အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ကျဉ်းအနည်းငယ် လွှတ်ပေးသည့် စစ်ခေါင်းဆောင်ကို အာဆီယံ နားချဦးမည်

အာဏာသိမ်းစစ်ခေါင်းဆောင်၏ နိုင်ငံရေးအကျဉ်းသားအရေအတွက် မစို့မပို့လွှတ်ပေးမှုကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ကြိုဆိုလိုက်ပြီး စစ်ခေါင်းဆောင်ကို တတိယအကြိမ် သွားရောက်နားချရန်ရှိနေသည်။

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေးအတွက် လာမည့်အပတ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်ထားသည်ဟု Prak Sokhonn ၏ ယနေ့ (နိုဝင်ဘာ ၁၈ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အကြမ်းဖက်မှုများရပ်တန့်နိုင်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရန်နှင့် ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်နိုင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုန်လုပ်နိုင်ရန် ခရီးစဉ်က ရည်ရွယ်သည်ဟု ဆိုသည်။

အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ ဖိအားပေးခံနေရသည့် စစ်ကောင်စီသည် နိုဝင်ဘာ ၁၇ ရက်တွင် အကျဉ်းသား ၆,၀၀၀ ကျော်ကို လွှတ်ပေးခဲ့ပြီး ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား၊ ထင်ပေါ်ကျော်ကြားသူများ၊ သတင်းထောက်များ အနည်းငယ်သာ ပါဝင်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သို့သော် အာဆီယံအထူးကိုယ်စားလှယ်ကမူ ထိုအနည်းငယ်မျှသော နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှုကို ချီးမွမ်းထားသည်။ သက်ဆိုင်သူများအားလုံး တွေ့ဆုံဆွေးနွေးမည့်လုပ်ငန်း စတင်ရန်နှင့် လမ်းကြောင်းမှန်ပြန်ရောက်ရန် အစပျိုးခြင်းဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Prak Sokhonn သည် ပြီးခဲ့သည့် မတ်လ တတိယပတ်အတွင်းက အာဆီယံအထူးကိုယ်စားလှယ်အဖြစ် စစ်ခေါင်းဆောင်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့သည်။ သို့သော် ထိုတွေ့ဆုံမှုအတွင်း သူတောင်းဆိုထားသလို သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်တို့နှင့် တွေ့ခွင့်မရခဲ့ဘဲ စစ်ခေါင်းဆောင်၏ အခြေခံဥပဒေနှင့်အညီ နိုင်ငံ့တာဝန်ယူခြင်းသာဖြစ်သည်ဟူသော ဆင်ခြေပေးမှုကိုသာ နားထောင်လာခဲ့ရသည်။

ယင်းနောက် ဒုတိယအကြိမ်အဖြစ် ဇွန်လအတွင်း သွားရောက်ခဲ့ပြန်ရာ နိုင်ငံရေးပါတီအချို့နှင့်သာ ပေးတွေ့ခဲ့ပြီး ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ တရားရင်ဆိုင်နေရသူများဖြစ်သည်ဆိုကာ စစ်ခေါင်းဆောင်က ပေးမတွေ့ခဲ့ပေ။

၂ ကြိမ်တိုင် သွားရောက်ခဲ့သည့် Prak Sokhonn သည် သူ၏ ခရီးစဉ်များ မအောင်မမြင်ဖြစ်ပြီးနောက် မြန်မာ့အရေးဖြေရှင်းရန် လမ်းပိတ်နေကြောင်း ပြောဆိုကာ “မှော်အစွမ်းမရှိ” ဟု ညည်းတွားခဲ့သည်။

ဒေသတွင်း အင်အားအကြီးဆုံး အသင်းကြီးဖြစ်သည့် အာဆီယံသည် မြန်မာ့နိုင်ငံပဋိပက္ခများ ပြေလည်နိုင်ရန် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလတည်းက ချမှတ်ခဲ့သော်လည်း အာဏာသိမ်းစစ်တပ်က လိုက်လျောခြင်းမရှိခဲ့ဘဲ သက်တမ်း ၁ နှစ်ရှိသည့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးမှာ ကမ္ဘောဒီးယားနိုင်ငံမှသည် အင်ဒိုနီးရှားနိုင်ငံသို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

အာဆီယံအလှည်ကျဥက္ကဋ္ဌဟောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်လည်း နေပြည်တော်သို့ သွားရောက်ကာ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာရန် စစ်ခေါင်းဆောင်ကို နားချခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ “နွားက မရုန်းဘဲနဲ့တော့ ထွန်က ဘယ်လိုရွေ့မလဲ” ဟု ညည်းတွားခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

မြန်မာ့အရေး ကြားဝင်ဖြေရှင်းရန် ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလင်းဟေဇာကို ခန့်အပ်ထားသည်။ စစ်ကောင်စီ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကြာကာလ ဩဂုတ်လအတွင်းက ဒေါက်တာနိုလင်းဟေဇာ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။

သူ၏ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရင် တောင်းဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ နောင်အကြိမ်များတွင် ဒေါ်ဆောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသာ မြန်မာနိုင်ငံသို့ သွားရောက်တော့မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမြန်ဆုံးတွေ့ဆုံလိုကြောင်း စစ်ခေါင်းဆောင်ကို တောင်းဆိုခဲ့သည်။

“သူ့ကို ကိုယ်ရေးကိုယ်တာအရ ဂရုစိုက်တဲ့အနေနဲ့ရော နောက်ပြီး သက်ဆိုင်တဲ့လူအားလုံးနဲ့ တွေ့ဆုံရမဲ့အရေးမှာ သူက အရေးပါတဲ့တစ်ယောက် ဖြစ်တာရောကြောင့်ပါ” ဟု စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

သို့သော် နိုလင်းဟေဇာ၏ ဆန္ဒမပြည့်ဝခဲ့ဘဲ စစ်ကောင်စီအတွက်မူ ဝါဒဖြန့်ရန် အခွင့်သာခဲ့သည်။ စစ်ခေါင်းဆောင်နှင့် မတွေ့မီ နာရီပိုင်းအလိုသတင်းစာရှင်းလင်းပွဲတွင် ကုလအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံအစိုးရနှင့် တရားဝင် တွေ့ဆုံခြင်းဖြစ်သည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝါဒဖြန့်ခဲ့သည်။

သို့သော် နိုလင်းဟေဇာ၏ ခရီးစဉ်သည် ကုလအနေဖြင့် ထိတွေ့ ဆက်ဆံခြင်းသာဖြစ်ပြီး မည်သို့သော တရားဝင်မှုကိုမျှ ပေးအပ်ခြင်းမရှိဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်ချက် ရှင်းလင်းခဲ့ရသည်။

နိုလင်းဟေဇာ၏ ခရီးစဉ်အတွင်း ပြည်သူ့နေအိမ်များကို မီးရှို့ရန်၊ လေကြောင်းတိုက်ခိုက်မှုများ မလုပ်ရန် တောင်းဆိုခဲ့သေးသည်။ စစ်ခေါင်းဆောင်ကမူ နေအိမ်များကို မီးရှို့သူများသည် ယင်းလက်အောက်ခံများမဟုတ်ကြောင်း ငြင်းဆိုပြီး အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု မလုပ်ဟု ငြင်းဆိုသည်။

လက်တွေ့တွင်မူ ပြည်သူ့နေအိမ်ပေါင်း ၃,၈၀၀၀ ကျော် စစ်ကောင်စီတပ်သားတို့က မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က နိုဝင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အတူ ဆိုးရွားသည့် လေကြောင်းတိုက်ခိုက်မှုများလည်း ကြုံခဲ့ရသည်။ အောက်တိုဘာလ ၂၃ ရက်နေ့က ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ အနန့်ပါဒေသကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲခြင်းကြောင့် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့ရသည်။ ထို့အပြင် စက်တင်ဘာ ၁၆ ကလည်း မန္တလေးတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ကျောင်းသားကလေးငယ် ၇ ဦးနှင့် အရပ်သား ၆ ဦး သေဆုံးခဲ့သည်။

ထိုကဲ့သို့ ဆိုးရွားသောဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သော်လည်း မြန်မာ့အရေးကို ကုလအထူးကိုယ်စားလှယ်က လျစ်လျူရှုထားပြီး ထင်ရှားသည့်ပြောဆိုမှု၊ တိုက်တွန်းမှုများ မတွေ့ရပေ။

အာဆီယံအသင်းကလည်း ဆိုးရွားသည့် နိုင်ငံအတွင်း အခြေအနေများအတွက် စစ်ခေါင်းဆောင်ကို ဒဏ်ခတ်သည့်အနေဖြင့် အာဆီယံအထူးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မတက်စေခြင်းသာ တတ်နိုင်ခဲ့သည်။

အာဆီယံသည် ၁၆ လကြာသည်အထိ ဖြစ်ပေါ်တိုးတက်မှုမရှိဘဲ ဖြစ်နေသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံက ဆက်လက်စွဲကိုင်ထားပြီး တိကျသည့် အချိန်ဇယား၊ လက်တွေ့ကျပြီး တိုင်းတာ၍ရနိုင်သည့် အညွှန်းကိန်းများဖြင့် အကောင်အထည်ဖော်ရန် နိုင်ငံခြားရေးဝန်ကြီးများကို တာဝန်ပေးကြောင်း နိုဝင်ဘာ ၁၁ တွင် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ကမူ နိုဝင်ဘာ ၁၇ ရက်နေ့က အကျဉ်းသားများ လွှတ်ပေးမှုတွင် နိုင်ငံအတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များဖြစ်သည့် ဒေါက်တာမျိုးညွန့်၊ ဦးကျော်ဟိုး၊ ဦးသိန်းဦးနှင့် စီးပွားရေးအကြံပေး Professor Sean Turnell, မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း Ms. Vicky Bowman တို့ကို ပြန်လွှတ်ပေးခြင်းအတွက် ကြိုဆိုကြောင်း ထုတ်ပြန်သည်။

သို့သော် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၂,၉၇၆ ဦးရှိနေပြီး စစ်ကောင်စီ၏ နိုဝင်ဘာ ၁၇ ရက် ပြန်လွှတ်ပေးမှုတွင် နိုင်ငံရေးအကျဉ်းသား ၅၃ ဦးသာ ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က လက်လှမ်းမီသမျှကောက်ယူထားသည့် စာရင်းတွင် ဖော်ပြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button