
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာတွင် ဒီဇင်ဘာ ၂၄ ရက်က အစုလိုက် မီးရှို့ခံထားရသူများ ကြုံတွေ့ခဲ့ရသည့် အခြေအနေဆိုးကို ရင်ခွဲစစ်ဆေးခဲ့သည့် ဆရာဝန်နှင့် မိသားစုဝင်များက ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။
ဓာတ်ပုံနှင့် ဆေးစစ်ချက် မှတ်တမ်းများ၊ မီးရှို့ခံခဲ့ရသည့် နေရာမှ ရှာဖွေတွေ့ရှိသည့် အထောက်အထားများကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)တို့နှင့်အတူ ယနေ့ (ဒီဇင်ဘာ ၃ ရက်) အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ကြေညာလိုက်ခြင်းဖြစ်သည်။
ဖရူဆိုမြို့ အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ မိုဆိုကျေးရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်း တစ်နေရာတွင် ဒီဇင်ဘာ ၂၄ ရက်နေ့က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသူ ၄၉ ဦးအထိ ရှိနိုင်သည်ဟု အာဏာဖီဆန်ထားသည့်ရဲများနှင့် ဖွဲ့စည်းထားသည့် ကရင်နီပြည်နယ်ရဲဌာန ဒုတိယပြည်နယ်ရဲဌာနမှူး ဦးဘိုဘိုက ခန့်မှန်းသည်။
မီးလောင်ကျွမ်းထားသော်လည်း စစ်ဆေးနိုင်ခြေရှိသည့် ရုပ်အလောင်း ၃၁ လောင်းရှိကာ ကျား ၂၆ ဦး၊ မ ၅ ဦးဖြစ်သည်ဟု ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ကိုင်ကြည့်ရုံဖြင့် ကျိုးကြေသွားသည့် ခန္ဓာကိုယ်အပိုင်းအစများကို အလောင်းထည့်သည့် အိတ် ၃ အိတ်စာ ကောက်ယူရရှိသော်လည်း လူဦးရေမည်မျှ၏ ရုပ်ကြွင်းများဖြစ်မည်ကို မခန့်မှန်းနိုင်ကြောင်း ၎င်းက ပြောသည်။
စစ်ဆေးနိုင်ခဲ့သည့် ရုပ်အလောင်းများထဲတွင် အသက် ၁၂ နှစ်အောက် အမျိုးသမီးငယ် ၁ ဦး၊ အသက် ၁၆၊ ၁၇ ထက်မကြီးသည့် အမျိုးသား ၂ ဦးပါဝင်သည်ဟု ဦးဘိုဘိုက ပြောသည်။
အလောင်းများကို ရင်ခွဲစစ်ဆေးခဲ့သည့် ဆရာဝန်တစ်ဦးကလည်း ထိုအချက်ကို အတည်ပြုပြီး အမျိုးသမီးငယ်မှာ အသက် ၁၀ နှစ်အောက်မငယ် ၁၅ နှစ်ထက်မကြီးသူဖြစ်မည်ဟု ခန့်မှန်းသည်။
“ဒီ ၁၈ နှစ်အောက်အရွယ်ရှိတဲ့ ဒီလိုအမျိုးသမီးငယ်တစ်ယောက်က သူတို့ကို ပစ်ခတ်ပြီးလုပ်ဖို့ဆိုတာမျိုးက ဦးနှောက်ရှိမယ်ဆိုရင် စဉ်းစားလို့ရပါတယ်” ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် အဆိုပါဆရာဝန်က ပြောသည်။
“သူတို့ တမင်သက်သက်ကို ယုတ်မာပြီး လူမဆန်စွာဘဲ အပြစ်မဲ့တဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ပြီးတော့ သက်သေပစ္စည်းတွေကို ဖျောက်ဖို့အတွက် မီးရှို့ခဲ့တာပဲ”
ရင်ခွဲစစ်ဆေးခဲ့ရသည့်ထဲတွင် လက်နောက်ပြန်ကြိုးတုပ်၊ အဝတ်စ ပါးစပ်ထဲ ထိုးထည့်၊ ရင်ဘတ်၊ အဆုတ်တို့တွင် ထိုးသွင်းဒဏ်ရာရှိသည့် ရုပ်အလောင်းများပါဝင်သည်ဟု ထိုဆရာဝန်က အတည်ပြုသည်။
သို့သော် စစ်တပ်က ထိုနေရာ၌ လူသူတွေ့လျှင် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်နေသဖြင့် သုံးရက်ကြာချိန်မှ အလောင်းကောက်နိုင်ခဲ့ကြောင်း၊ အရှင်လတ်လတ်သတ်ဖြတ်ခံရမှု ဟုတ်မဟုတ် ဓာတ်ခွဲစစ်ဆေးရန် စီစဉ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့အတူ ရုပ်အလောင်းအချို့တွင် တွေ့ရသည့် ထိုးသွင်းဒဏ်ရာများမှာ သေနတ်ကြောင့် သို့မဟုတ် ချွန်ထက်သော လက်နက်ကြောင့် ဆိုသည်ကိုမူ အတိအကျမပြောနိုင်ဟု ထိုဆရာဝန်က ဆက်ပြောသည်။
“ကွယ်လွန်သွားကြတဲ့ ပြည်သူတွေဟာ အသက်ရှင်နေတုန်းက ဘယ်လောက်ကြုံတွေ့သွားခဲ့ရသလဲ ဆိုတာ သူတို့နေရာမှာ ဝင်ပြီးခံစားလို့ရတဲ့ပုံတွေ(အထောက်အထားတွေ)ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

လုံခြုံရေးအရ အမည်နှင့် ကိုယ်ရေးအချက်အလက်ကို ထုတ်ဖော်ပြောဆိုလိုခြင်းမရှိသည့် ထိုဆရာဝန်က “တစ်သက်နဲ့တစ်ကိုယ် လူမဆန်စွာ ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို အစုလိုက်အပြုံလိုက် မြင်တွေ့ရတဲ့နေ့”ဟု သတင်းစာရှင်းလင်းပွဲတွင် ရည်ညွှန်းပြောဆိုခဲ့သည်။
ထိုဖြစ်စဉ်အတွင်း ရုပ်အလောင်းများနှင့်အတူ ကုန်တင်ကား ၆ စီး၊ အိမ်သုံးကား ၂ စီး၊ ထော်လာဂျီ ၂ စီး၊ မော်တော်ဆိုင်ကယ် ၆ စီး မီးရှို့ခံခဲ့ရကြောင်း၊ အလောင်းအရေအတွက် ခွဲခြားရန်ခက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ဆီပီပါများ တင်ဆောင်လာသည့် ကုန်တင်ကား ၃ စီးကြားမှဖြစ်ကြောင်း ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲဌာနမှူး ဦးဘိုဘိုက ပြောသည်။
သေဆုံးသူစာရင်းတွင် Save the Children မှ ဝန်ထမ်း ၂ ဦး၊ နယ်ခြားစောင့်တပ်သား ၄ ဦး ပါဝင်သည်ဟု သူက ဆက်ပြောသည်။
စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးမှာ အခင်းဖြစ်သည့်နေ့ နံနက် ၁၁ နာရီဝန်းကျင်က ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်၍ သွားရောက်ညှိနှိုင်းသူများ ဖြစ်သည်။
ယနေ့သတင်းစာရှင်းလင်းပွဲတွင် သတ်ဖြတ်ခံခဲ့ရသူများ၏ မိသားစုဝင်အချို့လည်း ပါဝင်သည်။
မီးရှို့ခံရသည့် နေရာတွင် တွေ့ရသော ထော်လာဂျီမှာ ၎င်း၏ ခင်ပွန်း စီးနင်းသွားသည့် ယာဉ်ဖြစ်ကြောင်း မိုဆိုကျေးရွာနေ ဦးဘူးရယ်၏ ဇနီးက အတည်ပြုသည်။
ဦးဘူးရယ်မှာ ထိုနေ့က နံနက် ၇ နာရီကျော်တွင် ဝါးခုတ်ရန် ထွက်ခွာသွားရာမှ မိသားစုထံ ပြန်မရောက်နိုင်တော့ဟု ၎င်းက ငိုလျက်ပြောသည်။
“(မိုဆိုကျေးရွာအနီး ပစ်ခတ်မှုများဖြစ်ချိန်) အဲဒီအချိန်မှာ ကျွန်မတို့ကလည်း ကြောက်လန့်ပြီး ခွေးပြေးဝက်ပြေး ပြေးခဲ့ရတယ်” ဟု ဦးဘူးရယ်၏ ဇနီးက ပြောသည်။
“အခုကျန်ခဲ့တဲ့ မိသားစုလေးစုကလည်း ဒုက္ခတွေ တအားရောက်ခဲ့ရတယ်။ တငိုငို တရယ်ရယ် ထမင်းတွေ ဘာတွေ မစားနိုင်မသောက်နိုင်။ သားသမီးကလည်းငယ်တော့ ဒုက္ခမျိုးစုံ ခံစားနေရပါတယ်”
ဝါးခုတ်ရန် သွားရောက်စဉ်က ဓားသာ ယူဆောင်သွားသဖြင့် စစ်ကောင်စီက သတင်းထုတ်ပြန်သကဲ့သို့ ပြန်လည်ပစ်ခတ်ခြင်းမဟုတ်နိုင်ကြောင်း ဦးဘူးရယ်၏ဇနီးက ဆက်ပြောသည်။

စစ်ကောင်စီကမူ ထိုနေ့က ထိုနေရာတွင် မော်တော်ယာဉ် ၇ စီးက ရပ်ပေးရန် ငြင်းဆန်သဖြင့် ပစ်ခတ်ခဲ့ကြောင်း နေ့တွင်းချင်း သတင်းထုတ်ပြန်ထားသည်။ မီးရှို့သည်၊ အလောင်းဖျောက်သည် ဟူသော အချက်ကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြခြင်း မရှိပေ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ထိုဖြစ်ရပ်တွင် အမျိုးသမီးတစ်ဦးအပါအဝင် PDF ၂၅ ဦးသေဆုံးသည်ဟု BBC သတင်းဌာနကို ဒီဇင်ဘာလအတွင်းတွင် ပြောထားသည်။
မိသားစုဝင်များ၊ NUG ဝန်ကြီးများ၊ ကရင်နီပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတို့ကမူ သေဆုံးသူတို့မှာ ခရီးသွားများ၊ ဒေသခံများသာဖြစ်ကြောင်း၊ စစ်ကောင်စီပြောသကဲ့သို့ တားဆီးစဉ် မော်တော်ယာဉ်များ ရပ်မပေး၍ ပစ်ခတ်ခံရသည့် PDF များ မဟုတ်ကြောင်း တုံ့ပြန်သည်။
ခန္ဓာကိုယ်များ၊ မော်တော်ယာဉ်များကို တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း မီးရှို့ခြင်းမှာ စစ်ကောင်စီက သဲလွန်စမကျန်အောင် လုပ်ခဲ့ခြင်းသာဖြစ်သည်ဟု သုံးသပ်ရကြောင်း NUG ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တရားမျှတမှုရှာဖွေနိုင်ရေး အရေးယူပေးရန် ကွယ်လွန်သူတို့၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့ကြသလို ပြစ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံး (ICC)တွင် တရားစွဲရန် စီစဉ်မည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ (IIMM) ထံသို့လည်း အချက်အလက်များပေးပို့သွားမည်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ကတိပြုသည်။
“သေဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူများရဲ့ဘဝကို စာနာနားလည်ပါတယ်။ စာနာနားလည်ရုံတင်မကဘဲနဲ့ ကျူးလွန်သွားတဲ့ စစ်ကောင်စီအပါအဝင် အဓိကတာဝန်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်တွေကို တရားဥပဒေအရ ဖော်ဆောင်နိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထွက်ပေါ်လာသည့် အထောက်အထားများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)