အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျုံဒိုးမြို့အနီးတိုက်ပွဲတွင် စစ်ကောင်စီအထိနာ၊ KNDO ဘက်မှ တပ်ခွဲမှူး သေဆုံး

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ တစ်ဘက်ကမ်း ကမ်းနီးရွာဝန်းကျင်တွင် ရက်အတန်ကြာ   ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၉၀ ကျော်သေဆုံးကာ ကရင်လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များဘက်မှ  အရာရှိ ၁ ဦး အပါအဝင် ၃ ဦး သေဆုံးသည်ဟု ယနေ့ (ဇန်နဝါရီ ၂၆) တွင် သိရသည်။

ကော့ကရိတ်နှင့် ၁၅ မိုင်အကွာရှိ ထိုရွာအနီး  ၆ ရက်ကြာ ဖြစ်ပွားနေသော တိုက်ပွဲတွင် ပူးပေါင်း တပ်ဖွဲ့ဘက်မှ  ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်  (KNDO)၊ ကော်သူးလေ တပ်မတော် KTL Army ဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်းတို့ ပါဝင်သည်။

ဇန်နဝါရီ ၂၅  တွင် KNDO အမှတ် (၆) တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်စောလင်းဌေးနှင့် ရဲဘော် ၂ ဦး သေဆုံးသည်ဟု Lion Battalion Commando စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုထက်နေဝင်းက ပြောသည်။

စစ်ကောင်စီဘက်မှ ၁၀၀ နီးပါး သေဆုံးသည်ဟု Myanmar Now ၏ သတင်းရင်းမြစ်ထံမှ သိရှိရသော်လည်း သီးခြားအတည်ပြု၍ မရသေးပေ။

ကျုံဒိုးတိုက်ပွဲအခြေအနေနှင့် ပတ်သက်၍  KTL Army မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်စလုံးကို ဆက်သွယ်မေးမြန်းသော်လည်း  အသေးစိတ်သတင်းအချက်အလက်များ မသိရှိသေးကြောင်း  ပြောဆိုသည်။

ရက်အတန်ကြာ ဖြစ်ပွားနေသော တိုက်ပွဲမှာ ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်) မှစတင်၍  ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။

ယခုလ ၂၀ ရက်နေ့မှစတင်၍ ကမ်းနီစံပြကျေးရွာအပါအဝင် ကော့ကျိုက်နှင့် အံဂလုံကျေးရွာများအနီးသို့ စစ်ကြောင်းထိုးတပ်စွဲလာသည့် စစ်ကောင်စီတပ်ဘက်တွင်  အင်အား ၁၅၀ ခန့်ပါဝင်ကြောင်း၊  တပ်မ ၄၄ လက်အောက်ခံတပ်ဖွဲ့များဖြစ်ကြောင်း သိရသည်။

ကမ်းနီးရွာအတွင်းတွေ့ရသည့် ပူးပေါင်းတပ်ဖွဲ့များ

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တိုက်ပွဲဖြစ်ပွားနေသော နေရာအနီးရှိ ညောင်ရိပ်သာကျေးရွာကို  ယနေ့နံနက် ၉ နာရီဝန်းကျင်တွင်စတင် မီးရှို့ရာ အိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးကြောင်း မျက်မြင်တွေ့ရှိခဲ့ရသည့် ဒေသခံတစ်ဦးက ပြောသည်။

အိမ်ခြေ ၁၀၀ ကျော်ရှိသော ညောင်ရိပ်သာကျေးရွာတွင်  တိုက်ပွဲနှင့်  လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုတို့ကြောင့် ယမန်နေ့ (ဇန်နဝါရီ ၂၅) မှစတင်၍ ရွာလုံးကျွတ်နီးပါးတိမ်းရှောင်ခဲ့ရသည်။

၂၀ ရက်နေ့မှဖြစ်ပွားသော တိုက်ပွဲတွင် ကျုံဒိုးမြို့အဝင်အခြေစိုက်ထားသည့် စစ်ကောင်စီတပ်ရင်း အမှတ် ၅၄၅ နှင့် ၅၄၆ တို့က ကမ်းနီးကျေးရွာအပါအဝင် အနီးအနားကျေးရွာများသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀၀ ကျော်ပစ်ခတ်ခဲ့ကြောင်း Lion Battalion Commando စစ်ကြောင်းက ယနေ့  ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီ လေတပ်မှ  JY/130  နှင့် Mi 35 လေယာဉ်အမျိုးအစားများ သုံးပြီး   ၁၀ ကြိမ်ထက်မနည်း  ဗုံးကြဲချခဲ့သည်ဟု ၎င်းတို့ကဆိုသည်။

စစ်ကောင်စီက တိုက်ပွဲများပြင်းထန်လျက်ရှိသော  ကရင်အမျိုးသား အစည်းအရုံး (KNU)   တပ်မဟာ (၆) နယ်မြေအတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့နယ်ဘုရားသုံးဆူမြို့နှင့် ၁၈ မိုင်ခန့် အကွာတွင်ရှိသော သတ္တုလုပ်ကွက်တစ်ခုကိုလည်း ယမန်နေ့ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီယန္တရားလည်ပတ်နေမှု ရပ်တန့်သွားစေရန် ရည်ရွယ်ချက်ဖြင့် ထိုင်း-မြန်မာနယ်စပ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ဘုရားသုံးဆူမြို့လယ်ရှိ စစ်ကောင်စီ၏ ထောက်လှမ်းရေးရုံးအပါအဝင် ဌာနဆိုင်ရာရုံး ၄ ခုကို တော်လှန်ရေးအဖွဲ့များက ယခုလ ၂၃ ရက်နေ့တွင် မီးရှို့လိုက်သည်။

ယခုလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကရင်ပြည်နယ်မြောက်ပိုင်း၊ ဖာပွန်မြို့၊ လေးဝါးကျေးရွာကို စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ခရစ်ယာန်အဆောက်အဦီနှစ်လုံး၊ လူနေအိမ် ၂၁ လုံး ပျက်စီးခဲ့ပြီး ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကျေးရွာနေ ဒေသခံ ၅ ဦး သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button