စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အပြင်ဘက်တွင် ယမန်နေ့(ဇန်နဝါရီ ၁၇) မွန်းလွဲပိုင်းက မော်တော်ယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦးအပါအဝင် ရဲ ၅ ဦး သေဆုံးခဲ့သည်ဟု တမူး – PDF အဖွဲ့၊ တပ်ရင်း(၃) ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကလေးမြို့သို့ ဦးတည်ထွက်ခွာလာသည့် ပါဂျဲရိုးအမျိုးအစား အိမ်သုံးမော်တော်ကားကို ဗိုလ်ဇီးကွက် ဦးဆောင်သည့် တမူး PDF တပ်ရင်း(၃)က တမူးမြို့နယ်၊ ရန်လင်းဖိုင်ကျေးရွာနှင့် ဝိတုပ်ကျေးရွာကြား လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့က ဆိုသည်။
“မိုင်းအရင်ဆွဲပြီးတော့ အပြန်အလှန်ပစ်ခတ်မှုအနည်းငယ်ဖြစ်ပြီးတော့ ကျွန်တော်တို့ သိမ်းစရာရှိတာတွေ သိမ်းလာတာပေါ့” ဟု တပ်ရင်း(၃)ပြန်ကြားရေးတာဝန်ခံ ကိုသားကြီးဆိုသူက ပြောသည်။
သေဆုံးသူတို့မှာ ကလေးခရိုင်၊ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးသောင်းမြင့်၊ ဒုရဲမှူးဝင်းနိုင်၊ ရဲအုပ် မိုးထက်နိုင်၊ တပ်ကြပ် ဇော်မင်းအောင်၊ ဒုတပ်ကြပ် ကျော်ဇင်ထိုက်တို့ ဖြစ်သည်ဟု ၎င်းက ပြောသည်။
ခြောက်လုံးပြူး ၁ လက်၊ MA – 13 ၂ လက်နှင့် ကျည်ဆန်များ၊ ကျည်ကာများနှင့် ရဲဝတ်စုံများလည်း သိမ်းယူနိုင်ခဲ့သည်ဟု ၎င်းထံမှ သိရသည်။
Myanmar Now က ရရှိထားသည့် ဓာတ်ပုံများတွင် အဆိုပါကားမှာ တိမ်းမှောက်နေပြီး အနီးအနားတွင် ရဲတပ်ဖွဲ့ဝင်များ သေဆုံးနေသည်။ ရာထူးရာခံတံဆိပ်ပါသော ရဲယူနီဖောင်းများနှင့် လက်နက်များ ပါဝင်သည့် မှတ်တမ်းပုံကိုလည်း တွေ့ရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့များ အာဏာဖီဆန်ရေးပါဝင်မှုသတင်းများ ဖော်ပြနေသည့် Myanmar Police CDM Channel ကလည်း ထုတ်ပြန်ထားသည်။
ရဲမှူးသောင်းမြင့်မှာ ဇန်နဝါရီ ၁၇ တွင် ကလေးမြို့မှ တမူးမြို့သို့ မူးယစ်ဆေးဝါးအမှုတစ်ခုအတွက် သက်သေခံရန် သွားရောက်ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ တပ်ကြပ် ၂ ဦး လိုက်ပါလာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုသိမ်မြို့သို့ ပြောင်းရွှေ့မည့် ဒုရဲမှူးဝင်းနိုင်၊ ရန်ကုန်မြို့သို့ ပြောင်းရွှေ့မည့် ရဲအုပ် မိုးထက်နိုင်တို့က အပြန်ခရီးတွင် လမ်းကြုံလိုက်စီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြရာမှ လက်နက်ကိုင်တော်လှန်ရေးသို့ ကူးပြောင်းလာကြရာတွင် အခြားမြို့နယ်များနည်းတူ အိန္ဒိယနယ်စပ် တမူးမြို့လည်း ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ကလည်း တမူးမြို့မြောက်ဘက်ရှိ အုတ်ဖိုကန်ဘောင် ရဲဘက်အကျဉ်းစခန်းကို တမူး – PDF တပ်ရင်း ၁ က ဝင်ရောက်တိုက်ခိုက်ရာ ထောင်မှူးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ပြီး တပ်ရင်း (၃) မှလည်း တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်ဟု တပ်ရင်း ၃ မှ ဗိုလ်ဘမာန်က ပြောထားသည်။
ထိုသို့ တိုက်ခိုက်ခဲ့ပြီးနောက် ထိုနေ့မွန်းတည့်ချိန်ခန့်တွင် စစ်ကောင်စီတပ်က အကျဉ်းစခန်းနှင့် ၂ မိုင်ခန့် အကွာရှိ ဝက်ရှုကျေးရွာမှ ရွာသားများကို ရွာဘောလုံးကွင်းအတွင်း ခေါ်ယူစစ်ဆေးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ကြရာတွင် စစ်ကိုင်းတိုင်းသည် ချင်း၊ ကရင်၊ ကယားနှင့် အခြား တိုင်းနှင့် ပြည်နယ်များကဲ့သို့ပင် အားကောင်းလျက်ရှိသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)



