အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကိုဗစ်နိုင်တင်းကြောင့် ပြည်ပခရီးသည်တင်လေယာဉ်များဆိုက်ကပ်ခွင့်ကို ဆိုင်းငံ့

ကိုဗစ်နိုင်တင်း ရောဂါဖြစ်ပွားမှုများ ပြည်ပမှရောက်ရှိလာခြင်းကို ကာကွယ်ရန်အတွက် မတ် ၃၀ မှစ၍ နိုင်ငံတကာလေကြောင်းလိုင်းများကို နှစ်ပတ်တိတိ ဆိုင်းငံ့ထားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ကြေညာသည်။

“မြန်မာနိုင်ငံတွင်းရှိ မည်သည့်လေဆိပ်၌မဆို ခရီးသည်တင်လေကြောင်းလိုင်းအားလုံး ဆင်းသက်ခြင်းကို ခွင့်ပြုမည်မဟုတ်” ဟု ဌာနက မတ် ၂၉ တွင်ကြေညာသည်။

“ပြည်တွင်းလေကြောင်းဦးစီးဌာန၏ ခွင့်ပြုချက်ရပြီးသား ဆင်းသက်ခွင့်များကိုလည်း ဆိုင်းငံ့လိုက်သည်”ဟု ၎င်းကြေညာချက်က ဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မတ် ၂၈ ညတွင် အထူးမေတ္တာရပ်ခံချက်ကြောင့် ထိုသို့ ဆိုင်းငံ့ရခြင်းဖြစ်သည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က Myanmar Now ကိုပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြည်ပထွက်ခွာမည့် လေကြောင်းခရီးစဉ်များကိုမူ နိုင်ငံရပ်ခြားတိုင်းပြည်များက တောင်းဆိုလာပါက ဖြစ်စဉ်တစ်ခုချင်းစီအလိုက်သုံးသပ်ကာ ခွင့်ပြုသွားမည်ဟု ၎င်းက ပြောသည်။

ဆိုင်းငံ့အမိန့်သည် ဧပြီ ၁၃ အထိဖြစ်သော်လည်း ကုန်တင်လေယာဉ်များ၊ လူနာတင်လေယာဉ်များ၊ အကူအညီ ကယ်ဆယ်ရေးလေယာဉ်များမပါဝင်ပေ။ သို့သော် တခြားမည်သည့် လေယာဉ်ပျံသန်းမှုမဆို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ “အထူးခွင့်ပြုချက်” ဖြင့်သာ ဝင်ရမည်ဖြစ်သည်။

ထိုသို့ ဝင်ရောက်လာပါက လေယာဉ်ပေါ်ပါဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံအတွင်း ညအိပ်မည်ဆိုပါက သီးသန့်ခွဲခြားနေထိုင်ရမည်ဖြစ်သည်။

သို့သော် ထိုတားမြစ်မိန့်သည် ပြည်တွင်းလေကြောင်းခရီးစဉ်များနှင့် မသက်ဆိုင်ကြောင်း ဦးဝင်းခန့်က ပြောသည်။

“(ပြည်တွင်းလေကြောင်းလိုင်း) မပါသေးဘူးခင်ဗျ။ (အားလုံးပြည်ပလေယာဉ်ခရီးစဉ်) တွေချည်းပါ။ ဘာလို့ဆိုတော့ ဒီနိုင်ငံမှာဖြစ်နေတဲ့ ရောဂါအကုန်လုံးက import (ပြည်ပကနေသယ်ဆောင်လာတာ) တွေချည်းပဲလေ” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် မြန်မာနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိကြောင်း အတည်ပြုလူနာ ၁၀ ဦးရှိပြီး ၈ ဦးမှာ အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ ထိုင်းစသည့် နိုင်ငံတစ်ခုခုမှ ဝင်ရောက်လာသူများဖြစ်သည်။

ထို့ပြင် မတ် ၂၉ (တနင်္ဂနွေနေ့) မှစ၍ မည်သည့်နိုင်ငံမှ နိုင်ငံခြားသားကိုမဆို မည်သည့်ဗီဇာမျိုးကိုမှ ထုတ်မပေးရန် အစိုးရက ဆိုင်းငံ့ခိုင်းထားလိုက်ပြီဖြစ်ကြောင်း မတ် ၂၈ နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လူမှုရေးဗီဇာနှင့် နှစ်နိုင်ငံသဘောတူညီချက်အရ ကင်းလွတ်ခွင့်ပေးထားသည့် ဗီဇာများလည်းပါဝင်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင်ပါရှိသည်။

သို့ရာတွင် သံတမန်များ၊ မြန်မာနိုင်ငံတွင်နေထိုင်သည့် ကုလသမဂ္ဂဝန်ထမ်းများ၊ သင်္ဘောနှင့် လေကြောင်းလိုင်း ဝန်ထမ်းများမပါဝင်ပါ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles