အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖရူဆိုတွင် လက်နက်ကြီးစ မှန်၍ ၈ နှစ်သား သေဆုံး၊ ရွာလုံးကျွတ် ထွက်ပြေးရ

ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်း ကျေးရွာတစ်ရွာတွင် အောက်တိုဘာ ၇ ရက်နေ့က  လက်နက်ကြီးကျည်များ ကျသဖြင့် ၈ နှစ်သား ကလေးတစ်ဦး သေဆုံးခဲ့ပြီး ရွာမှလူများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ရသည်ဟု ဆိုသည်။

ယင်းနေ့ မွန်းလွဲတစ်နာရီခန့်တွင် ထိုရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ပထမဆုံးပေါက်ကွဲမှုတွင် နေအိမ်အတွင်း ကစားနေသည့် အသက် ၈ နှစ်အရွယ် ပရဖဲ(ခ)ကျော်နိုင်စိုး သေဆုံးခဲ့ကြောင်း အစ်မဖြစ်သူက ပြောသည်။

“ဗိုက်ကို ဖောက်ထွက်သွားတယ်။ အူတွေ သွားထိတယ်။ (လက်နက်ကြီးက) တခြားခြံထဲ ကျတာ။ အိမ်က မောင်လေးကို လာထိသွားတာ” ဟု ၎င်းက Myanmar Now ကို ယနေ့ (အောက်တိုဘာ ၉) တွင် ပြောသည်။

လက်နက်ကြီး ကျသည့် ကျေးရွာနှင့် အနီးဝန်းကျင်ရွာများတွင် တိုက်ပွဲမဖြစ်ကြောင်း၊ ထိုနေ့ ညနေအထိ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်သဖြင့် တစ်ရွာလုံး ထွက်ပြေးခဲ့ကြောင်း ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အခု အကုန်လုံး တောထဲမှာပဲ သွားနေကြတယ်။ မောင်လေးအသုဘကိုလည်း အိမ်မှာ မလုပ်ရဲတော့ဘူး။ ဆက်တိုက် လက်နက်ကြီးထုတော့ တောထဲမှာပဲ သွားလုပ်လိုက်တယ်” ဟု ထိုအမျိုးသမီးငယ်က ပြောသည်။

ကလေးငယ်၏ ဈာပနအစီအစဉ်ကို ယမန်နေ့ (အောက်တိုဘာ ၈) တွင် ပြုလုပ်ခဲ့ကြောင်း၊ ရွာတွင် အခြားထိခိုက်ဒဏ်ရာရသူ မရှိကြောင်း၊ မိုးများသည့်ကာလ တောထဲ တိမ်းရှောင်ရာတွင် နေထိုင်ရေး ခက်ခဲကြောင်း အစ်မဖြစ်သော ထိုအမျိုးသမီးငယ်က ဆိုသည်။

“(တောထဲမှာ) မိုးရွာတော့ အပေါ်က အမိုးတွေ သိပ်အဆင်မပြေဘူး။ အဓိကတော့ အမိုးအကာပေါ့” ဟု ၎င်းက ပြောသည်။

လက်နက်ကြီးစ ထိမှန်သွားသော ကလေးငယ် ပရဖဲ(ခ)ကျော်နိုင်စိုး။ (ဓာတ်ပုံ-KnHRG အဖွဲ့)

ထိုနေ့ (အောက်တိုဘာ ၇) ညနေတွင်ပင် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတစ်ရွာတွင်လည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၆ လုံး ထိခိုက်ပျက်စီးကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က သတင်းထုတ်ပြန်ထားသည်။

အထက်ပါ လက်နက်ကြီးကျည်များမှာ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း KnHRG အဖွဲ့က ယူဆသည်။

ထို့ပြင် အောက်တိုဘာ ၄ ရက်နေ့ ညကလည်း ဖရူဆိုမြို့နယ်အရှေ့ခြမ်း ကျေးရွာတစ်ရွာတွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ လူနေအိမ်နှင့် စာသင်ကျောင်းများ ပျက်စီးခဲ့သည်။

ဖရူဆိုနှင့် ဘောလခဲမြို့နယ်အစပ်တွင်မူ မယ်စဲ့မြို့နယ်သို့ လက်နက်ရိက္ခာပို့မည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲဖြစ်နေသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် စက်တင်ဘာလကုန်အထိ ကရင်နီပြည်နယ်တွင် အရပ်သား ၃၈၂ ဦး သတ်ဖြတ်ခံရပြီး စစ်ဘေးရှောင်ရင်း သေဆုံးသူ ၁၄၂ ဦးရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ထုတ်ပြန်ချက်အရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button