သတင်း

လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထပ်မံသေဆုံးသူများရှိ 

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့ (ဇန်နဝါရီ) ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ထပ်မံသေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နယ်မြေခံတပ်မဟာက သတင်းထုတ်ပြန်ထားသည်။

မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၇ နှင့် စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံ ခြေလျင်တပ်ရင်း ၂၀၇ တို့ ယမန်နေ့က တိုက်ပွဲဖြစ်ခဲ့ကြောင်း KNU ၏ တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။  

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး အချက် ၃၀ ထက်မနည်း ပစ်ခတ်သဖြင့် ဒေသခံများ၏ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲပြီးနောက် စစ်တပ်က လေးကေ့ကော်မြို့သစ်ရှိ နေအိမ်များကို လိုက်လံမွှေနှောက်ကာ စားစရာနှင့် တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားသည်ဟုလည်း အဆိုပါထုတ်ပြန်ချက်က ဆိုသည်။​

လေးကေ့ကော်မြို့သစ်တွင် လက်ရှိအချိန်ထိ တိုက်ပွဲများဆက်ဖြစ်နေသော်လည်း အသေးစိတ်အခြေအနေ မသိရသေးကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယနေ့ Myanmar Now ကို ပြောသည်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ လက်နက်ကြီးပစ်တာတွေကတော့ မကြားမိသေးဘူး။ ပစ်ရင်လဲ ပစ်မှာပေါ့လေ။ ရှေ့တန်းသတင်းဝင်မလာသေးဘူး” ဟု ၎င်းက ပြောသည်။

သို့သော် လေးကေ့ကော်ဒေသတိုက်ပွဲများအတွင်း နယ်မြေကျွမ်းကျင်မှုမရှိသည့် စစ်ကောင်စီဘက်မှ အကျအဆုံးများနေကြောင်း ပဒိုစောတောနီးက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားထားသည်။ 

“လွန်ခဲ့တဲ့တစ်ပတ်ကတည်းက သူတို့ (စစ်တပ်) ကျဆုံးနဲ့ ဒဏ်ရာရတာက ရာဂဏန်းကျော်သွားပြီလေ” ဟု KNU ၏ နိုင်ငံခြားရေးဌာန တာဝန်ခံလည်းဖြစ်သူ ပဒိုစောတောနီးက ပြောသည်။ 

မြန်မာ – ထိုင်းနယ်စပ်ရှိ လေးကေ့ကော်ဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၈၀ ခန့် သေဆုံးခဲ့ပြီး၊ လေးကေ့ကော်တွင် ၁၂ ဦး၊ မယ်ဝါးခီးတွင် ၃၅ ဦး၊ ပဟိကလော်တွင် ၅ ဦးနှင့် မဲထော်သလေးတွင် ၂၈ ဦး ဖြစ်ကြောင်း ထိုဒေသတိုက်ပွဲများတွင် KNU နှင့် PDF ဘက်မှ ပါဝင်တိုက်ခိုက်ပေးနေသူ CDM တပ်ကြပ်ကြီးတစ်ဦးက ဇန်နဝါရီ ၃ ရက်တွင် Myanmar Now ကို ပြောသည်။ 

စစ်ကောင်စီဘက်မှ သေဆုံးသူများတွင် တပ်ရင်းမှူးတစ်ဦးအပါအဝင် အရာရှိ ၈ ဦးခန့်ရှိပြီး တပ်ကြပ်အဆင့်၊ ဒုတပ်ကြပ်အဆင့်နှင့် တပ်သားအဆင့် မျိုးစုံပါဝင်ကြောင်းလည်း ၎င်းက ပြောသည်။ 

ထို့ပြင် စစ်ကောင်စီဘက်မှ တပ်ခွဲမှူးအရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်များနှင့်အတူ KNLA က ဒီဇင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။

စစ်ကောင်စီကမူ ​လေးကေ့ကော်မြို့သစ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၃၀ ရက်နောက်ပိုင်း သတင်းထုတ်ပြန်ခြင်း မရှိပေ။ 

ဒီဇင်ဘာလလယ်ပိုင်းမှစ၍ လေးကေ့ကော်ဒေသကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းများနှင့် လက်နက်ကြီးပစ်ကူအပြင် လေကြောင်းဖြင့်ပါ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 

လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသော CDM လှုပ်ရှားမှုတွင် ပါဝင်နေသူများနှင့် လွှတ်တော်အမတ်အချို့ကို စစ်ကောင်စီတပ်က အတင်းအကျပ်ဝင်ရောက်ဖမ်းဆီးရာမှ နှစ်ဖက်အချေအတင်ဖြစ်ကာ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီက လေကြောင်းဖြင့်ပါ အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသောကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သောင်းခွဲဝန်းကျင်ရှိပြီဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း KNU ၏ တပ်မဟာ ၅ နယ်မြေဖြစ်သော မူတြော်ခရိုင် (ဖာပွန်) အတွင်း၌လည်း စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး ယမန်နေ့တွင် စစ်တပ်က တိုက်လေယာဉ်သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဆေးပေးခန်းအပါအဝင် အဆောက်အအုံ ၅ လုံးထိခိုက်ပျက်စီးသည်ဟု KNU တာဝန်ရှိသူက ပြောသည်။ 

“သူတို့ပစ်တာ အဆောက်အအုံပဲ ထိတာ။ ညအချိန်မှာ ရွာထဲမှာ မနေကြဘူး။ လေယာဉ်ပျံ ခဏခဏလာဝဲလို့ ညဆို အပြင်မှာ နေကြတာ” ဟု တပ်မဟာ ၅ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက ယမန်နေ့တွင် Myanmar Now ကို ပြောသည်။ 

တပ်မဟာ ၅ နယ်မြေတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် တစ်နှစ်လုံး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၂၁၃၆ ပစ်ခတ်ခဲ့ပြီး၊ အရပ်သား ၁၂ ဦး သေဆုံးကာ ၄၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲပေါင်း ၂၀၀၀ ကျော် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ အရာရှိ ၂၂ ဦးအပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၁၃၀၀ ကျော် သေဆုံးကာ ၁၃၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး KNLA ဘက်မှ ၃၀ ဦး သေဆုံးကာ ၉၂ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button