အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် ဆေးရုံ၊ ဆရာဝန်နှင့် လူနာပါမချန် စစ်ကောင်စီ ရန်ရှာနေ

အာဏာသိမ်းသည်ကို လက်မခံသည့် မန္တလေးမြို့မှ အထူးကုဆရာဝန်ကြီး ၁၄ ဦးကို ဆေးကုသခွင့် ပိတ်သိမ်းလိုက်သည့် စစ်ကောင်စီက လူနာစာရင်းများ နေ့စဉ်ပေးရန် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို ဖိအားပေးလိုက်သည်။

မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံပိုင်ရှင်နှင့် ဆရာဝန်များကို ခေါ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် မတ် ၁၂ ရက် ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက ထိုသို့ ပြောသည်ဟု ဆရာဝန်အသိုင်းအဝိုင်းထံမှ သိရသည်။

ပိတ်သိမ်းခံရသည့် ဆရာဝန်များထဲတွင် ကုသရေးနှင့် သင်ကြားရေးဆိုင်ရာ ပါမောက္ခများ၊ အထူးကုပါရဂူများ ပါဝင်သည်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် မန္တလေးမြို့မှ ဒေါက်တာစိုးသူရဇော်က ပြောသည်။

ထိုသို့ ပိတ်သိမ်းခံရသူများ မည်သူမည်ဝါဖြစ်သည်ကိုမူ ဆရာဝန်အသိုင်းအဝိုင်းက လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုလိုခြင်း မရှိပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

သို့သော် CDM ဆရာဝန်များကို တာဝန်ထမ်းဆောင်ခွင့်ပြုသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို ပိတ်မည်၊ ရပ်ကွက်ဆေးခန်းမှအစ ဆေးကုသသည့် လူနာမှတ်တမ်းကို တိုင်းကျန်းမာရေးဦးစီးဌာနသို့ နေ့စဉ် ပေးရမည်ဟု စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်သည်ဟု ထိုသူတို့က ဆိုသည်။

“အဓိကကတော့ PDF (ဒေသကာကွယ်ရေးအဖွဲ့) လူနာတွေကို ပုန်းလျှိုးကွယ်လျှိုးနဲ့ ကုပေးတာမျိုး သူတို့ မလိုချင်ဘူး။ ဒီလူနာတွေကို ဆေးရုံတွေ ဆေးခန်းတွေကတစ်ဆင့် အစအနလိုက်ဖို့ ကုသခွင့်မရအောင် ပိတ်ပင်တယ်ပေါ့” ဟု မန္တလေးအခြေစိုက် ဆရာဝန်နောက်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ထိုအစီအမံမှာ လူနာ၏ ဆေးကုသမှုမှတ်တမ်းကို လျှို့ဝှက်ပေးရမည့် ကျင့်ဝတ်နှင့် မလျော်ညီဘဲ ဥပဒေမဲ့မှုကို အားပေးရာရောက်နေသည်ဟု ဆရာဝန်အသိုင်းအဝိုင်းက ဝေဖန်သည်။

သို့သော် စစ်ကောင်စီ၏ ညွှန်ကြားချက်ကို လိုက်နာရန် ရှိမရှိ CDM တွင် မပါဝင်သည့် ဆရာဝန်များနှင့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်း တာဝန်ရှိသူများထံမှ မှတ်ချက်တောင်းခံနိုင်ခြင်း မရှိသေးပါ။

ထို့အတူ CDM ဆရာဝန်များကို ဆေးကုသခွင့်ပိတ်၊ လူနာမှတ်တမ်း နေ့စဉ်တောင်းခံသည့် စစ်ကောင်စီ၏ ထိုခြေလှမ်းမှာ နိုင်ငံအနှံ့သို့ သက်ရောက်မှုရှိမရှိ သီးခြားအတည်မပြုနိုင်သေးပေ။

ဝန်ထမ်းဥပဒေအရ ခွင့်မဲ့သုံးလ ကျော်လွန်၍ အလုပ်မှ ထုတ်ပယ်ခံရပြီးသူ CDM ဆရာဝန်များကို ဆေးကုခွင့်မပေးတော့၊ ဖမ်းဆီးမည်ဆိုသည့် စစ်ကောင်စီ၏ ခြိမ်းခြောက်မှုမှာ ကာယကံရှင်တို့၏ ဘဝရပ်တည်မှုကို အကြီးအကျယ် ဆိုးကျိုးသက်ရောက်စေသည်ဟု ဒေါက်တာစိုးသူရဇော်က ပြောသည်။

“စစ်ကောင်စီရဲ့လက်အောက်မှာ ပုံစံအမျိုးမျိုးနဲ့ ဒုက္ခတွေရောက်နေတယ်။ နည်းနာအမျိုးမျိုးနဲ့ ဒုက္ခပေးနေတယ်။ ဒီပြဿနာအားလုံးရဲ့ သော့ချက်ကတော့ ဒီစစ်ကောင်စီပြုတ်ကျမှပဲ ဒီကြုံတွေ့နေရတဲ့ ဒုက္ခတွေ ပြီးဆုံးသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် ပစ်သတ်သည့် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူများထဲတွင် မန္တလေးမြို့မှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ ထိပ်ဆုံးမှ ပါဝင်သည်။

CDM ဝန်ထမ်းများ၏ စာရင်းအရ မန္တလေးတိုင်းရှိ ကျန်းမာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်း အာဏာဖီဆန်မှုတွင် အင်နှင့်အားနှင့် ပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီကလည်း အပြင်းအထန်နှိပ်ကွပ်ခဲ့ပြီး မန္တလေးမှ ဒေါက်တာမောင်မောင်ငြိမ်းထွန်းနှင့် ဒေါက်တာသီဟတင်ထွန်းတို့ သေဆုံးသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်ကာကွယ်ဆေးရရန် နိုင်ငံအတွက် ကြိုးပမ်းပေးဖူးသည့် ဒေါက်တာထားထားလင်းကိုပင် မချန် စစ်ကောင်စီက ဖမ်းဆီးထားပြီး ကြီးလေးသော ပုဒ်မများတပ်ထားသည်။

အမေရိကန်နိုင်ငံအခြေစိုက် Physicians for Human Rights (PHR)အဖွဲ့က ၂၀၂၁ ဇွန်လကပင် ဒေါက်တာထားထားလင်းကို ဖမ်းသည့် လုပ်ရပ်မှာ အာဏာသိမ်းစစ်တပ်က ကျန်းမာရေးဝန်ထမ်းများကို အဆုံးစွန်အထိ ဖိနှိပ်မည့်လက္ခဏာဟု ဟောကိန်းထုတ်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button