အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မိုင်းထိစစ်တပ်က ပေါက်မြို့ ကျွန်းတိုင်းရွာကို နှစ်ရက်ဆက်မီးရှို့နေ

မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်းတွင် အင်အား ၁၀၀ ခန့်ပါသည့် စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးအနားရှိ ရွာကို နှစ်ရက်ဆက် မီးရှို့နေသည်ဟု သိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၂၀) မွန်းလွဲ ၃နာရီ ဝန်းကျင်တွင်   ပေါက်မြို့နယ်ဘက် ၁၂ မိုင်ကျော်အကွာရှိ ဇီးပြားရွာရှိ ရဲစခန်းကို ယာဉ်တန်းဖြင့် ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ဖွဲ့ကို ဇီးပြားရွာ တောင်ဘက် ၆ မိုင်အကွာရှိ ကျွန်းတိုင်းရွာအနီးတွင် ပြည်သူကာကွယ်ရေးတပ်မတော် (PDF) ၏  မြိုင်မြို့နယ် တပ်ရင်းနှင့် မြွေပွေးပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျွန်းတိုင်းရွာ တောင်ဘက် ၆ ဖာလုံခန့်တွင် မိုင်း ၃ ကြိမ်ဆွဲ၍ လက်နက်ငယ်များဖြင့် ၈ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ဦးသေ၊ ၉ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း မြိုင် PDF တပ်ရင်းမှူး ဗိုလ်လက်ယာက ပြော သည်။

“တိုက်မိုင်း ၃ ပွိုင့် (နေရာ) ထိသွားတဲ့ချိန်မှာ ကျွန်တော်တို့က အပေါ်ကနေ ကောင်းကောင်းတွယ်လိုက်ရတာဆိုတော့ သူတို့ တော်တော်များများအထိနာတယ်။ သူတို့ကို ပြန်ပစ်ချိန် မရှိဘူး။ ကျွန်တော်တို့ပဲ ဖိပစ်ခဲ့တာ။ တိုက်ပွဲဖြစ်ပြီးတော့ သိပ်မကြာဘူး မီးစရှို့တာ”ဟု ၎င်းက ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ခိုက်ခံရပြီး မိနစ်ပိုင်းအကြာတွင် စစ်ကောင်စီတပ်က အိမ်ခြေ ၂၄၀ ရှိ ကျွန်းတိုင်းရွာကို စီးနင်း မီးရှို့သဖြင့် ယမန်နေ့ တစ်ညအတွင်း အိမ် ၁၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီ အဖွဲ့က ယနေ့(နိုဝင်ဘာ ၂၁) တွင်လည်း နံနက် ၆ နာရီခွဲခန့်မှစ၍ မီးဆက်ရှို့နေဆဲဖြစ်ကြောင်း ထိုသူက ဆက်ပြောသည်။

ထိုစစ်ကြောင်းတွင် ထွန်စက်နှင့် စပါးချွေလှေ့စက်များပါ ပါဝင်သဖြင့် ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်သည့် ဒေသခံတို့၏ စပါးခင်းများ လုယက် ဖျက်ဆီးခံရမည်ကို စိုးရိမ်နေရသည်ဟု ဗိုလ်လက်ယာက ဆိုသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။

မီးရှို့ထားသည့် မှတ်တမ်းပုံတချို့ကို Myanmar  Now က ရရှိသော်လည်း မည်သည့်အိမ်များကို ရွေးချယ် မီးရှို့ခြင်းဖြစ်ကြောင်း မသိရသေးပေ။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးရှိချိန်တွင် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံတော်လှန်နေကြရာ နိုင်ငံအလယ်ပိုင်းမှ မကွေးတိုင်းလည်း ပါဝင်သည်။ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပါ သုံး၍ ပစ်ခတ်နေကာ ရွာစဉ် လှည့် မီးရှို့မှုများ အဆက်မပြတ်လုပ်နေသည်။

သို့သော် ပြည်သူတို့၏ အိုးအိမ် ပျက်စီးဆုံးရှုံးမှုများမှာ ၎င်းတို့ လက်ချက်မဟုတ်ဟု စစ်ကောင်စီက ငြင်းလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles