အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခရီးသည်တင်ယာဉ်များ နေပြည်တော် အမြန်လမ်းတွင် ဆက်ကြေးကောက်ခံရ

ခရီးသည်နှင့် ကုန်ပစ္စည်း တင်ပို့နေသည့် ယာဉ်လိုင်းများကို ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် စစ်ကောင်စီတပ်က တားဆီးကာ ဆက်ကြေးကောက်နေသည်ဟု အောင်မင်္ဂလာအဝေးပြေး ယာဉ်လိုင်းတချို့ထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ခရီးသွားသူလျော့ကျလာခြင်းကြောင့် ထိုင်ခုံများကို ဖြုတ်ပစ်ကာ ကုန်ပစ္စည်းတင်ပြီး ယာဉ်လိုင်း ရေရှည်ရပ်တည်နိုင်ရန် ကြိုးပမ်းနေရာ ငွေညစ်ခံရနိုင်သည့် အခြေအနေ ဖြစ်နေသည်။

မကြာသေးမီက စစ်ဆေးရေးဂိတ်မှ စစ်သားတစ်ဦးက ခရီးသည်ထိုင်ခုံများကိုဖြုတ်ပြီး ကုန်တင်ခြင်းကို ထောက်ပြပြီး ငွေတောင်းသဖြင့် ပေးခဲ့ရသည်ဟု ခရီးသည်တင်ယာဉ်မောင်း အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ဒီတစ်ခေါက်တော့ ကူညီပေးပါလို့ ပြောတော့ သူက ဒဏ်ဆောင်သွားလိုက်တဲ့၊ ဒဏ် ၁၂၀,၀၀၀ တော့ ဆောင်ရမယ်တဲ့၊ ကျွန်တော် အဲဒီလိုဆောင်ပြီး အမြန်လမ်းကို ဖြတ်လာတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

“ဆက်ကြေးကောက်တယ်ဆိုတာ သေချာပါတယ်၊ အဲဒီပုံစံမျိုးပဲလေ” 

ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ငွေကြေးတောင်းခံခြင်း၊ ကားပေါ်ပါကုန်ပစ္စည်းများကို ဆွဲချပစ်ခြင်းတို့ စစ်ကောင်စီတပ်သားများက ပြုလုပ်နေသည်ဟုလည်း ယာဉ်လိုင်းပိုင်ရှင်တချို့က ဆိုသည်။ 

သို့သော် ငွေတောင်းခံရသည့် ကားအစင်းအရေအတွက်နှင့် တောင်းခံသည့်ငွေကြေးပမာဏတို့ကို Myanmar Now က သီးသန့် အတည်ပြုနိုင်ခြင်းမရှိသေးသလို ထိုအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးပါ။

ခရီးသည်နည်းပါးခြင်း၊ စစ်ကောင်စီတပ်သားများကို လာဘ်ထိုးရသည့် အခြေအနေကို ကားအစင်းရေ အမြောက်အမြား ပိုင်ဆိုင်ထားသည့် ယာဉ်လိုင်းကြီးများ ခံနိုင်ရည်ရှိသော်လည်း ယာဉ်လိုင်းငယ်များမှာမူ ရေရှည်ရပ်တည်ရန် မလွယ်ကူတော့ကြောင်း ပို့ဆောင်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ကား ၇ စီးရှိတယ်၊ အကုန်လုံးက တစ်ခေါက်တက် ရှုံး၊ တစ်ခေါက်တက် ရှုံးနဲ့ ၇ ခေါက် ပြည့်သွားရင် မထွက်နိုင်တော့ဘူး၊ ကျွန်မတို့ဂိတ်ပိတ်ရမှာပဲ” ဟု အောင်မင်္ဂလာဝင်းအတွင်း ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိအမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ကားပေါ်ပါ ပစ္စည်းများကို စစ်ကောင်စီတပ်၏ စစ်ဆေးမှုကြောင့် ကုန်ပစ္စည်းတင်ပို့မှု ကန့်သတ်ရတော့မည်ဟုလည်း သူက ဆိုသည်။  ကြိုတင်လက်ခံထားသည့် ကုန်ပစ္စည်းများ ဂိတ်တွင်သောင်တင်နေပြီး ပုံမှန်ရောက်ချိန်ထက် ပိုကြာသွားမည်ဖြစ်သည်။

ခရီးသည်တို့၏ ခရီးဆောင်အိတ်များ၊ ကုန်များကို တင်ခွင့်ပြုသော်လည်း ပစ္စည်းထုထည်ကြီးမားပါက တင်ခွင့်မပြုဟုလည်း Myanmar Now က ဆက်သွယ်ခဲ့သည့် ယာဉ်လိုင်း ၄ ခုက ပြောသည်။

ထို့အပြင် ရန်ကုန်ဘူတာကြီးအနီးနှင့် အောင်ဆန်းအားကစားကွင်း အပြင်ဘက်တိုက်တန်းရှိ နိုင်ငံအနှံ့သို့ ကုန်ပစ္စည်းပို့ဆောင်ပေးသည့် လုပ်ငန်းများ၊ လက်မှတ်အရောင်းဌာနများ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းရန် ဩဂုတ် ၄ ရက်မှစတင်ကာ ဒေသအာဏာပိုင်တို့က အမိန့်ထုတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button