အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရဲဘက်စခန်းနှင့် တပ်ပိုင်စက်ရုံတို့ကို တနင်္သာရီ PDF ဝင်တိုက်

မြန်မာနိုင်ငံတောင်ပိုင်းစွန်း မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း မိုင် ၃၀ ဝန်းကျင်သာ ဝေးသည့် ရဲဘက်စခန်းနှင့် စစ်တပ်ပိုင် ရော်ဘာစက်ရုံတို့ကို ယမန်နေ့ (မေ ၈) နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်သည်ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ် သိန်ခွန်းရွာအုပ်စု ထုံခါရဲဘက်အကျဉ်းစခန်းကို မြိတ်ခရိုင်၊ PDF တပ်ရင်း (၂) တပ်ခွဲတစ်ခုက ဝင်ရောက်စီးနင်းရာ အတွင်းစည်းအထိ ရောက်ရှိတိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကြောင်း ၎င်းက ပြောသည်။

ထုံခါရဲဘက်အကျဉ်းစခန်းမှာ စစ်ဗျူဟာမှူးအထိုင်ချသည့် ရေဖြူစစ်စခန်းနှင့် သုံးမိုင်အကွာ မြိတ်- တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမကြီးအနီးတွင် ရှိသည်။

ထိုစခန်းကို ဝင်တိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဓိကခုခံနေသည့် ဗဟိုကင်းကို လက်နက်ကြီးဖြင့် ပစ်ရာ ကျည်မကွဲသဖြင့် မဖြိုခွင်းနိုင်ခဲ့ဘဲ ပြန်ဆုတ်လာရသည်ဟု အထက်ပါ PDF တစ်ဦးက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဝင်စီးတဲ့အချိန်မှာ စည်းနှစ်ထပ်အထိ ရောက်သွားပြီးပြီ။ သူတို့ရဲ့ ဗဟိုကင်းက အဓိက ပြန်ပစ်တယ်။ နေရာအနေအထားအရ ဒီဘက်က တက်ဖို့မလွယ်တော့ဘူး” ဟု ၎င်းက ပြောသည်။

မည်သည့်အမျိုးအစားလက်နက်ကြီး သုံးစွဲသည်နှင့် စစ်ကောင်စီဘက်မှ သေဆုံးသူတို့မှာ စစ်သား၊ ရဲ၊ အကျဉ်းဦးစီး မည်သည့်အဖွဲ့အစည်းဝင်ဖြစ်သည်တို့ကို ရှင်းလင်းစွာမသိရသေးပါ။

သို့သော် မိနစ် ၂၀ ခန့်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒုအရာခံဗိုလ်နှင့် ဒုတပ်ကြပ်၊ ၎င်းတို့ဘက်မှ အသက် ၃၀ ဝန်းကျင် အဖွဲ့ဝင်တစ်ဦး သေသည်ဟု တနင်္သာရီ PDF ဘက်က ပြောသည်။

အထက်ပါ PDF တစ်ဦး၏အဆိုအရ ထိုစခန်းတွင် အကျဉ်းဦးစီးဝန်ထမ်းအင်အား ၃၀ နှင့် သေနတ် ၁၀ လက်၊ တနင်္သာရီမြို့နယ်မှ ရဲ ၆ ဦးနှင့် သေနတ် ၆ လက်ရှိကြောင်း သိရသည်။

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထုံခါရဲဘက်စခန်း။ ဓာတ်ပုံ- တနင်္သာရီ PDF

ထိုနေ့ (မေ ၈) နံနက် ၁၀ နာရီတွင် တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးရုံး ကက (ကြည်း) ပိုင် ရော်ဘာစက်ရုံကိုလည်း စီးနင်းခဲ့ပြီး စစ်ကောင်စီအဖွဲ့နှင့် ဝန်ထမ်းများ ထွက်ပြေးသွား၍ ပြန်ဆုတ်ခဲ့ရသည်ဟု တနင်္သာရီ PDF က သတင်းထုတ်ပြန်ထားသည်။

PDF က စက်ရုံကို ဝင်ရောက်စီးနင်းနေစဉ် ညောင်ပင်ကွင်းကျေးရွာရှိ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက လက်နက်ကြီးနှင့် ပစ်ခတ်သော်လည်း ထိခိုက်မှုမရှိဟု ထိုထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍ မရသေးသလို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေရာ ထိုအထဲတွင် တနင်္သာရီတိုင်းအတွင်းမှ ဒေသအချို့လည်း ပါဝင်နေသည်။

ပြီးခဲ့သည့် ဧပြီ ၂၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ထားဝယ်မြို့အရှေ့ဘက် ၁၀ မိုင်ကျော်အကွာ အိမ်ခြေ ၁၀၀၀ ခန့်ရှိ ပကာရီရွာရဲစခန်းကို ပြည်သူ့ကာကွယ်တပ်ဖွဲ့က ဝင်ရောက်စီးနင်းမီးရှိုခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ သိန်ခွန်းရွာနှင့် ညောင်ပင်ကွင်းရွာ တည်နေရာပြမြေပုံ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button