အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်ကုတ်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပြီး နယ်မြေခံမဟုတ်သည့် လူ လေးဦး သေဆုံး

ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်တွင် ယမန်နေ့ ည ၁၁ နာရီကျော်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး နယ်မြေခံမဟုတ်သည့် လူ လေးဦး သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။

တောင်ကုတ်မြို့နှင့် ၁၂ မိုင် ၆ ဖာလုံခန့် ဝေးသည့် တရဘက်ကျေးရွာ၏မြောက်ဘက် မိုင်ဝက်ခန့် အကွာရှိ တရဘကျေးရွာအနီးတွင် မိုင်းဟု ယူဆရသည့် အရာဝတ္ထုတစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနီးအနားတွင် လူလေးဦး လဲကျသေဆုံးနေခြင်း ဖြစ်သည်ဟု တရဘကျေးရွာအုပ်ချုပ်ရေးမှူး ဦးနောင်နောင်ဦးက ပြောသည်။

သေဆုံးသူ လေးဦးသည် သာမန်အရပ်ဝတ် ဝတ်ဆင်ထားသူများဖြစ်သော်လည်း မိမိတို့ကျေးရွာ ပတ်ဝန်းကျင်က မဟုတ်သောကြောင့် မည်သူမည်ဝါ ဆိုသည်ကို မသိရကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်က မိုးလင်းမှ သွားကြည့်တာ။ မိုးလင်းတော့ လယ်ပိုင်ရှင်ကလေးက ဖုန်းဆက်တယ်။ ကျွန်တော့်နားမှာ လူလေးယောက် လဲနေတယ်ဆိုပြီးတော့လေ။ ခဏလာကြည့်ပါဆိုတော့ သွားကြည့်တော့ ပေါက်ကွဲပြီး လဲနေတာ တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သေဆုံးသွားသူများမှာ မျက်နှာများ ပေါက်ကွဲမှုကြောင့် ထိခိုက်မှုများ ရှိနေပြီး လက်ရှိတွင် အလောင်းများကို တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်ထားသည်။

သေဆုံးသူလေးဦးအနက်မှ အသက် ၂၀ အရွယ်ဝန်းကျင်ရှိသူတစ်ဦထံမှ တွေ့ရှိရသည့် မှတ်ပုံတင်အရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ဟု သိရကြောင်း အခင်းဖြစ်ပွားသည့် နေရာအနီးမှ ကင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းထွန်းထံမှ ပြောသည်။

မျက်နှာစိမ်း အမျိုးသားလေးဦးမှာ မိုင်းလာထောင်စဉ် ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခြင်းဖြစ်ကာ ၎င်းတို့ မည်သည့်နေရာမှ လာသည်ကို ဆက်လက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေသည်ဟု တောင်ကုတ်မြို့နယ် ရဲမှူးဦးသန်းနိုင်က ပြောသည်။

“တောင်ကုတ်ဒေသခံဘက်ကတော့ မဟုတ်ဘူး။ တခြားနယ်ကလာတဲ့သူတွေ။ မိုင်းထောင်တာ၊ သူတို့ဟာသူတို့ မှားပြီးတော့ တပ်မိတာ၊ အသက်သွင်းတဲ့အချိန်မှာ ပေါက်ကွဲတာ။ သူတို့က အဲဒီနားမှာ ဘယ်သူတွေကို မိုင်းခွဲတိုက်ခိုက်မယ်ဆိုတာကိုတော့ မသိဘူး” ဟု ၎င်းကပြောသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ယခုမိုင်းပေါက်ကွဲသည့်နေရာနှင့် တစ်မိုင်ခွဲခန့်အကွာတွင် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ်မှူးတို့ စီးနင်းလာသည့်ကား မိုင်းခွဲတိုက်ခိုက်ခံရမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ၎င်းရဲမှူးက ပြောသည်။

တောင်ကုတ်မြို့နယ်၊ တရဘကျေးရွာအနီး ပေါက်ပြင်ကျေးရွာအုပ်စုတွင် လွန်ခဲ့သည့်နှစ်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်မှလွဲလျှင် လက်ရှိအချိန်ထိ တည်ငြိမ်နေသည့်ဒေသဖြစ်သောကြောင့် ယခုထပ်မံပေါက်ကွဲမှု ဖြစ်လာသဖြင့် စိုးရိမ်မိသည်ဟု ဦးနောင်နောင်ဦးက ပြောသည်။

“စိုးရိမ်မှုကတော့ ရှိတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အရွာအနီး ကပ်လာပြီးဆိုတော့ ကြောက်လန့်တာပေါ့ ”ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ယနေ့ မွန်းလွဲ ၁၁ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာအနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သောကြောင့် ဒေသခံများ မြို့ပေါ်သို့ထွက်ပြေး တိမ်းရှောင်နေကြရသည်။ 

လက်ရှိတွင် ကပ်သပြေရွာသား (၁၀၀)ကျော်ခန့် မြို့ပေါ်သို့ရောက်ရှိနေပြီး အခြားကျေးရွာများမှ အမျိုးသားတချို့လည်း သံသယဖြင့် ဖမ်းဆီးခံရမည်များကို စိုးရိမ်၍ ထွက်ပြေးတိမ်း‌ရှောင်နေကြသည်ဟု ဒေသခံများထံမှ သိရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button