အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရေဦးမြို့တွင် အထိနာသည့် စစ်ကောင်စီတပ် ရဟတ်ယာဉ် အကူအညီယူရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်သို့ လာသည့် စစ်ကောင်စီတပ်သားများကို ဩဂုတ်လ ၉ ရက်နံနက်ပိုင်းက ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၃ ဦးထက်မနည်း သေဆုံးကြောင်း၊ စစ်ရဟတ်ယာဉ် ၂ စင်း လာရောက် ပစ်ခတ်သည်ကိုလည်း ရင်ဆိုင်ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ဒေသတွင်း အဖွဲ့ခေါင်းဆောင်က ပြောသည်။ 

စစ်ကောင်စီတပ်သား ၄၀ ကျော်ပါဝင်သည့် စစ်ကြောင်းသည် မြို့အနောက်ဘက် ၄ မိုင်အကွာရှိ ကုန်းသာရွာအနီးသို့ နံနက် ၄ နာရီခန့်တွင် ရောက်ရှိလာစဉ် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခြင်းဖြစ်သည်ဟု PDF အဖွဲ့ခေါင်းဆောင်က ဆိုသည်။ 

“ကျွန်တော်တို့ စောင့်တိုက်တော့ သူတို့ဘက်က တော်တော်ကျသွားတယ်ဗျ၊ လက်နက်ခဲယမ်းတွေပါ ရတယ်၊ အနည်းဆုံး ၁၀ ယောက်‌တော့ ကျော်တယ်၊ ကျွန်တော့် ရဲဘော်တွေရှေ့မှာတင်ပဲ ၅ လောင်း တစ်ယောက် မြင်ရတယ်၊ ၈ လောင်း တစ်ယောက် မြင်ရတယ်” ဟု သူက ပြောသည်။ 

နံနက် ၆ နာရီခန့်တွင် နောက်ဆုတ်သွားသည့် စစ်သားများ ပြန်တက်လာခြင်းကြောင့် တိုက်ပွဲဆက်ဖြစ်နေစဉ် တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီး၊ စစ်သားသယ်ဆောင်သည့် ရဟတ်ယာဉ်နှစ်စီးရောက်ရှိကာ စစ်ကူပေး ပစ်ခတ်ခဲ့သည်ဟုဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“(လေကြောင်းတိုက်ခိုက်မှုက) ကျွန်တော်တို့ ကြုံဖူးသမျှ အပြင်းအထန်ဆုံးပဲ၊ အရင်ကပစ်ရင် တစ်ကြိမ်ပဲ၊ ခုက အကြိမ်ကြိမ်ကို လာပစ်နေတာ၊ ကျွန်တော်တို့က မြေပြင်ပဲတိုက်နေတဲ့ အနေအထားပဲရှိတာ”ဟု ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ရဟတ်ယာဉ်များ လာရောက် ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ရာ ကုန်းသာရွာအနီး ပတ်ဝန်းကျင်မှ ရွာမိဿာ၊ နှောကုန်း၊ ချမ်းတရွာ၊ ကုန်းသာ၊ လျှော်ဖြူ၊ ဇေယျဝတီ စသည့်ရွာများလည်း ထိခိုက်နိုင်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်များက ဆိုသည်။ သို့သော် Myanmar Now အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။ 

နံနက် ၆ နာရီ၊ နံနက် ၁၀ နာရီနှင့် နေ့လယ် ၂ နာရီတို့တွင် စစ်ရဟတ်ယာဉ် လာရောက်တိုက်ခိုက်သည်ဟုလည်း ဒေသကာကွယ်ရေးအဖွဲ့ဝင်များက ပြောသည်။ 

“ခုက မြေပြင်အခြေအနေက ကပ်လို့မရသေးလို့ ဒေသခံတွေ အခြေအနေ မသိရသေးဘူး၊ ကျွန်တော်တို့ ရဲဘော် ၂ ယောက်ကျတာတော့ သေချာသွားပြီ။ ဒီပဲယင်း၊ ခင်ဦး၊ ရေဦး အစပ်က လုံးဝကို စစ်ရေးက တင်းမာနေတာ၊  ခေါက်တုံ့ခေါက်ပြန်ကို ပစ်နေတာဗျ“ ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က Myanmar Now ကို နေ့လယ် ၂ နာရီခန့်တွင် ပြောသည်။ 

“သူတို့မထင်ထားလို့နေမှာပေါ့၊ တိုက်ပွဲမှာ အကောင်ကြီးကြီးပါလို့ မခံမရပ်နိုင်ဖြစ်ပြီး မကျေနပ်လို့ မတရားလိုက်နင်းတဲ့ သဘောပါ့၊ ဗုံးသီးအများဆုံးကြဲတာ”  

စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားရာအနီးမှ ကုန်းသာရွာတွင် တပ်စွဲထားပြီး ကျေးရွာကို မီးရှို့နေကြောင်း အထက်ပါ သတင်းရင်းမြစ်များက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများနှင့် နေအိမ်မီးရှို့မှုတို့ကြောင့် ဒေသခံများထိခိုက်မှု အခြေအနေအသေးစိတ်ကို မသိရသေးပေ။ 

အာဏာသိမ်းစစ်ကောင်စီတပ်သည် ခုခံမှုအားကောင်းသည့် ဒေသများတွင် ရဟတ်ယာဉ်သုံးပြီး စစ်တပ် အပြောင်းအရွှေ့လုပ်သလို PDF ရှိနိုင်သည့် ရွာများကိုလည်း ရဟတ်ယာဉ်၊ လေယာဉ်များနှင့် သွားရောက် ပစ်ခတ် တိုက်ခိုက်နေသဖြင့် အရပ်သားများ အကြီးအကျယ် ထိခိုက်နေသည်။ 

အဆိုပါအခြေအနေကို ခုခံနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီတပ်သားများ လေယာဉ်ပစ်လက်နက်နှင့်အတူ အာဏာဖီဆန်လာပါက ထိုက်တန်သည့်ဆုငွေ ချီးမြှင့်မည်ဟု ဩဂုတ်လ ၆ ရက်က ကမ်းလှမ်းထားသည်။ 

NUG နှင့် တော်လှန်ရေးအင်အားစုများသည် ဒေါ်လာ သိန်းချီရနိုင်မည့် ရန်ပုံငွေရှာအစီအစဉ်တချို့ကိုလည်း ပြုလုပ်လျက်ရှိသည်။ အဆိုပါ အစီအစဉ်များတွင် စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုများကို ကာကွယ်ရန် Project Dragonfly ဟု အမည်ပေးထားသည့် စီမံချက်လည်း ပါဝင်သည်။ အဆိုပါ စီမံချက်မှ ရရှိသည့် ငွေများဖြင့် စက်ပစ္စည်းအချို့ ဝယ်ယူကာ မြေပြင်တွင် အသုံးချနေပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၉ ရက်တွင် ထုတ်ပြန်ထားသည်။ 

“ထပ်မံ၍ လိုအပ်သောပစ္စည်းများ ဆက်လက်ရရှိရေးနှင့် ထိရောက်စွာအသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်နေပြီ” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles