အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KIA စခန်းနှင့် ယာယီ ရုံး ၂ ခုကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ကျေးရွာအနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ဝခါးစခန်းကုန်းနှင့် ရုံးအဆောက်အအုံတို့ကို ယမန်နေ့ (စက်တင်ဘာ ၁၂) တွင် စစ်ကောင်စီတပ်နှင့် ရှဒူဇွပ်ပြည်သူ့စစ်အဖွဲ့က မီးရှို့ဖျက်ဆီးလိုက်သည်ဟု ဒေသခံများက ပြောသည်။

ဝခါးစခန်းမှ KIA တပ်များ ဆုတ်ခွာသွားသည်မှာ နှစ်ရက်ခန့်ရှိနေပြီဖြစ်သော်လည်း စခန်းအနီးအနား လှုပ်ရှားနေဆဲဖြစ်သည့်အတွက် ယမန်နေ့က ပစ်ခတ်မှုများ ရှိခဲ့သည်။

နံနက် ၁၁ နာရီခန့်တွင် စစ်လေယာဉ်နှစ်စီးက ပစ်ခတ်မှုဖြစ်ပွားသည့် နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှဒူဇွပ်ဒေသခံတစ်ဦးက ပြောသည်။

“တိုက်လေယာဉ်နဲ့ လာပစ်မှပဲ တိုက်ပွဲဖြစ်တာ သိတာ၊ ဆက်တိုက်ဖြစ်ပြီးတော့ နေ့လယ် ၂ နာရီလောက်မှာ နောက်ထပ် တစ်ခါ လာပစ်တယ်၊ အသံတွေကတော့ ဆူညံနေတာပဲ” ဟု အသက် ၅၀ ခန့်ရှိသည့် အဆိုပါအမျိုးသားက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုစခန်းမှာ တနိုင်းမြို့နယ် လီဒိုလမ်းမကြီးပေါ်ရှိ ရှဒူဇွပ်ရွာ၏ အနောက်ဘက် ၄ မိုင်ခန့်အကွာတွင် တည်ဆောက်ထားသည့်အတွက် တိုက်ပွဲဖြစ်ပွားသံများကို ကြားနေရသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

စက်တင်ဘာ ၁၁ မှ စတင်၍ ထိုဒေသအတွင်း စစ်ရေးတင်းမာခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အင်အား ၃၀၀ ခန့်အထိ အသုံးပြုခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး ဒေသတွင်း သတင်းဌာနများက ရေးသားသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်တစ်လျှောက်လုံး ရှဒူဇွပ်ရွာတောင်ဘက်ရှိ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (၂၉၇) က လက်နက်ကြီးပစ်ကူပေးခဲ့သည်ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်က ဝခါးစခန်းအပြင် စခန်းအနီးရှိ KIA တပ်၏ တိုက်နယ်အုပ်ချုပ်ရေးရုံးနှင့် စီးပွားရေးရုံးတို့ကို ဖျက်ဆီးလိုက်သည်ဟု ဆိုသည်။

“အခု မီးရှို့လိုက်တဲ့နေရာတွေက တိုက်နယ်ရုံး၊ အုပ်ချုပ်ရေးပိုင်းပေါ့ဗျာ၊ အရင်တုန်းကလည်း ခဏခဏ ဖြစ်တာပဲ။ အဲဒီရုံးက အမြဲတမ်းတော့မဟုတ်ဘူး၊ ခဏတဖြုတ်လာထိုင်လိုက် ပြန်သွားလိုက် လုပ်တဲ့ရုံးပေါ့” ဟု ရှဒူဇွပ်ဒေသမှ အသက် ၃၀ အရွယ် အဆိုပါ အမျိုးသားက ပြောသည်။

ည ၈ နာရီခန့်တွင် စခန်းမီးရှို့သည့် စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ်အဖွဲ့တို့ ရွာအတွင်း ပြန်ရောက်လာကြသည်ဟု ၎င်းက ပြောသည်။

ယနေ့နံနက်တွင် တိုက်ပွဲများငြိမ်သက်နေပြီး နှစ်ဖက်တပ်များ စစ်ရေးလှုပ်ရှားမှုလည်း မတွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။

ရှဒူဇွပ်ရွာအနီးတစ်ဝိုက်သည် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) တပ်များ လှုပ်ရှားသည့်ဒေသဖြစ်ပြီး စစ်ကောင်စီတပ်က ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့၏ ကူညီမှုဖြင့် KIA တပ်များကို အဆိုပါဒေသမှ တိုက်ထုတ်ရန် ကြိုးပမ်း နေသည်။

ယမန်နေ့က ဖြစ်ပွားသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး မေးမြန်းရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

စစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး အဏာသိမ်းလိုက်သည့်နောက် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာသည့် တိုင်းရင်းသားဒေသများတွင် KIA လှုပ်ရှားနယ်မြေလည်း ပါဝင်သည်။

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်အတွက် ဗမာပြည်သူ ဗမာအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားထားပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေသည့် PDF များကို ထောက်ပံ့ပေးနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button