အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လေးကေ့ကော်မှ ဆုတ်ရန် KNU သတိပေးပြီးနောက် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ပြန်ဆုတ်ခွာရန် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ က စာပေးပို့ခဲ့ပြီးနောက် စစ်ကောင်စီလေတပ်က ထိုဒေသကို ယနေ့ (မတ် ၉) ညနေတွင် လာရောက်တိုက်ခိုက်ခဲ့သည်။

မတ် ၇ တွင် KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၏ အတွင်းရေးမှူးက အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ လေးကေ့ကော်မြို့သစ် စစ်ဘေးရှောင်များ နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး ဆုတ်ခွာပေးရန် အကြောင်းကြားစာပေးပို့ခဲ့သည်။

ထိုသို့ စာပို့ပြီး ၂ ရက်အကြာ ယနေ့ (မတ် ၉) ညနေ ၅ ခွဲတွင် စတင် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု KNU တာဝန်ရှိသူ ပဒိုစောတောနီးက ပြောသည်။

“ပထမဦးဆုံးကတော့ ဟယ်လီကော်ပတာ နှစ်စီးနဲ့ စပစ်တာ။ နောက်ပိုင်းတော့ မပြောနိုင်သေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေတော့ ကျွန်တော်မကြားရသေးဘူး” ဟု ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လေကြောင်းရန် တိမ်းရှောင်နေရသဖြင့် အခြေအနေအသေးစိတ်ကို ဖြေဆိုနိုင်ခြင်းမရှိသေးကြောင်း လေးကေ့ကော်ဒေသရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ပြောသည်။

ယခင်ရက်များကတည်းက လေးကေ့ကော်တစ်ဝိုက်တွင် တိုက်ပွဲငယ်များ မကြာခဏဖြစ်ပွားနေကြောင်း၊ ယနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင်လည်း မယ့်ထော်သလေးရွာအနီး တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်မှ ၁၀ ဦးခန့် သေဆုံးပြီးနောက် လေကြောင်းဖြင့် ပစ်ကူခဲ့ခြင်းဖြစ်သည်ဟု ယူဆရကြောင်း တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေသူတစ်ဦးကို ကိုးကား၍ ထိုင်းဘက်ခြမ်းတွင် ရှိနေသူတစ်ဦးကလည်း ပြောသည်။ 

“သူတို့ဘက်က ၁၀ ယောက်အထက် အကျအဆုံးရှိတဲ့အတွက်ကြောင့် လေယာဉ်ပစ်ကူတယ်လို့ မြေပြင်သတင်းတော့ ရတယ်ဗျ။ အရင်ကလည်း လေးကေ့ကော်တစ်ဝိုက်မှာ ကြီးကြီးမားမား မဟုတ်ပေမဲ့ တိုက်ပွဲတိုလေးတွေ ဖြစ်တယ်။ တင်းမာမှုလေးတွေရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့ ညနေပိုင်းတွင် ရဟတ်ယာဉ်၊ လေယာဉ်တို့က လေးကေ့ကော်မြို့သစ်ဘက်ကို လေးကြိမ် ပျံသန်းသွားသည်ကို တွေ့ရကြောင်း မြဝတီမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

“ပထမတစ်ခေါက် ကြဲသွားပြီ။ ရွာထဲမှာက လူတွေရှိတယ်။ ဟတ်စကီးက တစ်ခေါက်ပဲ ပါတယ်။ အခုလေးတင် တစ်စီးထပ်လာပြီ” ဟု ၎င်းက ညနေပိုင်း၌ ပြောသည်။

KNU ဒူးပလာယာခရိုင် လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းဒေသများတွင် စစ်ကောင်စီတပ်များက ဝင်ရောက်တပ်စွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့် ကျေးလက်ဒေသပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း၊ စစ်ဘေးဒုက္ခသည်တို့၏ သက်ရှိသက်မဲ့ အိုးအိမ်ပစ္စည်းများစွာကို အဓမ္မသိမ်းယူခြင်း၊ ဖျက်ဆီးခြင်းကြောင့် နေရပ်မပြန်ရဲသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း စောလစ္စတန်က စစ်ကောင်စီ၏အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။

KNU အနေဖြင့် ကရင်အမျိုးသားပြည်သူလူထု ရင်ဆိုင်နေရသည့် ဒုက္ခများနှင့် အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ကူညီဖြေရှင်းပေးရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် စစ်ဘေးရှောင်ပြည်သူများ ၎င်းတို့၏ ကျေးရွာနေအိမ်များကို အေးချမ်းစွာ ပြန်လည်နေထိုင်လုပ်ကိုင်စားသောက်နေနိုင်ရေးအတွက် လေးကေ့ကော်ဒေသနှင့် ကော့ကရိတ်တောင်ပိုင်းဒေသများအတွင်းရှိ စစ်ကောင်စီတပ်များကို ပြန်လည်ဆုတ်ခွာရန် အသိပေးကြောင်း စာတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ပြန်လည်ဆုတ်ခွာခြင်းမရှိပါက နောက်ပိုင်းဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ ပြဿနာများမှာ အာဏာသိမ်းစစ်ကောင်စီ၏ တာဝန်သာဖြစ်ကြောင်း အသိပေးအကြောင်းကြားသည်ဟု ဖော်ပြထားသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button