အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

KNU နယ်မြေတွင် စစ်ရှောင် နှစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လှုပ်ရှားနယ်မြေများတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ နှစ်သောင်းကျော်ရှိပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ကရင်လူ့အခွင့်အရေး (KHRG) အဖွဲ့က ဆိုသည်။ 

“မတ်လနောက်ဆုံးပတ်လောက်မှာ နှစ်သောင်းဝန်းကျင်လောက် ရှိတာပေါ့။ အခုဆိုရင်တော့ နှစ်သောင်းကျော်သွားပြီ။ တဖွဲဖွဲများလာတုန်းပဲ၊ လျော့သွားတာ မရှိသေးဘူး။ များလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ပွဲတွေက ဖြစ်နေတဲ့နေရာက မပြီးတဲ့အပြင် နေရာသစ်မှာ ထပ်ဖြစ်နေတာ” ဟု KHRG ၏ ပြောရေးဆိုခွင့်ရှိသူ ပရိုဂရမ်ဒါရိုက်တာ နော်ထူးထူးက Myanmar Now ကို ပြောသည်။ 

စစ်ရှောင်များ ကြုံတွေ့နေရသည့်အခြေအနေသည် စစ်အာဏာသိမ်းပြီးနောက် အခက်ခဲဆုံးအခြေအနေတစ်ရပ်ဖြစ်နေပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများလည်း လိုအပ်နေသည်ဟု ဆိုသည်။ 

“စစ်ရှောင်တွေအတွက် ဒါဟာ အရေးပေါ်အခြေအနေလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ပညာရေးဆိုတာ ဝေလာဝေး၊ စားဝတ်နေရေးအတွက်တောင် မဖူလုံ။ စစ်က ဖြစ်နေတုန်းပဲ” ဟု သူက ဆိုသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များမှာ စစ်ပြေးဒုက္ခသည်များရှိသည့် နေရာသို့ သွားရောက်ခွင့် မရသေးပေ။ 

KNU တပ်မဟာ (၁) ၊ သထုံခရိုင်၏ ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်ကလည်း ကျိုက်ထိုမြို့နယ်ရှိ စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော်ခန့်ကို NGO အဖွဲ့က ရိက္ခာများ ပံ့ပိုးကူညီကြောင်း၊ ပြည်တွင်းဒုက္ခသည်ကော်မတီက ဆန်များ ပံ့ပိုးပေးကြောင်း မတ်လအတွင်း Myanmar Now ကို ပြောထားသည်။ 

ဧပြီ ၁၂ ၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြသော မြဝတီခရိုင်အတွင်းရှိ ထီးမူးထကျေးရွာမှ ဒေသခံများသည် လတ်တလောတွင် နီးစပ်ရာ ကျေးရွာများနှင့် ဥယျာဉ်ခြံများတွင် ခိုလှုံနေထိုင်နေရသည့်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အရေးပေါ်အသုံးဆောင်ပစ္စည်းများ လိုအပ်နေ ကြောင်း ကရင်အခြေစိုက် KIC သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြဝတီခရိုင်၊ လေးကေ့ကော်ဒေသ စစ်ရှောင်များ တစ်ထောင်ကျော် ရှိနေပြီး အများစုမှာ လေးကေ့ကော် မယ်ဝါးခီး၊ ဖလူးရွာတို့မှ ဖြစ်ကြကြောင်း စစ်ရှောင်အရေးကူညီနေသူ လူငယ်တစ်ဦးဖြစ်သည့် ဒေသခံ ကိုနိုဘယ်လ်က ပြောသည်။  

“ အခုလောလောဆယ်ကတော့ စားနပ်ရိက္ခာပဲ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ထိုင်းဘက်ကမ်းက လမ်းကြောင်းတွေလည်း ပိတ်တော့၊ တစ်ပတ်မှ တစ်ခါလောက်ပဲ ပေးလာတော့ စားနပ်ရိက္ခာက အဆင်မပြေတာတွေ ရှိတယ်။ ရေရှည်ကြည့်ရမယ်ဆိုရင်တော့ စားနပ်ရိက္ခာက လိုအပ်တယ်” ဟု သူက ဆိုသည်။

“အခုလည်း နေ့တိုင်းလိုလို (တိုက်ပွဲက) ဖြစ်နေတာပဲ လေးကေ့ကော်မှာက။ ဘယ်ချိန်ပြန်လို့ ပြန်ရမယ်မှန်း မသိသေးတဲ့အတွက်ကြောင့်မို့လို့” ဟု ၎င်းက ပြောသည်။ 

