အသက် (၂၃)နှစ်အရွယ် မိတလဉာဏ်ဟာ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လက တာဝန်ပေးအပ်ခံရတဲ့ မွန်တိုင်းရင်းသူ ဖြစ်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က နိုင်ငံရေးသိပ္ပံကျောင်းသူတစ်ယောက်ဖြစ်တဲ့ မိတလဉာဏ်ဟာ ၂၀၂၁ နောက်ပိုင်းမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတစ်ယောက် ဖြစ်လာပါတယ်။
မြို့ပေါ်က ပြောက်ကျားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို မော်လမြိုင်မြို့မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ မိတလဉာဏ်ဟာ ၂၀၂၄ခုနှစ်မှာတော့ လက်နက်ကိုင်တော်လှန်ရေးထဲ ကိုယ်တိုင်ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိအခြေအနေမှာ လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ဖို့ တော်လှန်ပုန်ကန်ရုံကလွဲပြီး ရွေးချယ်စရာမရှိဘူးလို့ မိတလဉာဏ်က ပြောပါတယ်။
ပြောရေးဆိုခွင့်ရှိသူအဖြစ် မိတလဉာဏ်တာဝန်ယူထားတဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)ဟာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် ပေါ်ပေါက်လာခဲ့တာပါ။ လူမျိုးနဲ့ပြည်နယ်ကို အခြေခံပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်က တပ်တစ်ခု ဖြစ်ပါတယ်။
လူ ၇ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ MSRF ဟာ အခုဆိုရင် အင်အားရာနဲ့ချီ ရှိလာပြီး မွန်ပြည်နယ်က ရေး၊ သံဖြူဇရပ်၊ မုဒုံနဲ့ တနင်္သာရီတိုင်းထဲက ရေဖြူ၊ သရက်ချောင်း စတဲ့ မြို့နယ်တွေမှာ စစ်ရေးလှုပ်ရှားနေပါတယ်။
ရှေ့တန်းတိုက်ပွဲတွေထဲ ပါဝင်မှု နည်းပေမယ့် အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့တန်းတူ လက်နက်ကိုင်တော်လှန်ရေးထဲမှာ ပုံစံမျိုးစုံနဲ့ ပါဝင်နေကြပါတယ်။
မွန်တိုင်းရင်းသူ မိတလဉာဏ်ရဲ့ လူငယ်ဘဝ၊ လက်နက်ကိုင်တော်လှန်ရေးသမားဘဝ ဖြတ်သန်းမှုတွေ အပါအဝင် မွန်တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးမှာ ပါဝင်မှု အခြေအနေတွေကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း – မြတ်ကြီး/ Myanmar Now



