အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၂၆၉ တပ်ရင်းမှူး မိုင်းထိပြီးနောက် ထန်တလန်မြို့ မီးထပ်ရှို့ခံရ

တိုက်ပွဲများကြောင့် မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဖေဖော်ဝါရီ ၁၃ ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နေအိမ်များကို ထပ်မံမီးရှို့ခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်သည်။

ယမန်နှစ် စက်တင်ဘာမှစ၍ အိမ်ခြေ ၂၃၀၀ ကျော်ရှိသည့် ထန်တလန်မြို့ အကြိမ်ကြိမ် ဖျက်ဆီးခံရသဖြင့် အိမ်ခြေ ၉၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ယခုတစ်ကြိမ်တွင် အိမ်မည်မျှ ပျက်စီးသွားကြောင်း မသိရသေးပေ။ 

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ခြေလျင်တပ်ရင်း အမှတ် ၂၆၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမျိုးဇင်ထွန်း ဖေဖော်ဝါရီ ၁၃ တွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်တောက်သွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ပေါ်ရှိ ကျန်ရှိနေသော နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နှစ် စက်တင်ဘာမှစ၍ လူဦးရေ ၈၀၀၀ မှ ၁၀၀၀၀ ကြားရှိသည့် ထန်တလန်ဒေသခံများသည် မြို့ကို တဖြည်းဖြည်း စွန့်ခွာသွားကြပြီး နီးစပ်ရာတောတောင်များထဲတွင် ခိုလှုံနေကြရသည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြီးခဲ့သည့်နှစ် စက်တင်ဘာမှ ယခုနှစ် ဖေဖော်ဝါရီ ၁၃ အထိ ထန်တလန်မြို့သည် ၂၅ ကြိမ်တိုင်တိုင် မီးရှို့ခံရပြီး ဘာသာရေးအဆောက်အအုံ ၁၉ လုံး၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ လူနေအိမ် ၉၀၀ ကျော် မီးဘေးသင့်ခဲ့ရသည် ချင်းဒေသကာကွယ်ရေးအဖွဲ့ CDF – ထန်တလန်၏ စာရင်းများအရ သိရသည်။ 

စစ်ဘေးရှောင်ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသည့် Thantlang Placement Affairs Committee မှ ‌ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျှန်က ထန်တလန်စစ်ဘေးဒုက္ခသည် ၈၀၀၀ မှ ၉၀၀၀ ကြား ရှိနေကြောင်း ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသော ထန်တလန်မြို့ခံများကို ယမန်နှစ် စက်တင်ဘာအတွင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- TPAC)

ထန်တလန်မြို့သို့ ကုန်စည်စီးဆင်းမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားခြင်းကြောင့် မြို့နယ်အတွင်း ကျန်ရှိနေသည့် ဒေသခံတို့ စားနပ်ရိက္ခာ ခက်ခဲနေသလို ကိုဗစ်ကာလ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအတွက် စိုးရိမ်စရာဖြစ်နေကြောင်း ၎င်းက ဆိုသည်။ 

“သူတို့က ဒီလိုမျိုး ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို တမင်သက်သက် ရှို့တာကတော့ လူသားမဆန်တာပဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ပြောခွင့်ရသူကမူ ထန်တလန်မြို့ မီးရှို့ခံရမှုသည် ဒေသကာကွယ်ရေးအဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း ယမန်နှစ်အတွင်းက ပြောဆိုထားသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ခန့်ကလည်း CDF – ထန်တလန်နှင့် စစ်ကောင်စီတို့ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးသလို Holiness ဘုရားကျောင်းအပါအဝင် ဒေသခံ နေအိမ် ၉၅ လုံး မီးလောင်ပျက်စီးခဲ့သည်။ 

ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီ၏ တပ်မ ၁၁ လက်အောက်ခံတပ်များနှင့် ဟားခါးအခြေစိုက် တပ်ရင်းအမှတ် ၂၆၉၊ ၂၂၂ တို့ ရှိနေပြီး မြို့ကို အပေါ်စီးမှ မြင်ရသည့် တောင်ကုန်းပေါ်တွင် တပ်စွဲထားသည်ဟု CDF – ထန်တလန်က ယမန်နှစ် ဒီဇင်ဘာအတွင်းက ပြောထားသည်။

စစ်ကောင်စီတပ်များ ကင်းလှည့်ချိန်တွင် CDF – ထန်တလန်က ကြားဖြတ်တိုက်ခိုက်လေ့ရှိရာ စစ်ကောင်စီက လက်စားချေသည့်သဘောဖြင့် မြို့ကို မီးရှို့ခြင်းဖြစ်နိုင်သည်ဟု CDF – ထန်တလန်က ထိုစဉ်က ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button