အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးအခြေစိုက်ခရီးသွားလုပ်ငန်း ၉၀ ရာခိုင်နှုန်း လုပ်ငန်းရပ်နားထားရ 

ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း မန္တလေးအခြေစိုက်ခရီးသွားလုပ်ငန်း ၁၅၀ ခန့်အနက် ၉၀ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းရပ်နားထားရ၍ ဝင်ငွေလုံးဝမရှိဘဲ ရေရှည်ဖြစ်လာပါက အပြီးရပ်ဆိုင်းရသည့် လုပ်ငန်းများရှိလာနိုင်သည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေး) တာဝန်ရှိသူက ပြောသည်။

ပုံမှန်ကာလမျိုးတွင် မန္တလေးတိုင်းအတွင်းရှိ မန္တလေး၊ ပြင်ဦးလွင်နှင့် ပုဂံ အစရှိသော ဒေသများသို့ စီးပွားရေးအတွက်လည်းကောင်း၊ အပန်းဖြေခရီးအတွက်လည်းကောင်း ပြည်တွင်းပြည်ပခရီးသွား အများအပြား လာရောက်လည်ပတ်လေ့ရှိသော်လည်း တိုင်းအစိုးရ၏ ကိုဗစ်နိုင်တင်းဆိုင်ရာ ဒေသန္တရအမိန့်များအရ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများအားလုံးသည် ဒီဇင်ဘာအကုန်အထိ ဆက်ပိတ်ထားရကာ လုပ်ငန်းများ ပြန်မစနိုင်သေးပေ။ 

“အခုအနေအထားက ပြန်လှုပ်ရှားလို့လည်းမရသေးတော့ Tourism (ခရီးသွားလုပ်ငန်း) က ဇီးရိုးပဲ။ ဝင်ငွေ လုံးဝမရှိဘူး။ ဒီထက် အချိန်ကြာလာလို့ တောင့်မခံနိုင်တဲ့ ခရီးသွားလုပ်ငန်းတွေကတော့ လိုင်စင်ပြန်အပ်တဲ့ အဆင့်အထိ ဖြစ်လာနိုင်တယ်”ဟု အဆိုပါအသင်းဥက္ကဋ္ဌ ဦးမျိုးရီက Myanmar Now ကို ပြောသည်။

မန္တလေးတိုင်းအစိုးရက ကိုဗစ်နိုင်တင်းကူးစက်ရောဂါကာကွယ်ရေးအတွက် မဖြစ်မနေလုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်းများမှအပ ဟိုတယ်နှင့်ခရီးသွားကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများအား ယာယီပိတ်ထားရန် ဧပြီ ၆ မှစ၍ ဒေသန္တရအမိန့်အဖြစ် ထုတ်ပြန်ခဲ့သည်။ 

ထို့နောက် ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ စစ်ဆေးပြီးသော တိုင်းအတွင်းရှိ ဟိုတယ်၊ တည်းခိုခန်းများကို ဇူလိုင်မှစ၍ တိုင်းအစိုးရက ပြန်ဖွင့်ခွင့်ပြုခဲ့သော်လည်း ပိုးတွေ့လူနာဦးရေ တိုးလာသည့် စက်တင်ဘာ၌ လုပ်ငန်းယာယီ ပြန်ပိတ်စေခဲ့သည်။

ပြည်တွင်းလေကြောင်းခရီးစဉ်အချို့ကို ဒီဇင်ဘာ ၁၆တွင် ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သော်လည်း ဟိုတယ်လုပ်ငန်းများမှာ ယာယီပိတ်ထားရဆဲ ဖြစ်သည်။ 

ကပ်ရောဂါကြောင့် လပေါင်းများစွာ လုပ်ငန်းများ ရပ်တန့်နေသောကာလအတွင်း ခရီးစဉ်ဒေသသစ်များရှာဖွေခြင်း၊ ဝန်ဆောင်မှုဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းများပေးခြင်းတို့ကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့်အတူ လုပ်ဆောင်ပေးနေကြောင်း ဦးမျိုးရီက ဆိုသည်။ 

“ကွာရန်တင်းဟိုတယ် (အသွားအလာကန့်သတ်မှု) အဖြစ် အဆိုပြုလာတဲ့ ဟိုတယ်တွေလောက်ပဲ ဖွင့်ခွင့်ပေးထားတယ်။ လောလောဆယ်မှာ တိုင်းအစိုးရ ပြန်ဖွင့်ခွင့်ပြုတဲ့ လုပ်ငန်းတွေထဲမှာ ဟိုတယ်၊ တည်းခိုခန်းတွေ မပါသေးဘူး” ဟု မန္တလေးတိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ၎င်းတာဝန်ယူထားသော ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့်ပတ်သက်၍ ပြောသည်။ 

မန္တလေးဇုန်အတွင်း ဟိုတယ် ၂၄၀ ရှိသည့်အနက် ၂၀ ရာခိုင်နှုန်းခန့်က လုပ်ငန်းပြန်လုပ်ခွင့်ပြုရန် လတ်တလောတွင် တောင်းဆိုမှုများရှိနေသည်ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) မှ သိရသည်။ 

အစိုးရက ထုတ်ချေးပေးသော ပထမအကြိမ် ကိုဗစ်ကုစားရေးချေးငွေ ကျပ်ဘီလျံ ၁၀၀ တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍအတွက် ၂၀ ရာခိုင်နှုန်းနီးပါး ထုတ်ချေးခဲ့သော်လည်း လုပ်ငန်းမစနိုင်သေးသောအချိန်ဖြစ်၍ ချေးငွေကို ဝန်ထမ်းစရိတ်၊ ဟိုတယ်၏ အခြေခံထိန်းသိမ်းစရိတ်တို့အတွက် အသုံးပြုကြောင်း ချေးငွေရရှိသူ တစ်ဦးဖြစ်သည့် မန္တလေးမြို့ အောင်မြင့်မိုရ်ဟိုတယ်ပိုင်ရှင် ဦးမြင့်အောင်က ပြောသည်။  

အောင်မြင့်မိုရ်ဟိုတယ်သည် လုပ်ငန်းများပုံမှန်လည်ပတ်စဉ်က ဝန်ထမ်းဦးရေ ၅၀ခန့် ရှိခဲ့သော်လည်း ကိုဗစ်နိုင်တင်းကပ်ရောဂါကာလ လုပ်ငန်းများရပ်နားရချိန်တွင် သုံးပုံတစ်ပုံခန့်သာ ကျန်တော့ကြောင်း၊ လုပ်ငန်းများပြန်စခွင့် ရရှိပါကလည်း ဝန်ထမ်းအားလုံး ပြန်လည်မခေါ်နိုင်သေးဘဲ လက်ရှိသုံးပုံတစ်ပုံဖြင့်သာ ပြန်စနိုင်လိမ့်မည်ဟု ဦးမြင့်အောင်က ဆိုသည်။ 

“ဝင်ငွေမရှိဘဲ တောင့်မခံနိုင်တဲ့တချို့ဆို ဟိုတယ်တွေ ပြန်ရောင်းဖို့ လုပ်နေကြပြီ။ ဒါပေမဲ့ ခုလို လုပ်ငန်းမကောင်းတဲ့ ကာလမှာ ဘယ်သူက ဝယ်နိုင်မလဲ” ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ၏ နာယကလည်းဖြစ်သူ ဦးမြင့်အောင်က ပြောသည်။ 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူလူနာဦးရေ မြင့်တက်နေသော မန္တလေးခရိုင်အတွင်း ဒီဇင်ဘာ ၅ မှ ၁၈ အထိ (Semi Lockdown) အသွားအလာကန့်သတ်ခဲ့ပြီး စည်းကမ်းမလိုက်နာသူများကို ငွေဒဏ်ဖြင့် အရေးယူခဲ့ရာ ဒီဇင်ဘာ ၁၅ အထိ ဒဏ်ကြေးငွေ ကျပ် ၆၆ သန်း ရရှိကြောင်း တိုင်းအစိုးရအဖွဲ့က ဒီဇင်ဘာ ၁၈ တွင် ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ နံနက်ပိုင်းအထိ မန္တလေးတိုင်းအတွင်း ကိုဗစ်နိုင်တင်းလူနာ ၁၁,၅၅၅ ဦးနှင့် သေဆုံးသူ ၁၇၅ ဦး ရှိပြီး မန္တလေးခရိုင်အတွင်း ပိုးတွေ့လူနာ ၉,၄၀၀ ကျော်အနက် သေဆုံးသူ ၁၄၅ ဦး ရှိသဖြင့် တိုင်းအတွင်း အများဆုံးဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဒီဇင်ဘာ ၂၀ အထိ ပိုးတွေ့လူနာ ၁၁၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူဦးရေ ၂,၄၄၀ ကျော် ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button