွင်းအလှူရှင်များ၏ ကူညီမှု၊ မျှဝေမှုဖြင့် လည်ပတ်လျက်ရှိသည်ဟုလည်း ဆလိုင်းပတ်ဂျောင်က Myanmar Now ကို ပြောသည်။ 

“အဓိက ထွက်ပြေးရတဲ့ အကြောင်းရင်းက စစ်သားတွေက သေနတ်ကိုင်တဲ့သူအချင်းချင်းဖြစ်တာ မဟုတ်ဘဲနဲ့ ပြည်သူတွေပါ နှိပ်စက်တာ။ အပြစ်မဲ့တဲ့ တိုက်ပွဲမှာ မပါတဲ့ လူငယ်လူရွယ်တွေကို ဖမ်းပြီးမှ နှိပ်စက်တာတွေလုပ်တယ်။ ပြီးရင် သူတို့ကြိုက်တဲ့အိမ်ကို ဝင်တယ်၊ ကြိုက်တဲ့စားသောက်ကုန်ကို ယူတယ်။  အဓိက စစ်သားတွေကို ကြောက်လို့ ထွက်ပြေးတာ” ဟု မင်းတပ်ပြည်သူများ ကြုံတွေ့နေရသော အခြေအနေနှင့် ပတ်သက်၍ ၎င်းက ပြောသည်။ 

မြို့ထဲတွင် ပိတ်မိနေသောလူ ထောင်ချီကျန်ရှိနေကြောင်း၊ မြို့ထဲမှာ ရေပိုက်လိုင်းနှင့် မီးလိုင်းများ ဖြတ်ထားကြောင်း၊ ဖုန်းလိုင်းတချို့ ဖြတ်ထား‌​​ကြောင်း၊ စစ်ရှောင်များအတွက် ကျပ်သိန်း ၄၀ ကျော် တန်ဖိုးရှိ ရွက်ဖျင်တဲမိုးကာများနှင့် အခြားလိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့‌​​​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ကလည်း ထုတ်ပြန်ထားသည်။

စစ်​ကောင်စီတပ်က မင်းတပ်မြို့တွင်းသို့ ရမ်းသန်းပစ်ခတ်မှုများကြောင့် မေလ ၁၇ ရက်တွင် ကလေးငယ်တစ်ဦး ကျည်ထိမှန်ခဲ့သည့်အပြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများလည်း ရှိနိုင်ကြောင်း ​ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေသူများအနက် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ မေ ၁၇ ရက်က ဝက်ရူးပြန်ရောဂါ ပြန်ထရာမှ ချောက်ထဲပြုတ်ကျ သေဆုံးခဲ့သည်ဟုလည်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က Myanmar Now ကို ပြောသည်။

ဖမ်းဆီးခံထားရသည့် မင်းတပ်မြို့ခံများကို ပြန်လွှတ်ပေးရန် CDF ၏ တောင်းဆိုမှုကို စစ်ကောင်စီဘက်က လက်မခံသောကြောင့် မေလ ၁၂ ရက်ညပိုင်းမှစ၍ မင်းတပ်မြို့နှင့် အနီးတဝိုက်တွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

မေ ၁၃ ရက်တွင် စစ်ကောင်စီက မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် အဝေးပစ်အမြောက်ကြီးပစ်ကူအပြင် စက်သေနတ်များ၊ စိန်ပြောင်းများ၊ ပခုံးထမ်းလောင်ချာများပါ အသုံးပြုလျက် လူသူလက်နက်အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည်။ 

ထို့ပြင် စစ်ကောင်စီတပ်များသည်  ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းဖြစ် အသုံးပြုကာ အပြင်းအထန်ထိုးစစ်ဆင်ခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမူ ရိုးရာလက်လုပ်တူမီးသေနတ်များ၊ နှစ်လုံးပြူးများ၊ လက်လုပ်မိုင်းများဖြင့်သာ ခုခံခဲ့ရသည်။

တစ်ကျော့ပြန် မင်းတပ်မြို့တိုက်ပွဲများအတွင်း မေ ၁၂ မှ ၁၇ အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရရှိသူ ၃၀ ဝန်းကျင်ရှိကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောသည်။ 

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူ ၃၀ ခန့် ရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ မော်တော်ယာဉ်ခြောက်စီး မီးလောင်ပျက်စီးဆုံးရှုံးကာ တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ပျောက်ဆုံးလျက်ရှိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button