အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်ပြန် အလုပ်သမား ၅၀၀ ကျော် မိုင်းလားတွင် ၂၁ ရက် စောင့်ကြည့်ခဲ့ပြီး နေရပ်ပြန်မည်

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတွင် ၂၁ ရက်ကြာ အသွားအလာ ကန့်သတ် စောင့်ကြည့်ခဲ့ပြီးသည့် တရုတ်ပြန်လုပ်သား ၅၀၀ ကျော်သည် ၎င်းတို့နေရပ် သက်ဆိုင်ရာမြို့နယ်များသို့ ပြန်ကြတော့မည်ဖြစ်သည်။

အလုပ်သမားဦးရေ စုစုပေါင်း ၅၅၄ ဦးမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနားဒေသတွင် စိုက်ပျိုးရေးလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်ပြီး တရုတ်အာဏာပိုင်များနှင့် အလုပ်ရှင်များက နိုင်ငံအတွင်းမှ ထွက်ခွာရန်ဖိအားပေးသဖြင့် ဧပြီ လဆန်းပိုင်းက ထွက်ခွာခဲ့ကြသူများဖြစ်သည်။ ထို့နောက် တရုတ်နယ်စပ်မှတဆင့် ရှမ်းပြည် အရှေ့ပိုင်း မိုင်းလားသို့ရောက်ရှိခဲ့ပြီး အထူးဒေသ ထိန်းချုပ်နယ်မြေအတွင်းရှိ နမ့်ပန်းဒေသတွင် ၂၁ ရက်ကြာ စောင့်ကြည့်ခံခဲ့ကြသည်။ မြန်မာလုပ်သား ၅၆၁ ဦးကို ယနေ့မနက် နာရီခန့်က မိုင်းလားထိန်းချုပ်ဒေသ ကျိုင်းခမ်းမြို့အနီးမှတဆင့် မိုင်းယုမြို့ကို လွှဲပြောင်းပေးလိုက်သည်ဟု မိုင်းလားအဖွဲ့၏ ကျိုင်းတုံဆက်ဆံရေးတာဝန်ခံ ဦးစိုင်းရှန်က ပြောသည်။ စာရင်းအရ ၅၆၁ ဦးဆိုသော်လည်း အမှန်တကယ်လွှဲပြောင်းပေးလာသည်မှ ၅၅၄ ဦးသာရှိသည်ဟု ရှမ်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်ကပြောသည်။ မည်သည့်အတွက်ကြောင့် စာရင်းကွာဟနေသည်ကိုမူ အတိအကျ မသိရပေ။ “ဒီနေ့မနက်က လက်ခံတယ်၊ ကျန်တာတော့ သူတို့ကို တဆင့်ပြီးတဆင့် သက်ဆိုင်ရာမြို့တွေကို ပို့ပေးရမှပေါ့ဟု ဦးစိုးညွန့်လွင် က ပြောသည်။ အလုပ်သမားများကို မှန်လုံယာဉ်ငယ် ၂၃ စီးဖြင့် မိုင်းယုမှ မိုင်းယောင်း၊ မိုင်းဖြတ်၊ ကျိုင်းတုံတို့မှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ အရင်ဆုံးပို့ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။ တရုတ်နိုင်ငံမှ ပြန်လာပြီး မိုင်းလားအထူးဒေသ တွင် ကျန်းမာရေးစောင့်ကြည့်ခံနေရသည့် မြန်မာအလုပ်သမား ၃၇၀၀ ကျော်ရှိနေပြီး ၎င်းတို့ကိုလည်း ဆက်တိုက်လက်ခံသွားမည်ဟု ရှမ်းအစိုးရအဖွဲ့က ပြောသည်။ ကိုဗစ်နိုင်တင်း ရောဂါပျံ့နှံ့မှုကြောင့် အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး ဧပြီလဆန်းတွင် ထိုင်းနိုင်ငံမှ အလုပ်သမား ၄၀,၀၀၀ ကျော် ပြန်လည်ဝင်ရောက်လာခဲ့သည်။ နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားအများစုမှာ ဧပြီလမှစ၍ လုပ်ငန်းများပြီးဆုံးသွားခြင်းနှင့် တရုတ်အာဏာပိုင်တို့က ဖိအားပေးခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်း ပြန်ဝင်လာကြသည့် အရေအတွက်မှာ တဖြည်းဖြည်းမြင့်တက်လာသည်။ ဧပြီ ၂၆ မှစ၍ တရုတ်မြန်မာနယ်စပ်ဝင်ပေါက်များဖြစ်သည့် မူဆယ်၊ ရန်လုံကျိုင်း နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်များမှ အလုပ်သမား ထောင်နှင့်ချီ ဝင်ရောက်ခဲ့ပြီး ထပ်မံဝင်ရောက်ရန်လည်း ရှိနေသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button