အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် စစ်တပ်က စစ်ကြောင်းထိုး

နိုင်ငံအနှံ့ ခံစစ်ဆင်နေရသည့် စစ်ကောင်စီတပ်က ကချင်ပြည်နယ်မြို့တော်အနီး လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူယူပြီး စစ်ထိုးနေသည်ဟု သိရသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီး ယနေ့ (ဇွန် ၁၀) နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အမြောက်ပစ်ကူ၊ လေကြောင်းအကူယူပြီး စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသခံများက ပြောသည်။

ဝိုင်းမော်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က KIA တပ်များ စိုးမိုးထားသည့် ရွှေညောင်ပင်ရွာ အနီးဝန်းကျင်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကြောင်းထိုးလာသည့်တပ်ကြောင့် ဝိုင်းမော်မြို့နှင့် နှစ်မိုင်ခန့်အကွာ ခါးရှိရွာနှင့် နောင်စီပေါရွာများအနီးတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“နောင်စီပေါဘက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာ ကြားပါတယ်၊ ဒါပေမဲ့ တိုက်ပွဲကတော့ အသေအချာ မသိရသေးပါဘူး၊ နောင်စီပေါတို့၊ ခါးရှိတို့အနီးအနားမှာပေါ့” ဟု သူက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဝိုင်းမော်သည် ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့် ကပ်လျက်တည်ရှိသည်။

ဝိုင်းမော်မြို့ပေါ်ရှိ စစ်တပ်၊ ခတ်ချိုရွာအနီး တပ်စွဲထားသည့်တပ်တို့က တိုက်ပွဲဖြစ်ပွားသည့်နေရာကို လက်နက်ကြီးပစ်ကူ ပေးနေသည်၊ မွန်းလွဲ ၂ နာရီခန့်တွင် စစ်လေယာဉ် နှစ်စီးက ခါးရှိရွာနှင့် နောင်စီပေါရွာဘက်သို့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဝိုင်းမော်နဲ့ နီးနီးလေးမှာပဲ၊ သူတို့ (စစ်တပ်) တပ်စွဲထားတဲ့နေရာနား နီးနီးလေးမှာပဲ ရှိနေတာ၊ စောင့်ကြည့်နေတာ။ ခုနကတော့ ဖိုက်တာနဲ့ နှစ်ခေါက်လောက် ဝဲချသွားတယ်၊ ကိုယ်တိုင်ကို မြင်ရ ကြားရတာ” ဟု သူက ပြောသည်။

ပစ်ခတ်သံများကို ဝိုင်းမော်တစ်မြို့လုံး ကြားနေရပြီး တိုက်ပွဲမှာ နားလိုက်၊ ရပ်လိုက်နှင့် တစ်နေ့လုံးနီးပါး ဖြစ်နေသည်ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

ခတ်ချိုရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျည်တချို့ ကျရောက်ပေါက်ကွဲခဲ့သည်၊ ထိခိုက်ဒဏ်ရာသူ မရှိဟု သိရသည်။

မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းများကို မေ ၁၈ ရက်မှ စတင်ကာ KIA နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း ၁၂ ခုထက်မနည်း သိမ်းယူထားသည်။

သိမ်းလိုက်သည့် စခန်းများထဲတွင် ဝိုင်းမော်မြို့ကာကွယ်ရေးအတွက် အရေးပါသည့် မြို့၏ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာမှ ခမရ (၃၂၁) လည်း ပါဝင်သည်။

နိုင်ငံအနှံ့ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိုးစစ်များကို ခုခံနေရသည့် စစ်ကောင်စီတပ်က တိုက်ပွဲများအတွင်း လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူကို ပိုမို အားကိုးနေရသည်။

ယမန်နေ့ကလည်း ဖားကန့်မြို့နယ်ရှိ KIA တပ်မဟာ (၉) တပ်ရင်းဌာနချုပ်အနီးကို မွန်းလွဲပိုင်းတွင် စစ်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ည ၁၀ နာရီခန့်တွင် KIA တပ်ရင်း (၆) နယ်မြေဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုရှိမရှိနှင့် အပျက်အစီးသတင်းများကို မသိရသေး‌ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ်အတွင်း KIA က ထိုးစစ်ကြီးတစ်ခုဆင်နွှဲခဲ့ရာ နှစ်လကျော်အတွင်း တပ်ရင်းဌာနချုပ်ပေါင်း ၇ ခုအပါအဝင် စခန်းပေါင်း ၁၀၀ ခန့်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်မြို့တို့နှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles