အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်သွားသူများတွင် CDM များ ပါမပါ မူဆယ်ဂိတ်၌ စစ်ဆေးနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်၍ အလုပ်ရှာဖွေရန် ကြိုးပမ်းနေသူများတွင် အာဏာဖီဆန်ထားသူများ ပါဝင်ခြင်း ရှိမရှိ စစ်ကောင်စီက စစ်ဆေးနေသည်။

၂၀၂၀ ကိုဗစ်ကာလကတည်းက မူဆယ်-ရွှေလီ နယ်စပ်ဂိတ်ပေါက်ကို တရုတ်ဘက်မှ ပိတ်ခဲ့ပြီး မကြာသေးခင် စက်တင်ဘာ ၄ ကမှ နယ်စပ်ပြန်ဖွင့်လိုက်သောကြောင့် နိုင်ငံအနှံ့မှ အလုပ်အကိုင်ရှာသူ ထောင်ပေါင်းများစွာ တရုတ်နိုင်ငံတွင်း ဝင်ရောက်ခွင့်ရရန် မူဆယ်မြို့သို့ ရောက်ရှိနေကြချိန် ထိုသို့ စစ်ဆေးနေခြင်း ဖြစ်သည်။

ထိုသူများထဲတွင် တရားစွဲဆိုခံထားရသူများ၊ အမည်ပျက်စာရင်းဝင်ထားသူများ ပါမပါ စစ်ဆေးနေသည်ဟု စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာက ယနေ့ စက်တင်ဘာ ၁၉ တွင် ဖော်ပြထားသည်။

CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ထားသော အရပ်သားများ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများကို ဗိုလ်ချုပ်ကြီးများက အမည်ပျက်စာရင်းသွင်းကာ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားရာ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ထိုသူများ ကျော်ဖြတ်မသွားနိုင်ရန် စစ်ဆေးနေခြင်း ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စက်တင်ဘာ ၁၃ မှ သုံးရက်အတွင်း တစ်ရက်လျှင် လူဦးရေ ၅၀၀ နှုန်းဖြင့် လူ ၁၅၀၀ ကို TBP တစ်ခါသုံးကတ် (Temporary Border Pass ခေါ် အပြာရောင်စာအုပ်များ) ဖြင့် ထွက်ခွာခွင့်ပေးခဲ့ကြောင်း၊ နောက် ၇ ရက်အတွင်း ထွက်ခွာမည့် လူဦးရေ ၃၅၀၀ ၏ Electronic ID နှင့် အချက်အလက်များကို ရဲတပ်ဖွဲ့က ကြိုတင်စစ်ဆေးနေကြောင်း စစ်ကောင်စီအာဘော်သတင်းစာတွင် ပါရှိသည်။

မြန်မာနိုင်ငံသားစိစစ်ရေးကတ်ရှိသူ မည်သူမဆို တရုတ်နိုင်ငံအတွင်း ၆ ညအိပ်၊ ၇ ရက် လည်ပတ်ခွင့်လက်မှတ်ဖြစ်သော TBP တစ်ခါသုံးကတ် ရရှိနိုင်သည်။

ထိုလက်မှတ်ကိုင်ဆောင် နယ်စပ်ဖြတ်ပြီးနောက် နယ်စပ်ရှိ ရွှေလီ၊ ကျယ်ဂေါင်၊ မန်စီ စသည့် တရုတ်မြို့များရှိ စက်ရုံ၊ အလုပ်ရုံများ၌ ဝင်ရောက် အလုပ်လုပ်ကိုင်ကြရန် မျှော်မှန်းကြခြင်း ဖြစ်သည်။

တရုတ်တွင် နေထိုင်စဉ် ထိုကတ် သက်တမ်းကုန်ဆုံးပါက တရားမဝင်နေထိုင်သူအဖြစ် သတ်မှတ်ခံရမည်ဖြစ်သော်လည်း တစ်ရက်လျှင် တရုတ် ယွမ် ၆၀ (မြန်မာငွေ ၂ သောင်းခွဲ) ဝန်းကျင် ပေးသည့် အလုပ်အကိုင်မျိုး ရတတ်သဖြင့် ရက်လွန်နေထိုင်ရန် ဆုံးဖြတ်ထားသူ အများအပြားရှိနေသည်။

စစ်တပ်က ၂၀၂၁ တွင် အာဏာသိမ်းလိုက်မှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေးမတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ ဖြစ်ပေါ်နေရာ နိုင်ငံအနှံ့မှ လူအများအပြားသည် ထိုတစ်ခါသုံးကတ် ရရှိရေးပင် တုံကင် (အလှည့်ကျ) နံပါတ်စနစ်ဖြင့် တန်းစီစောင့်ဆိုင်းနေကြရသည်။

တုံကင်နံပါတ်ရရေး ရွှေလီဂိတ်တွင် တန်းစီနေသော မြန်မာနိုင်ငံသားများကို စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ယမန်နေ့ တစ်ရက်တည်းမှာပင် လူပေါင်း ၆၄၆၆ ယောက်စာ တုံကင်များထုတ်ပေးခဲ့သည်ဟု သိရကြောင်း ကူညီပေးနေသည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးကွန်ရက်အသင်း (မူဆယ်) မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သူတို့ကတော့ နံပါတ်အတိုင်း အလှည့်ကျဝင်ရမှာပေါ့….တစ်ရက် ၅၀၀ နှုန်းနဲ့။ နောက်လူတွေကတော့ တုံကင်ကလည်း လကုန်မှ ပေးတော့မှာ” ဟု သူက ဆိုသည်။

တုံကင်နံပါတ် ရရန် လာရောက်တန်းစီသူများကို ဒေသခံပရဟိတအသင်းများက စားစရာနှင့် နေစရာ ကူညီဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက တုံကင်နံပါတ်များရရှိရေးတွင် လာဘ်စားမှုများ ရှိနေသည်ဟု လာရောက်တန်းစီသူတချို့က စက်တင်ဘာဒုတိယပတ်ဝန်းကျင်တွင် ပြောထားကြသည်။

အဆိုပါကတ်ရရှိရေး လာရောက်တန်းစီသူ များပြားသဖြင့် အခြားနယ်စပ်ဂိတ်ပေါက်များဖြစ်သည့် နန်းတော်၊ ဆင်ဖြူ ဝင်ပေါက်တို့တွင် စက်တင်ဘာ ၁၆ က မူးလဲသူ ၃၀ ကျော်ရှိကြောင်း ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနတွင် ဖော်ပြထားသည်။

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်က အလုပ်အကိုင်ရှားပါးမှု၊ လုပ်ခလစာနည်းပါးမှု၊ ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေများကြောင့် ပြည်ပနိုင်ငံများသို့ နည်းမျိုးစုံဖြင့် မြန်မာပြည်သူများ ထွက်ခွာနေကြောင်း ပြောကြားသည်ဟု စစ်ကောင်စီအာဘော်သတင်းစာများတွင် ရေးသားထားကြသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးဇုန်တည်ရှိရာ မူဆယ်မြို့သည် လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့် ဒေသဖြစ်ပြီး မူးယစ်ဆေး၊ လောင်းကစားနှင့် ရာဇဝတ်မှု များပြားသလို နယ်စပ်ဖြတ်ကျော်ကာ တရုတ်တွင် အလုပ်ရှာလိုသူများကြောင့် ရှုပ်ထွေးနေကြောင်း သိရသည်။

မူဆယ်မြို့အနီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့ ယခုနှစ် နှစ်လယ်ကတည်းက တိုက်ပွဲများ ဖြစ်နေပြီး စက်တင်ဘာ ၁၇ က မြို့အနီး ၅ မိုင်အကွာတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကာ စစ်ရေးပြင်းထန်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles