အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခင်ဦးနယ်တွင် ရွာလုံးကျွတ်မီးရှို့ခံရပြီး အလောင်း ၃ လောင်းတွေ့

အာဏာသိမ်းမှု နှစ်နှစ်ပြည့်ချိန်တွင် စစ်ကောင်စီက အရှိန်မြှင့်ကာ စစ်ကြောင်းထိုးနေသည့် စစ်ကိုင်းတိုင်းအတွင်း မြို့ရွာများအနက် ခင်ဦးမြို့နယ်၌ ယမန်နေ့ (ဇန်နဝါရီ ၃၁) က ရွာလုံးကျွတ်နီးပါး မီးရှို့ခံရကာ ရုပ်အလောင်း သုံးလောင်း တွေ့ရှိခဲ့သည်။

ရွှေဘိုမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်က မူးမြစ်အရှေ့ဘက်ကမ်း ကျေးရွာများကို မီးရှို့ပြီးနောက် ကပ်လျက်ရှိ ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ရုံးစုကျေးရွာတွင် အလောင်းသုံးလောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

“ရုံးစုရွာထဲမှာ သတ်ခံရတဲ့သူ သုံးယောက်တော့ တွေ့တယ်။ မနေ့က ကာကွယ်ရေးအဖွဲ့တွေ ဝင်လို့ တွေ့ခဲ့တာ၊ (စစ်သားတွေက) လိုက်ပစ်လို့ သေသေချာချာ မရှင်းလင်းနိုင်သေးဘူး။ ဘယ်သူဘယ်ဝါတော့ မသိရသေးဘူး” ဟု ခင်ဦးမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံက ပြောသည်။

သေဆုံးသူများနှင့် ပတ်သက်ပြီး အမည်၊ အသက်နှင့် အသေးစိတ်အချက်အလက်များကို မသိရသေးသလို ယနေ့ နံနက်တွင် စစ်ကြောင်းပြန်ထွက်သွားသော်လည်း စစ်သားအချို့ ကျန်ရှိနေသေးကြောင်း သိရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယမန်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ခင်ဦးမြို့နယ်အတွင်း အိမ်ခြေ ၃၀၀ ကျော်ရှိ ညောင်ပင်ကြီးစုကျေးရွာကို မီးရှို့ခဲ့ရာ အိမ်အလုံး ၂၀၀ ခန့် မီးလောင်ခဲ့ပြီး တစ်မိုင်ခန့်အကွာရှိ ဗျိုင်းကြိုင်နှင့် ရုံးစုရွာတို့ကိုလည်း မီးရှို့ခဲ့ပြီး အိမ်ခြေ ၅၀၀ နီးပါး ပျက်စီးသည်ဟု သိရသည်။

စစ်တပ် ဝင်ရောက်လာချိန် မပြေးနိုင်ဘဲ နေအိမ်တွင် ကျန်ရစ်ခဲ့သည့် ညောင်ပင်ကြီးစုရွာသား အသက် ၉၀ ကျော်အရွယ် အမျိုးသားတစ်ဦး အအေးမိသေဆုံးခဲ့ကြောင်းလည်း သိရသည်။

“စစ်ကြောင်းဝင်ပြီဆိုတော့ ရွာသားတွေက ထွက်ပြေးရတာကိုး။ အသက် ၉၀ ကျော်လောက်ရှိနေတဲ့ ဘဘကြီးတစ်ယောက်က မသွားလာနိုင်တော့လို့ အိမ်မှာပဲ ကျန်နေခဲ့ရတာ၊ မိသားစုတွေ ပြန်ဝင်လာတော့ ဆုံးနေတာပဲ တွေ့ရတော့တာ၊ အအေးပတ်သွားတဲ့ပုံစံမျိုးပဲ” ဟု ခင်ဦးအခြေစိုက် KSO တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် သေဆုံးသွားသူ၏ ရုပ်အလောင်းကို နာရေးပြင်ဆင်ထားပြီး ရွာသားများမှာလည်း မီးလောင်ပျက်စီးမှုများကို ရှင်းလင်းနေရကြောင်း သိရသည်။

အလားတူ ညောင်ပင်ကြီးစုရွာအတွင်းမှာပင် မီးရှို့ထားသည့် စစ်သားအလောင်းတစ်လောင်း တွေ့ရပြီး၊ စစ်သားများ နေထိုင်သွားသည့် နေအိမ်များတွင် ဆေးကုထားသည့် လက္ခဏာများ၊ သွေးစီးကြောင်းများကို မြင်တွေ့ရကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ရုံးစုရွာရှိ အဆောက်အအုံတစ်ခု။ (ဓာတ်ပုံ- ခင်ဦးသတင်းမှန်ပြန်ကြားရေး)

“ရွာထဲမှာပင် သင်္ဂြိုဟ်ထားခဲ့တာ တစ်ကောင်တွေ့တယ်၊ ဆေးကုထားတာတွေလည်း အများကြီး တွေ့ရတယ်။ ရွာကို ဝင်တုန်းကတည်းက တိုက်မိုင်းတွေ သုံးနေရာတောင် မိသွားတာ။ ရွာကပြန်ထွက်တဲ့အချိန်မှာလည်း ကျွန်တော်တို့ဒေသတွင်းကအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်သေးတာ၊ ရေဦးကို ပြန်ဝင်တဲ့အချိန် တံတားပေါ်က ဖြတ်သွားတော့ အထမ်း ၃ ထမ်းလည်း တွေ့လိုက်ရတယ်” ဟု ခင်ဦးနယ် အမှတ် ၂ တိုက်နယ်ခေါင်းဆောင်ပိုင်းမှ ကိုမော်တော်က ပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်စဉ် ဒေသကာကွယ်ရေးအဖွဲ့များဘက်မှ အသက် ၅၀ ဝန်းကျင် ရဲဘော်ကိုမိုးတင့် ဆိုသူ ကျည်ထိသေဆုံးခဲ့သည်ဟု သိရသည်။

ထိုစစ်ကြောင်းက ရွှေဘိုမြို့နယ် မူးမြစ်ကမ်းဘေးကျေးရွာများကို သုံးရက်ခန့် စီးနင်းခဲ့ပြီး ရွာသုံးရွာ မီးရှို့ခံရကာ အသက် ၅၀ အရွယ် ဒေသခံနှစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရသည်။

ထိုစစ်ကြောင်းသည် ယမန်နေ့က ခင်ဦးမြို့နယ်အတွင်းမှ ဗျိုင်းကြိုင်၊ ရုံးစုနှင့် ညောင်ပင်ကြီးစုရွာတို့ကို မီးရှို့ခဲ့ပြီးနောက် ယနေ့တွင် ရေဦးမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း ခင်ဦးဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“(ညောင်ပင်ကြီးစု) ရွာကတော့ သုံးပုံနှစ်ပုံလောက် ပျက်စီးသွားတယ်၊ အခုမှပဲ ရွာထဲ ပြန်ဝင်နိုင်သေးတာ၊ သေချာတောင် စာရင်းမကောက်ရသေးဘူး” ဟု ကိုမော်တော်က ဆိုသည်။

ရွှေဘို၊ ခင်ဦးကို စစ်ကြောင်းဝင်နေစဉ် တစ်ချိန်တည်း၌ပင် နယ်မြေထိစပ်နေသော မူးမြစ်ကမ်းတစ်လျှောက် မြို့နယ်များဖြစ်သည့် ကျွန်းလှမြို့နယ်နှင့် ဝက်လက်မြို့နယ်များတွင်လည်း စစ်ကောင်စီက အင်အားရာချီ သုံးကာ စီးနင်းနေပြီး ကျေးရွာများကို နေ့စဉ် မီးရှို့နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

ရေဦးမြို့ကို အခြေပြု၍ ဝန်းကျင်ကို ပတ်လည်လှည့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်များသည် ယမန်နှစ် နိုဝင်ဘာလအတွင်းကတည်းက ခင်ဦးတစ်မြို့နယ်လုံးကို စစ်ကြောင်းထိုးပြီးနောက် ဒီဇင်ဘာလဆန်းတွင် ရေဦးမြို့နယ်ရှိ ကျေးရွာများကို စီးနင်းခဲ့သည်။

ခင်ဦးမြို့နယ်တစ်ခုတည်းအတွင်းမှာပင် အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဇန်နဝါရီလအထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၃၀၀၀ ကျော်၊ အိုးအိမ်မဲ့ ပြည်သူပေါင်း ၂၀၀၀၀ နီးပါးအထိ ရှိနေကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ စာရင်းများအရ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button