မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီ စွပ်စွဲထားသည့် အဂတိ ၅ မှုအတွက် သက်သေစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းထိန် ပါဝင်သည်ဟု တရားခွင်နှင့် နီးစပ်သူက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကို ချုပ်နှောင်ထားရာ မန္တလေးမြို့ အိုးဘိုထောင်ရှိ သီးသန့်တရားခွင်တွင် အပတ်စဉ် အင်္ဂါနှင့် သောကြာနေ့တိုင်း ထို ၅မှုကို ကြားနာနေခြင်းဖြစ်သည်။
ထိုထောင်၌ပင် ရှိနေသည့် NLD ပါတီနာယကဖြစ်သော၊ အောက်ဆီဂျင်ဖြင့် အသက်ဆက်နေရသော အသက် ၈၀ အရွယ် ဦးဝင်းထိန်ကို ယခုတစ်ပတ်သတ်မှတ်ရုံးချိန်းရက်များမှစ၍ သက်သေထွက်ခွင့်ပြုရန် စစ်ကောင်စီက သဘောတူထားပြီးဖြစ်သည်ဟု တရားခွင်နှင့် နီးစပ်သူက ပြောသည်။
နေပြည်တော်ရှိ လျှို့ဝှက်နေရာတစ်ခုတွင် ချုပ်နှောင်ခံထားရသည့် NLD ပါတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍မူ ရုံးရှေ့လာရောက်ထွက်ဆိုရန် သို့မဟုတ် Video Conferencing စနစ်ဖြင့် သက်သေခံရန် ရှင်းလင်းပြတ်သားစွာမသိရသေးဟု ၎င်းက ဆက်ပြောသည်။
“သက်သေဆိုတာ အမှုမှာ မြင်တွေ့၊ ကြားသိသူ ဘယ်သူဖြစ်ဖြစ် သက်သေခံခွင့်ရှိတာမို့ အထူးအခွင့်အရေးတော့ မဟုတ်ပါဘူး” ဟု တရားခွင်နှင့် နီးစပ်သူက မှတ်ချက်ပြုသည်။
ပုဒ်မ ၃ ခုဖြင့် ထောင်လေးနှစ်ကျပြီးဖြစ်သူ အသက် ၇၀ အရွယ် သွေးကင်ဆာဝေဒနာသည် ဒေါက်တာဇော်မြင့်မောင် ဘန်ကောက်သို့ ဆေးကုသွားစဉ် စေပိုင်ဆောက်လုပ်ရေးပိုင်ရှင် မောင်ဝိတ်နှင့် ဖွံ့ဖြိုးသစ်ကုမ္ပဏီမှ ဦးရဲမြင့်ဆိုသူထံမှ လာဘ်ငွေရယူသည်ဟု စစ်ကောင်စီက စွပ်စွဲပြီး အဂတိအမှု ၃ မှု ဖွင့်ထားသည်။
ထို့ပြင် မြင်းခြံနှင့် ပြင်ဦးလွင် NLD ရုံးများ တည်ဆောက်ရာတွင် အဂတိမကင်းဆောင်ရွက်သည်ဆိုကာ ထောင် ၁၅ နှစ်အထိ ချနိုင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်ပင် ၂ မှု ထပ်ဖွင့်ထားသည်။
ထို ၅မှုတွင် စစ်ကောင်စီဘက်မှ မောင်ဝိတ်နှင့် ဦးရဲမြင့်အပါအဝင် သက်သေ ၉ ဦးမှ ၁၂ ဦး ထွက်ဆိုခဲ့ကြောင်း၊ ဒေါက်တာဇော်မြင့်မောင်ဘက်မှ သက်သေ ၈ ဦးမှ ၁၁ ဦးအတွင်း တင်သွင်းထားကြောင်း တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ဖေဖော်ဝါရီ ၁၈ တရားခွင်သို့ စွပ်စွဲသူ မောင်ဝိတ်က စစ်ကောင်စီဘက်မှ သက်သေအဖြစ် လာရောက်သော်လည်း မန္တလေးတိုင်းဝန်ကြီးချုပ်ကို ကိုယ်တိုင်ငွေပေးခဲ့ခြင်းမဟုတ်ဟု ထွက်ဆိုခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။
ထိုအဂတိ ၅ မှုအပြင် NLD အပြတ်အသတ်ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဆိုကာ ထောင် ၁ နှစ်ချနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၁၇၁ (စ)၊ ထောင် ၃ နှစ်ချနိုင်သည့် ပုဒ်မ ၁၃ဝ (က) ဖြင့်လည်း စစ်ကောင်စီက တရားစွဲထားသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင်နှင့် ဦးဝင်းထိန်တို့က စစ်ကောင်စီစွပ်စွဲသည့် အမှုအချို့တွင် အပြန်အလှန်သက်သေထွက်ဆိုမှုများပြုလုပ်ခဲ့ဖူးသည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ အစိုးရအကြီးအကဲများ၊ ပါတီခေါင်းဆောင်များ အပါအဝင် NLD ပါတီဝင် ၆၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းကာ ပုဒ်မမျိုးစုံတပ်ထားသည်ဟု ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက အတည်ပြုထားသည်။
ဖမ်းဆီးခံထားရသူတို့၏ ကျန်းမာရေးအခြေအနေကို တရားရုံးချိန်းရှိသည့် ရက်များတွင်သာ ရှေ့နေအဖွဲ့ထံမှတစ်ဆင့် သိရသည်။ စစ်ကောင်စီက ပုံမှန်သတင်းထုတ်ပြန်လေ့မရှိသလို Myanmar Now က စစ်ကောင်စီအရာရှိများကို မေးမြန်းနိုင်ခြင်းမရှိပါ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