လက်ရှိတွင် မိုးရာသီ နီးကပ်လာပြီဖြစ်သဖြင့် စစ်ရှောင်မိသားစုများအတွက် တဲများဆောက်ကာ အကူအညီပေးထားကြောင်း သူက ပြောသည်။

“မိုးတွင်းနား နီးလာပြီဆိုတော့ သူတို့အတွက် တဲလေးတွေ ဆောက်ထားပေးတယ်၊ တစ်မိသားစု တစ်လုံးဆိုပြီး။ အရင်တုန်းကတော့ တန်းလျားနဲ့ ထားတယ်” ဟု သူက ပြောပြသည်။ 

စိုက်ပျိုးရေးအတွက် စတင်ပြင်ဆင်ရမည့်အချိန်ဖြစ်ပြီး အချိန်မီ မစိုက်ပျိုးနိုင်ပါက စားသောက်ရေးအခက်အခဲဖြစ်လာနိုင်ကြောင်း KHRG မှ နော်ထူးထူးက ပြောသည်။ 

“ဒီလိုမျိုး တောင်ယာတွေ မီးရှို့ရတော့မယ်လေ။ မိုးဦးကျဆို ပျိုးစတော့မယ်။ ခုက သူတို့က မပြန်ရဲဘူး။ သူတို့ရဲ့ အခက်အခဲက အသက်လုပြီးပြေးရတော့ ငတ်ပြီးလည်း သေမယ်။ အကယ်၍ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အလှူရှင်တွေ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကသာ အချိန်မီမရောက်ရင်၊ အချိန်မီမကူညီနိုင်ရင် စစ်ဒဏ်အပြင် ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ပါ သူတို့ ခံရဦးမယ်” ဟု ၎င်းက ဆိုသည်။

“ကရင်ပြည်နယ်က လယ်သမားတွေက ၇၀ ရာခိုင်နှုန်းကျော်ကျော်က သူတို့ရဲ့ စီးပွားရေးထက် မိသားစု လုံလောက်ဖို့အတွက် စိုက်စားပျိုးစား လုပ်ရတာလေ။ သူတို့ မစိုက်ရရင် သူတို့ရဲ့ စားဝတ်နေရေးဆိုတာ မရှိဘူး”  

ပုံစာ-ဖာပွန်မြို့နယ်၊ ဒေဘုနိုရွာ အထက်တန်းကျောင်းဝင်းဟောင်းအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် မတ် ၂၇ ၌ တွေ့ရစဉ်။ (ဓာတ်ပုံ-KNU)

နယ်မြေတိုက်ပွဲများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ

ပြီးခဲ့သည့် မတ်နှင့် ဧပြီ ဒုတိယပတ်အတွင်း KNU နယ်မြေများတွင် ထိတွေ့ပစ်ခတ်မှုပေါင်း အကြိမ် ၅၀၀ ကျော် ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ လူ ၅၀၀ နီးပါး သေဆုံးကာ ၃၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ KNU ဘက်မှ ၃၄ ဦး သေဆုံးပြီး ၅၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဧပြီဒုတိယပတ်အထိ KNU ထုတ်ပြန်ချက်များအရ တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ ဒေသများတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်မှ လေတပ်ကိုပါ သုံးခဲ့သည်၊ ရွာတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦး သေဆုံးကာ ၈ ဦး  ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက တိုက်ပွဲဒေသအကြောင်းကို အများအားဖြင့် သတင်းထုတ်ပြန်လေ့မရှိပေ။

တိုက်ပွဲများ ပြင်းထန်နေသလို စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ရဲရဲတင်းတင်းတင်းနှင့် ဆိုးဆိုးဝါးဝါးဖြစ်လာကြောင်း နော်ထူးထူးက ဆိုသည်။

“ရွာထဲကို သူတို့က တပ်အင်အားနဲ့ ဝင်လာလို့ရှိရင် အိမ်ပေါ်မှာ လူမတွေ့နဲ့၊ လူတွေ့ရင် ပေါ်တာဆွဲမယ်။ ယောက်ျားသားတွေက ပေါ်တာဆွဲတဲ့ဒဏ်ကို ခုမှ ခံစားလာရတာမဟုတ်ဘူး။ တိုင်းရင်းသားနယ်မြေမှာ ဒီတိုက်ပွဲတွေဖြစ်လာတာ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်တည်းက” ဟု နော်ထူးထူးက ဆိုသည်။ 

“အခုလိုမျိုး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုက မတ်လမှာ ပထမဆုံး လေယာဉ်နဲ့ လာပစ်တာ ကရင်ပြည်နယ်ပဲ။ အဲဒီကနေ တောက်လျှောက် တခြားတပ်မဟာတွေမှာပါ ဆက်ဖြစ်တယ်။ မတ်လကတည်းက တစ်ချက်မှ မနားဘူး သုံးလလောက်။ ပြီးတော့ (ဒီဇင်ဘာမှာ) လေးကေ့ကော်ကို ဆက်လာတယ်”  

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၄ တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ လေးကေ့ကော်မြို့သစ်ဧရိယာအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များ ခိုလှုံနေထိုင်သည်ဟု ဆိုကာ စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့်ဖြင့် ဝင်ရောက်ရှာဖွေခဲ့ပြီး လူတချို့ကို ဖမ်းဆီးသွားခဲ့သည်။ 

ထို့နောက် နောက်တစ်နေ့ ဒီဇင်ဘာ ၁၅ နံနက် ၁၁ နာရီဝန်းကျင်မှစ၍ စစ်ကောင်စီတပ်နှင့် KNU တပ်ဖွဲ့ဝင်များ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုဒေသ၌ လက်ရှိအချိန်ထိ တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

“လေးကေ့ကော်ပတ်ဝန်းကျင်ဆိုတာ ရွာပေါင်းအများကြီးပဲ၊ (ရွာ) ၁၀ ကျော်တောင် မကတော့ဘူး။ ကော့ကရိတ်မြို့ရဲ့ အထဲဘက်ရောက်တဲ့ရွာတွေတောင် (တိုက်ပွဲ) ကူးစက်လာပြီလေ။ တောင်ကြာအင်းတို့ဆိုတာ အရင်တုန်းက မဖြစ်ဖူးဘူးလေ” ဟု နော်ထူးထူးက ဆိုသည်။

KNU တပ်ဖွဲ့ဝင်များအား တောတွင်းတစ်နေရာ၌ ဧပြီလ ဒုတိယပတ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-KNU)

လက်ရှိတွင် တပ်မဟာ (၆) နယ်မြေ လေးကေ့ကော်နှင့် ကော့ကရိတ်ဒေသများတွင် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ဒေသခံအများစုမှာ နေအိမ်မပြန်ရဲကြပေ။

“ရွာသားတွေက အိမ်မပြန်ရဲဘူး၊ သူတို့နဲ့ ပက်ပင်းတိုးရင် ဖမ်းမှာ၊ သတ်မှာ။ ၁၉၆၀ နောက်ပိုင်း သူတို့ (စစ်တပ်) ရဲ့ ဖြတ်လေးဖြတ်နည်းဗျူဟာတွေကို ဒီအတိုင်း ပြန်သုံးတာ။ တကယ်ဆိုးဝါးတဲ့ အခြေအနေတွေ အများကြီးရှိတယ်။ စစ်သား ၂ ယောက်ကြားမှာ ရွာသားတစ်ယောက်နဲ့ ခေါ်သွားတာ။ ဒီတော့ တခြားလက်နက်ကိုင်တွေက မပစ်ရဲဘူးပေါ့။ အဲဒီလိုမျိုး အသုံးချသွားတာ။ လူသားဒိုင်းပေါ့” ဟု နော်ထူးထူးက ပြောသည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူတို့ရဲ့ ထိုးစစ်ဆင်မှုတွေက ပိုများလာတယ်။ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဖြစ်လာတယ်။ အမျိုးသမီးတွေဆိုရင်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်မှာ ကြောက်တယ်လေ”

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) သည် မြန်မာပြည်အရှေ့တောင်ပိုင်း၌ ဖြစ်ပွားလျက်ရှိသည့် လူ့အခွင့်အရေးပြဿနာများဖြစ်သည့် အတင်းအဓမ္မခိုင်းစေခြင်း၊ မြေမြှုပ်မိုင်းထောင်ခြင်း၊ ပြည်တွင်းနေရပ်ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပဋိပက္ခဆိုင်ရာဖြစ်ရပ်တို့ကို မှတ်တမ်းပြုစုသော အဖွဲ့အစည်းဖြစ်သည်။

၂၀၂၁ ဇူလိုင်လမှ ဒီဇင်ဘာအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းရှိ လူ့အခွင့်အရေးအခြေအနေ လေ့လာသုံးသပ်မှုအစီရင်ခံစာ လက်နက်ကိုင်ပဋိပက္ခများ၊ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ ပြင်းထန်လာခြင်းနှင့် ကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ မတ် ၃၁ တွင် KHRG က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားသည်။  

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles