ယမန်နေ့ (မတ် ၂၈) မွန်းလွဲပိုင်းက အင်အား ၇.၇ ရစ်ချာစကေးရှိသည့် မြေငလျင်လှုပ်ခပ်နေချိန်က နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ် စျေးဗလီတွင် ဝတ်ပြုနေသည့် အစ္စလာမ် ဘာသာ ဝင်များထဲတွင် တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းလည်း တစ်ဦး အပါအဝင်ဖြစ်သည်။
သူဝတ်ပြုဆုတောင်းနေချိန်တွင် မြေငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်၊ ဗလီ အဆောက်အုံအတွင်းမှ ထွက်ပြေး လွတ်မြောက် လာခဲ့သော်လည်း ဒဏ်ရာရရှိခဲ့၍ ဆေးကုသမှု ခံယူနေရသည်။
စစ်အာဏာရှင်အဆက်ဆက်က ပြုပြင်ထိန်းသိမ်းခွင့်မပြုသောကြောင့် ဗလီပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ရာနှင့်ချီသေ ဆုံးရခြင်းဖြစ်သည်၊ ပြိုကျပျက်စီးသွားသည့် ဗလီအများစုမှာ မြန်မာဘုရင်များ လက်ထက်ကပင် တည်ဆောက်ထားခဲ့ခြင်းဖြစ်သည့် နှစ်ရာကျော်သက်တမ်းရှိ ရှေးဟောင်း အမွေအနှစ်များဖြစ်သည်ဟု ဦးအောင်သိန်းက ပြောသည်။
“ဒီမှာ ဝတ်ပြုဆုတောင်းမယ့်နေရာဗျာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဗျာ။ အဲဒီလို နေရာမျိုးကို အကြီးစားပြင်ဆင်ခွင့်ကတော့ ဘယ်မှာမှ မရခဲ့ဘူး။ တစ်ချို့ အသေးစားတောင်မှ နှစ်နဲ့ချီပြီးကြာအောင် ခွင့်ပြုချက်တောင်းရတယ်” ဟု ၎င်းက ပြောသည်။
မန္တလေးမြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် အဆိုပါ မြေငလျင်ကြောင့်နေပြည်တော်၊ မန္တလေးတိုင်း နှင့်စစ်ကိုင်းတိုင်းတို့မှ ဗလီ ၅၀ ကျော်ပျက်စီးခဲ့ပြီး ဝတ်ပြုဆုတောင်း နေသည့် အစ္စလာမ် ဘာသာဝင် ၂၀၀ ကျော်သေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးက ခန့်မှန်းထားသည်။
ယနေ့ (မတ် ၂၉)) မွန်းလွဲပိုင်းတွင် စစ်ကောင်စီ ထုတ်ပြန်သည့် စာရင်းများအရ မြေငလျင် ဒဏ်ကြောင့် ၁၀၀၂ ဦး သေဆုံးပြီး ၂၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။



