မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သား ၆ ယောက်ကို သတ်ဖြတ်ကာ လက်ယက်ရေနံတွင်းပေါင်း ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ရင်းမှူးက ပြောသည်။
ယမန်နေ့ (ဇူလိုင် ၈) ရက် နံနက်ပိုင်းက ဆူးဝင်းရွာအနီး ထိုရုပ်အလောင်းများကို တွေ့ရှိခဲ့သည်ဟု မြိုင်PDFမှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။
“ရွာအလယ်မှာ ၂ နှစ်လောင်း၊ အနောက်ဘက် ရွာအစပ်မှာ ၄ လောင်း တွေ့တယ်၊ နာမည်တွေကတော့ အတည်ပြုလို့မရသေးဘူး” ဟု ပြောသည်။
သေဆုံးသူများအနက် အချို့မှာ မျက်နှာတွင် ဒဏ်ရာများ တွေ့ရကြောင်း၊ စစ်ကောင်စီတပ်သားတို့က ၎င်းတို့ ဖမ်းဆီးထားသူတို့၏ မျက်နှာနှင့် ဦးခေါင်းကို စစ်ဦးထုပ်များနှင့် ရိုက်နှက်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရကြောင်း ဗိုလ်လက်ယာက ပြောသည်။
ဆူးဝင်းရွာရှိ နေအိမ် ၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ကို တွေ့ရကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီတပ်နှင့် မြိုင် PDF တို့ ဆူးဝင်းရွာမြောက်ဘက် ၁ မိုင်ခန့်အကွာတွင် ဇူလိုင် ၅ နံနက် ၈ နာရီမှ ညနေ ၆ နာရီဝန်းကျင်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးသလို ၎င်းတို့ဘက်ကလည်း ၂ ဦး သေဆုံးသည်ဟု မြိုင် PDF က ပြောသည်။
သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများကို ရွာအတွင်းမီးရှို့ သင်္ဂြိုဟ်ခဲ့ကြသည်ဟု ဆိုသည်။
“ရွာထဲမှာ အမိန့်ပြန်တာတွေ လုပ်ပြီးမှ မီးရှို့သွားတာလို့ ပြောတယ်။ ရွာထဲက အိမ်ထဲမှာ အလောင်းတွေ ပုံရှို့သွားတာ။ ခြေထောက်ရိုး၊ လက်ရိုး၊ မေးရိုးခွံတွေပဲ တွေ့ရတော့တယ်” ဟု သူက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျောက်ခွက်ရွာ၌ တပ်စွဲလျက်ရှိပြီး ထိုနေရာသို့ အင်အား ၈၀ ကျော်ပါသည့် စစ်ကြောင်းတစ်ကြောင်း လာနေသည်ဟု သတင်းရကြောင်း ဗိုလ်လက်ယာက ပြောသည်။
ဆူးဝင်းရွာအပါအဝင် မြိုင်မြို့နယ်အနောက်ပိုင်းရှိ ကျောက်ခွက်၊ ဆူးဝင်း၊ ဝယ်တောင် (တောင်)၊ သရက်ကန်၊ ရေခါး၊ နယ်သတ်၊ တဲကြီး၊ တောင်ရိုး၊ ဝက်ဖိုး၊ ညောင်ပင်ဇောက်၊ မှန်ရင်း၊ မကြီးကန်၊ နန်းတောရာတို့မှ ထောင်နှင့်ချီသော ရွာသားများမှာ ဇူလိုင် ၂ ကတည်းက စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ရေနံတူးဖော်ရေးလုပ်ငန်းမှာ မြိုင်မြို့နယ်တွင် နေထိုင်သူများ၏ အဓိကလုပ်ငန်းကြီးတစ်ခုဖြစ်သည်။
ဒေသခံတို့၏ လုပ်ငန်းများ မီးရှို့ဖျက်ဆီးခံရမှုကြောင့် မည်မျှဆုံးရှုံးသည်ကို လေ့လာထုတ်ပြန်မှုမျိုး မရှိသေးပေ။

ဒေသခံတို့က PDF တို့ကို ထောက်ပံ့နိုင်ခြင်း မရှိစေရန် လုပ်ငန်းများ၊ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်၊ ဖြတ်လေးဖြတ်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု လေ့လာသူတို့က ပြောသည်။
နိုင်ငံအနှံ့အပြား နေအိမ်များ မီးရှို့ခံနေရသော်လည်း စစ်ကောင်စီက ထိုဖြစ်ရပ်များမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု ရံဖန်ရံခါ တုံ့ပြန်တတ်သည်။
ပြည်သူတို့၏ အိုးအိမ်ပေါင်း ၁၈,၈၈၆ လုံးကို စစ်ကောင်စီတပ်သားတို့က မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း Data For Myanmar အဖွဲ့က ဇွန်လ ၇ ရက်တွင် ထုတ်ပြန်သည်။ ထိုအထဲတွင် မကွေးတိုင်းအတွင်းမှ အိုးအိမ်ပေါင်း ၃,၀၅၅ လုံးပါဝင်ပြီး မြိုင်မြို့နယ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာမှ အိမ်ခြေ ၇၄၂ လုံး ပါဝင်သည်ကို Myanmar Now က လေ့လာတွေ့ရှိရသည်။
စစ်ကောင်စီသည် ၁ လလျှင် ၂ ကြိမ် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ဝါဒဖြန့်နေသည်။ ပြည်သူအများ သတ်ဖြတ်ခံရခြင်း၊ နေအိမ်များ မီးရှို့ခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် သတင်းစာရှင်းလင်းပွဲများတွင် မေးခွန်းထုတ်သူ မရှိပေ။
နိုင်ငံတွင်း မတည်ငြိမ်မှုများတွက် ပြည်သူပါဝင်သော လုံခြုံရေးအဖွဲ့အစည်းများ ဖွဲ့စည်းကာ PDF များကို ချေမှုန်းသွားမည်ဟု စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၁ သတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



