အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က လက်နက်ကြီးပစ်၍ ကျောက်ကြီးဒေသခံ တစ်သောင်းကျော် အိုးအိမ်စွန့်ပြေးနေရ

ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ ဒေသခံ တစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (ဇွန် ၂၇) သတင်းထုတ်ပြန်သည်။

၎င်းတို့ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေဖြစ်သည့် ညောင်လေးပင်ခရိုင်အတွင်းသို့ စစ်ကောင်စီက တပ်အင်အား တိုးချဲ့နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေချိန်တွင် အရပ်သားများနေထိုင်သည့် ကျေးရွာများကို စစ်တပ်က ထိုသို့ ပြုမူနေခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်က ဆိုသည်။

ကျောက်ကြီးမြို့အနောက်တောင်ဘက် ၆ မိုင်ခန့်အကွာ ပဲနွယ်ကုန်း-ကျောက်ကြီး ကားလမ်းမဘေးဝဲယာရှိ နောင်ကုန်း၊ အင်းနက်၊ လယ်ဝိုင်းကြီး၊ နတ်သံကုန်း၊ လှည်းလမ်းကွင်း စသည့် ရွာပေါင်း ၁၂​ ရွာမှ ဒေသခံတို့ တိမ်းရှောင်နေရခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

စစ်တပ်၏ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦး ဒဏ်ရာရကာ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများပါ ပျက်ဆီးသည်ဟု KNU က ဆိုသော်လည်း အသေးစိတ်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိမ်းရှောင်နေရသည့် ရွာသားများမှာ ကျန်းမာရေးနှင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသည်ဟု ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“လူထုတွေက မလုံခြုံတော့ဘူး စိုးရိမ်တဲ့စိတ်နဲ့ပေါ့။ လက်နက်ကြီးတွေကျတာနဲ့ မနေရဲတော့ဘဲ ထွက်ပြေးကြတာပေါ့” ဟု ၎င်းက ပြောသည်။

လူနေထိုင်သည့်ရွာများသို့ လက်နက်ကြီးဖြင့် ပစ်သည့် စစ်ကောင်စီ၏လုပ်ရပ်မှာ အကြမ်းဖက်မှုဖြစ်၍ လက်ခံနိုင်စရာမရှိဟု ထိုအဖွဲ့က ယမန်နေ့ (ဇွန် ၂၆) တွင် ကြေညာချက်ထုတ်ထားသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သားများကို ဒေသခံ ကရင်လူမှုရေးရာအဖွဲ့နှင့် ပေါင်းကာ နေရာချထားခြင်း၊ ကျန်းမာရေးနှင့် စားဝတ်နေရေးကိစ္စများ ကူညီခြင်းတို့ လုပ်ဆောင်နေကြကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုဒေသအတွင်းတွင် ဇွန် ၂၅ နှင့် ၂၆ ရက်တို့၌ စစ်ကောင်စီနှင့် တိုက်ပွဲ နှစ်ရက်ဆက်ဖြစ်နေကြောင်း၊ ညောင်လေးပင်ခရိုင်အတွင်းတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၂၀၊ ၁၂၄၊ ၄၃၉၊ ၃၅၀ တို့ ဝင်ရောက်၍ စစ်ရေးလှုပ်ရှားနေကြောင်း KNU ၏ ထုတ်ပြန်ချက်က ဆိုသည်။ 

ဒေသခံကရင်လူမှုရေးရာအဖွဲ့၏ အဆိုအရ စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးနှိပ်စက်မှုများရှိနေသည်ဟုလည်း သိရသည်။ ထိုအချက်များကို သီးခြားအတည်ပြုနိုင်သေးပေ။

ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသည်။ သို့သော် ပြီးခဲ့သည့်နှစ်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ယင်းနောက်တွင် KNU ထိန်းချုပ်သည့် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းအတွင်းရှိ ဒေသများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းပါသုံး၍ တိုက်ခိုက်နေသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button